၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် မြန်မာစစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမျိုးမျိုးကွဲပြားနေသော ခုခံတော်လှန်ရေး အင်အားစုများက ပြန်လည်တိုက်ခိုက်ကြသည်။ လွန်ခဲ့သောနှစ် နှောင်းပိုင်းမှစတင်ပြီး အတိုက်အခံများ အောင်မြင်ကာ သြဇာကြီးမားလာသည်။
ထိုင်းနယ်စပ်မှ အဓိကကျသည့် ကုန်သွယ်ရေးမြို့ မြဝတီကို ဧပြီလ ၁၁ ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းသည် အပြောင်းအလဲမှတ်နှင့် တူသည်။ စစ်ကောင်စီ မကြာမီ ကျဆုံးတော့မည်ဟု သုတေသီအချို့က ခန့်မှန်းသည်။ သို့သော် နောက် နှစ်ပတ်မျှ မပြည့်မီ မြဝတီသည် စစ်တပ်ထောက်ခံသော စစ်ဘုရင် စောချစ်သူ၏လက်သို့ ပြန်လည် ရောက်ရှိသွားသည်။ စစ်ကောင်စီကို ဖြုတ်ချရန် မည်သည်တို့ လိုသနည်း။
မြန်မာ၏ နယ်စပ်ဒေသများသည် အထူးသဖြင့် ထိခိုက်လွယ်ပုံရသည်။ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်နှင့်ကပ်လျက် ရှမ်းပြည်နယ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်ကပ်လျက် ချင်းပြည်နယ်မှ ပိုင်နက်များကို သိမ်းပိုက်ကြသည်။ (မြေပုံကို ကြည့်ပါ။)
အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) က ၎င်းတို့သည် လူဦးရေ ၁ သန်းနေထိုင်ရာ မြို့နယ် ၁၇ ခုအနက် အနည်းဆုံး ကိုးခုကို သိမ်းပိုက်ထားကြောင်း ကြေညာသောကြောင့် နိုင်ငံတွင် စစ်ကောင်စီက မထိန်းချုပ်နိုင်သည့် အကြီးမားဆုံးဒေသ ဖြစ်လာသည်။ တော်လှန်ရေး လှုပ်ရှားမှုကို ဦးဆောင်သည်ဟုပြောသည့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုအခါ တော်လှန်ရေးအင်အားစုများနှင့် NUG သည် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း ကြေညာသည်။
မြန်မာ၏နယ်စပ် တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှု အင်အားချိနဲ့လာသော်လည်း စစ်ကောင်စီသည် မြို့ကြီးများအပါအဝင် အဓိကျသည့် နေရာအများအပြားကို ထိန်းချုပ်ထားဆဲဖြစ်သည်။
မြန်မာ၏ နယ်စပ် တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှု အင်အားချိနဲ့လာသော်လည်း စစ်ကောင်စီသည် မြို့ကြီးများအပါအဝင် အဓိကျသည့် နေရာအများအပြားကို ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်ကောင်စီ၏ သွင်ပြင်လက္ခဏာ သုံးခုကြောင့် ၎င်းကို ခြေမှုန်းရန် အထူးသဖြင့် ခက်ခဲသေးသည်။ ပထမ သွင်ပြင်လက္ခဏာမှာ နယ်မြေထိန်းချုပ်နိုင်ရေး စိတ်ဖိစီးမှု ဖြစ်သည်။ “အကြောက်တရားက စစ်တပ်တခုလုံးမှာ ပျံ့နှံ့နေတယ်” ဟု စစ်တပ်တွင် နှစ်ပေါင်း ၂၀ လုပ်ကိုင်ပြီးနောက် တော်လှန်ရေးသို့ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးဟောင်း ဇင်ယော်က ပြောသည်။ စစ်သားများအတွက် နုတ်ထွက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ များသောအားဖြင့် နုတ်ထွက်ရန် နည်းလမ်းမှာ အသေထွက်သာ ဖြစ်သည်။
အဆင့်မြင့်အရာရှိများ၏ ဆွေမျိုးများအတွက် ခြွင်းချက်မှာ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး ဌာနများသို့ လွှဲပြောင်း တာဝန်ပေးခံရရေးသာ ဖြစ်သည်။ စစ်စခန်းများတွင် နေထိုင်ကြရသည့် စစ်သားများ၏ မိသားစုများသည် လက်တွေ့တွင် ရှေ့တန်းစစ်သားများ ဘက်ပြောင်းသည်ဟု ယူဆပါက ဓားစာခံလုပ်ခံရရန်သာ ဖြစ်သည်။ စစ်တပ်သည် အရပ်သားများကို စောင့်ကြည့်ရန် အွန်လိုင်း စောင့်ကြည့်ထောက်လှမ်းရေး၊ ဖုန်းကြားဖြတ် နားထောင်ခြင်း၊ သတင်းပေးများနှင့် အရပ်ဝတ်ရဲများကို မှီခိုနေရသည်။
ဒုတိယ သွင်ပြင်လက္ခဏာမှာ လက်နက်ကိုင်တပ်များကို သီးခြားခွဲထားခြင်း ဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် စစ်တပ်သည် နိုင်ငံတွင် လူမှုစီးပွားဘဝ ပြောင်းလဲရေးနှင့် အာမခံချက် ရှိသော ဘဝလမ်းကြောင်းပေးနိုင်သည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်။ ထိုအချက်ကပင် စစ်တပ်၏ ညီညွတ်မှုနှင့် တည်ငြိမ်မှုသည် အများအပြားအတွက် ဆွဲဆောင်မှုဖြစ်သည်။ စစ်တပ်တွင် ၎င်းတို့ သီးခြားပိုင် သတင်းဌာနများ၊ ဘဏ်များ၊ ကျောင်းများနှင့် ဆေးရုံများလည်း ရှိသည်။
“စစ်တပ်က နိုင်ငံတော်ထဲက နိုင်ငံတော်တခု ဖြစ်နေတယ်” ဟု ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေးဗစ် စတိန်းဘတ်က ပြောသည်။ “သူတို့ပေးတဲ့ ဝန်ဆောင်မှုတွေအားလုံးက စစ်သားတွေနဲ့ သူတို့မိသားစုတွေကို ကျန်လူ့အဖွဲ့အစည်းကနေ ခွဲခြားထားဖို့ဖြစ်တယ်” ဟု ပြောသည်။
“စစ်တပ်က နိုင်ငံတော်ထဲက နိုင်ငံတော်တခု ဖြစ်နေတယ်” ဟု ဝါရှင်တန်ရှိ ဂျော့တောင်းတက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေးဗစ် စတိန်းဘတ်က ပြောသည်။ “သူတို့ပေးတဲ့ ဝန်ဆောင်မှုတွေအားလုံးက စစ်သားတွေနဲ့ သူတို့မိသားစုတွေကို ကျန်လူ့အဖွဲ့အစည်းကနေ ခွဲခြားထားဖို့ဖြစ်တယ်” ဟု ပြောသည်။
ထိုသို့ သီးခြားတည်ရှိခြင်းသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ တံခါးဖွင့်လာပြီး စစ်အုပ်စုကို အရပ်သားအုပ်ချုပ်ရေးနှင့် အစားထိုးသောအခါ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသည်။ မြန်မာပြည်သူများသည် အင်တာနက်မှတဆင့် ကမ္ဘာနှင့်ဆက်သွယ်နိုင်ကြသည်။ သို့သော် စစ်အုပ်စုသည် အစိုးရအပေါ် ချုပ်ကိုင်ခွင့်ပေးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှတဆင့် အာဏာကို ထိန်းချုပ်ထားပြီး အဓိကကျသည့် ဝန်ကြီးဌာနများကို ထိန်းချုပ်ကာ လွှတ်တော်ကိုယ်စားလှယ်နေရာ လေးပုံတပုံကို ယူထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို တဖက်သတ် ပယ်ချခွင့် ရှိသည်။
အတိုက်အခံများအပေါ် စစ်ကောင်စီ၏ တတိယ အားသာချက်မှာ အများအားဖြင့် ယှဉ်လျှင် ပိုမိုချမ်းသာ ကြွယ်ဝခြင်း ဖြစ်သည်။ စစ်တပ်၏ အသုံးစရိတ် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံသည် ၂၀၂၃ ခုနှစ်တွင် အစိုးရ အသုံးစရိတ်၏ လေးပုံတပုံ ရှိသည်။ အာဏာသိမ်းပြီးနောက် ထိုချမ်းသာကြွယ်ဝမှုသည် အများအားဖြင့် တရုတ်နှင့် ရုရှားမှ လက်နက်တင်သွင်းနိုင်စေကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။
“စစ်ကောင်စီမှာ ကျနော်တို့ထက် ပိုမိုကောင်းမွန် များပြားတဲ့ လက်နက်တွေရှိတယ်” ဟု လွန်ခဲ့သောလက မြဝတီကို သိမ်းပိုက်ပြီး ပြန်လည် လက်လွှတ်လိုက်ရသည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ စောမြက ပြောသည်။
စစ်ကောင်စီသည် မြန်မာတွင် အဓိကကျသည့် လုပ်ငန်းစုများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကိုလည်း ပိုင်ဆိုင်သည်။ MEHL နှင့် MEC သည် အာဏာကို ဆက်လက်ထိန်းသိမ်းရန် (စစ်တပ်က) အသုံးပြုသည့် သိမ်မွေ့သော ကိုယ်ကျိုးစီးပွားစနစ်၏ အဓိက အစိတ်အပိုင်း ဖြစ်သည်ဟု ၂၀၀၉ ခုနှစ် အမေရိကန် သံတမန်ကြေးနန်းတခုတွင် ဖော်ပြထားသည်။ တချိန်တည်းတွင် ဒေသဆိုင်ရာ စစ်တိုင်းမှူးများသည် တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်း စသည့် ကိစ္စများတွင် ဒေသခံ စီးပွားရေးသမားများနှင့် စီးပွားရေး သဘောတူညီချက်များ ပြုလုပ်ကြသည်။
သို့တိုင် စစ်ကောင်စီသည် ယခင်ကလောက် အာဏာ မကြီးမားတော့ပေ။ မကြာသေးမီ နှစ်များအတွင်း လူငယ်များသည် စစ်တပ်သို့ ဝင်ရောက်ရန် ငြင်းဆန်ကြသည်။ အရေအတွက် ထူးထူးခြားခြား မများသော်လည်း အချို့စစ်သားများသည် ဘက်ပြောင်းကြသည်။
သို့တိုင် စစ်ကောင်စီသည် ယခင်ကလောက် အာဏာ မကြီးမားတော့ပေ။ မကြာသေးမီ နှစ်များအတွင်း လူငယ်များသည် စစ်တပ်သို့ ဝင်ရောက်ရန် ငြင်းဆန်ကြသည်။ အရေအတွက် ထူးထူးခြားခြား မများသော်လည်း အချို့စစ်သားများသည် ဘက်ပြောင်းကြသည်။ အခြား စစ်သားများ သေဆုံးကြသည်။
လက်ရှိအချိန်တွင် စစ်တပ် အင်အား ၁၃၀,၀၀၀ ရှိသည်ဟု ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ ကိုရဲမျိုးဟိန်းက ခန့်မှန်းသည်။
ဖေဖော်ဝါရီလတွင် စစ်ကောင်စီက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ကြေညာသည်။ ထိုသို့လုပ်ခြင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု ဝေဖန်သည့် တပ်တွင်းအုပ်စုများကြောင့် တစိတ်တပိုင်းအားဖြင့် ဖြစ်သည်ဟု အခြားသုတေသနအဖွဲ့ဖြစ်သည့် နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) မှ သောမတ် ကိန်းက ပြောသည်။
အမျိုးသားများ စစ်မှုထမ်းခြင်းမှ ရှောင်ရှားခြင်းကို တားဆီးရန် အမျိုးသားများ ပြည်ပတွင် သွားရောက်လုပ်ကိုင်ခြင်းကို ပိတ်ပင်သည်။ လူ ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိကို အတင်းအကျပ် စစ်သားစုဆောင်းပြီး ဖြစ်သည်။
အချို့က နေပြည်တော်တွင် ခေါင်းဆောင်မှု အပြောင်းအလဲကို မျှော်လင့်ကြသည်။ သို့သော် မင်းအောင်လှိုင်ကို ဖယ်ရှားရန် နည်းလမ်းရှိသည်ဆိုလျှင် သူ့ကို တစုံတဦးဖြင့် အစားထိုးခြင်း၏ အန္တရာယ်သည် ပိုမို ရက်စက်ကြမ်းကြုတ်မည် ဖြစ်သည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များကို ယခုနှစ် မကုန်မီ လက်လွှတ်ဆုံးရှုံးမည်ဆိုသည့် ခန့်မှန်းချက် ကြီးထွားလာနေသည်။ ထိုအခြေအနေသည် စစ်တပ်၏ ပိုမိုမျှော်လင့်ချက်ကင်းမဲ့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်စေနိုင်သည်ဟု KNLA မှ စောမြက ပြောသည်။
သို့သော် အမေရိကန် ထောက်လှမ်းရေး နှစ်စဉ် အကဲဖြတ်ချက် ၂၀၂၃ အရ စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ပဋိပက္ခကို သေရေးရှင်ရေး ကိစ္စအဖြစ် ပိုမိုရှုမြင်လာပြီး အပေးအယူစေ့စပ်ညှိနှိုင်းရေး မဖြစ်နိုင်ကြောင်း သိရသည်။
(The Economist ပါ The military dictatorship controls less than 50% of Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနိုင်ငံကို စစ်ကောင်စီ ဘယ်လောက် တကယ် ထိန်းချုပ်နိုင်သလဲ
နိုင်ငံကို စစ်ကောင်စီ မထိန်းချုပ်နိုင်ကြောင်း အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်းက ပြသ
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ
စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ