သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။ ရှမ်းမြောက်တွင်သာမက ရခိုင်တွင်ပါ စခန်းများ ရာပေါင်းများစွာ စွန့်လွှတ်ခဲ့ရပြီးနောက် မြို့များစွာ၊ နယ်မြေများစွာ လက်လွှတ်ခဲ့ရ၏။
ထို့ပြင် တပ်ရင်း၊ တပ်မများ တပ်လုံးပြုတ်ပြီး သေကြေ၊ ဖမ်းခံရသည့်အပြင် ထောင်ပေါင်းများစွာ လက်နက်ချခဲ့ကြသည်။ ထို့အတူ ချင်းတွင်လည်း စခန်းများ၊ မြို့များစွာ လက်လွှတ်ခဲ့ရသကဲ့သို့ ကရင်နီပြည်နယ်တွင်လည်း နန့်မယ်ခုံ၊ မော်ချီးတို့ကိုသာမက နန့်ပွန်ချောင်း အရှေ့ဘက်ခြမ်း တခုလုံးရှိ ရှားတော၊ မယ်စဲ့၊ ရွာသစ် နယ်မြေအားလုံး လက်လွှတ်ခဲ့ရပြီဖြစ်၏။ ချင်းနှင့် ကရင်နီနယ်မြေအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား၏။
ကချင်တွင်လည်း မန်ဝိန်းကြီး၊ ကိုက်ထိပ်ဒေသစခန်းများ လက်လွှတ်ခဲ့ရပြီး ဗန်းမော်မြို့အား ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ ဖားကန့်ဒေသရှိ တပ်မ ၃၃ ကိုလည်း ပတ်လည်မှ ဝိုင်းရံပိတ်ဆို့ထားပြီး မြစ်ကြီးနား တဖက်ကမ်းရှိ ဝိုင်းမော်ဒေသကို ခြိမ်းခြောက်နေပြီဖြစ်၏။ ကရင်တွင်လည်း စစ်တောင်မြစ်ရိုးတလျှောက်၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီကားလမ်း၊ မုဒုံ၊ ရေး၊ ထားဝယ်ကားလမ်းတို့အား ကရင်အင်အားစုများက ထိန်းချုပ်ထား၏။ ထို့ပြင် ကရင် နယ်ခြားစောင့်တပ် BGF များက စစ်ကောင်စီ၏ ထိန်းချုပ်မှုကို လက်မခံသဖြင့် စစ်တပ်သည် ကရင်ပြည်နယ်၌ အားကိုးအားထားရာ လက်မောင်းတဖက် ပြုတ်သွားပြီဖြစ်၏။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်တပ် အာဏာသိမ်းပြီးကတည်းက ပုန်ကန်နေသကဲ့သို့ ၂၀၂၄ နှစ်ဆန်းတွင်လည်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဦးစွာ စစ်ကောင်စီကို တိုက်ခိုက်ပြီး ဆီဆိုင်မြို့နှင့် ခမရ ၄၂၄ ကို သိမ်းပိုက်ကာ စစ်ကောင်စီ၏ ထိုးစစ်ကို ကြံ့ကြံ့ခံနေသည်မှာ တလနီးပါးရှိပြီ ဖြစ်၏။ ထို့အတူ NCA ထိုးထားသည့် မွန်ပြည်သစ်မှ အထွေထွေအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်ခေါင်းဆောင်သည့် မွန်ပြည်သစ်ပါတီမှ တပ်အများစုသည် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်မည်ဟု ကြေညာခဲ့၏။
PDF တပ်ဖွဲ့များ သိမ်းပိုက်သည့်မြို့များမှာ လေးမြို့ခန့်သာ ရှိသေးသည်။ PDF များသည် အနှံ့အပြား ပြောက်ကျား ဖြန့်ကြက်လှုပ်ရှားနိုင်သော်လည်း အင်အားစုစည်း တိုက်ခိုက်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသေးသည်။
PDF များနှင့် ပြည်မတော်လှန်ရေး အင်အားစုများက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွဲ၍ဖြစ်စေ၊ သီးခြားဖြစ်စေ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရှမ်းမြောက်၊ မန္တလေး၊ ကရင်နီ၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်တို့တွင် ဖြန့်ခွဲလှုပ်ရှားနေ၏။ PDF တပ်ဖွဲ့များ သိမ်းပိုက်သည့်မြို့များမှာ လေးမြို့ခန့်သာ ရှိသေးသည်။ PDF များသည် အနှံ့အပြား ပြောက်ကျား ဖြန့်ကြက်လှုပ်ရှားနိုင်သော်လည်း အင်အားစုစည်း တိုက်ခိုက်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသေးသည်။
စစ်ကောင်စီ၏ စစ်ရေးအရ တုံ့ပြန်မှု
တပ်များ ဖွဲ့စည်းပုံပျက်ပြီး တပ်အင်အားလျော့ကျမှုကို တုံ့ပြန်ရန် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းသည်။ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် စစ်ကောင်စီ ပြောခွင့်ရသူက ဧပြီလကုန်ပိုင်းမှစ၍ တလလျှင် ၅,၀၀၀ နှုန်းဖြင့် စစ်သားစုဆောင်းမည် ဆိုသော်လည်း စနစ်တကျ စစ်သားစုဆောင်းရန်ပင် အချိန်ရပုံမရဘဲ နိုင်ငံအနှံ့ လူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရှိနေရ၏။ အနုနည်းရော၊ အကြမ်းနည်းပါသုံး၍ စစ်အင်အား ဖြည့်တင်းသွားမည်ကို ဖော်ပြနေ၏။
နောက်တချက်အနေဖြင့် စစ်ရေးတုံ့ပြန်မှုတခုမှာ ကောလင်းကို အင်အားအလုံးအရင်းစု၍ ပြန်လည် ထိုးစစ်ဆင်ခြင်း ဖြစ်၏။ ဤအချက်မှာ ထူးခြားသည့်အချက် ဖြစ်၏။ ရှမ်းမြောက်တွင် အပစ်ရပ်ထားရ၍ စစ်အင်အား မလိုအပ်ဟု ဆိုနိုင်သော်လည်း ရခိုင်တွင် စခန်းတခုပြီးတခုကျ၊ တပ်ရင်းတခုပြီးတခု ပြုတ်ပြီး မြို့တခုပြီးတခုကျနေ၏။
စစ်တွေမြို့တွင်းသို့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များ ကားဖြင့် အလုံးအရင်း ဝင်လာမည်စိုး၍ စစ်တွေအဝင် မင်းချောင်းတံတားကို စစ်တပ်က ဖျက်ဆီးထား၏။ ရခိုင်တောင်ပိုင်းကို AA တပ်ဖွဲ့များ ထိုးဆင်းလာမည်စိုး၍ မအီ၊ တောင်ကုတ်တံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးထား၏။ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ အမ်း၊ မအီဒေသတွင် စခန်းတခုပြီးတခု လက်လွှတ်နေရ၏။ ရမ်းဗြဲကျွန်းပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေ၏။ စစ်တွေ၊ အမ်း၊ တောင်ကုတ်မြို့များ ဝိုင်းပတ်ခံထားရပြီး မကြာမီ လက်လွှတ်ရမည့်အခြေအနေရှိ၏။
ကရင်နီတွင်လည်း နန့်ပွန်ချောင်း အရှေ့ဘက်ခြမ်းရှိ မယ်စဲ့၊ ရွာသစ်တို့ ကျပြီးနောက် လတ်တလောတွင် ရှားတောမြို့နယ်ပါ လက်လွှတ်ခဲ့ရ၏။ ကျန်သည့် ကချင်၊ ကရင်၊ ချင်း စသည့်ဒေသများတွင်လည်း စစ်ရေးအရ အသည်းအသန် အခြေအနေတွင် ရှိပြီး စခန်းများ၊ နယ်မြေများ လက်လွှတ်ဆုံးရှုံးမှု များနေသည့်အပြင် ဆက်လက် ဆုံးရှုံးရန်လည်း သေချာသလောက် ဖြစ်နေ၏။ ထို့ပြင် ရှမ်းမြောက်နှင့် ရခိုင်တွင် မြို့အများအပြား စွန့်လွှတ်ထားရ၏။
ဘာကြောင့် ကောလင်းကို ဦးတည်သနည်း
ဤသို့အခြေအနေအောက်တွင် ရခိုင်၊ ကရင်နီစသည့် တိုင်းရင်းသားဒေသများတွင် စစ်ကူလိုနေသည်။ ရခိုင်၏ ပြည်နယ်မြို့တော် စစ်တွေ၊ ကရင်နီ၏ ပြည်နယ်မြို့တော် လွိုင်ကော်တို့ ကျဆုံးနိုင်သည်အထိ ခြိမ်းခြောက်ခံနေရပြီး တိုင်းရင်းသားပြည်နယ်များတွင် မြို့အများအပြား လက်လွှတ်ခဲ့ရသော်လည်း ထိုဒေသများသို့ စစ်ကူစေလွှတ်ခြင်း မရှိခဲ့သကဲ့သို့ ထိုပြည်နယ်များရှိ မြို့များအားလည်း ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
သို့သော် ကောလင်းကို တိုက်ရန် အင်အား ၈၀၀ မှ ၁,၀၀၀ ကြား စုစည်းစေလွှတ်ခဲ့သည်ကို တွေ့ရ၏။ ဤသို့ ကောလင်းကို ပြန်လည်တိုက်ခိုက်ရန် အင်အားစုစည်းခြင်းသည် စစ်ရေးရည်ရွယ်ချက်သက်သက် ဟုတ်ပါ၏လော။
ကောလင်းနှင့် စစ်ကိုင်းတိုင်းကို ရသမျှ အင်အား စုစည်း ထိုးစစ်ဆင်နေခြင်းမှာ စစ်ရေးရည်ရွယ်ချက်ထက် နိုင်ငံရေးရည်ရွယ်ချက်က ပိုပုံရသည်။
စစ်ကောင်စီသည် PDF များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပါတ်၊ ရွှေပြည်အေးမြို့တို့ကို ပြန်လည် ထိုးစစ်ခဲ့သော်လည်း အင်အား ၂၀၀၊ ၃၀၀ ခန့်သာ အသုံးပြုခဲ့သဖြင့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသဖြင့် ကောလင်းအား အင်အား ၈၀၀ မှ ၁,၀၀၀ ခန့်အထိ စုစည်း ထိုးစစ်ဆင်ခဲ့သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ကောလင်းနှင့် စစ်ကိုင်းတိုင်းကို ရသမျှ အင်အား စုစည်း ထိုးစစ်ဆင်နေခြင်းမှာ စစ်ရေးရည်ရွယ်ချက်ထက် နိုင်ငံရေးရည်ရွယ်ချက်က ပိုပုံရသည်။
ကောလင်းကို ၁၅ ရက်ခန့် ထိုးစစ်ဆင်ပြီးနောက် မြို့ကို ထိန်းချုပ်နိုင်ပြီ ဆိုသော်လည်း ကောလင်းတနယ်လုံးကို ရှင်းရှင်းလင်းလင်း ထိန်းချုပ်နိုင်ရန် မလွယ်ကူပေ။ ထို့အတူ စစ်ကိုင်းတိုင်းတခုလုံးကို ထိန်းချုပ်နိုင်ရန် ပို၍ မလွယ်ကူပေ၊၊ စစ်ကောင်စီက ကောလင်းအား ထိုးစစ်ဆင်သည့်အချိန်တွင် PDF များက မင်းကင်းအား ဝိုင်းပတ်ထိန်းချုပ်ရန် ကြိုးစားနေသကဲ့သို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ကောလင်းကို သိမ်းပိုက်ရန် စစ်အင်အားစုစည်းခြင်းသည် ပြည်မဒေသ အထူးသဖြင့် စစ်ကိုင်းတိုင်းရှိ PDF များ ခေါင်းထောင်ထလာခြင်းအား ဦးနှိမ်နိုင်သည်ဟု နိုင်ငံရေးအရ ဝါဒဖြန့် အမြတ်ထုတ်နိုင်ရန် ကြိုးစားမှုတခုသာ ဖြစ်သည်။ ထို့ပြင် မလွှဲမရှောင်သာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF များနှင့် ဆွေးနွေးရလျှင် အပေါ်စီးက ဆွေးနွေးနိုင်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်ပုံရ၏။
အချိန်လိုနေသော စစ်ကောင်စီ
စစ်ကောင်စီသည် အာဏာသိမ်းပြီးသည်ကစပြီး စစ်တပ်ကို အသုံးပြုလာခဲ့သည်မှာ တောက်လျှောက်ဖြစ်ကာ တပ်ပမ်းခြင်း၊ အထိနာခြင်း၊ ဖွဲ့စည်းပုံပျက်ခြင်း၊ တပ်တခုလုံး ပျက်ခြင်းတို့ကို တပ်ရင်းလိုက်၊ ဗျူဟာလိုက်၊ တပ်မလိုက် ကြုံနေရသည့်တပ် ဖြစ်၏။ ယခုအခါ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး စစ်သားသစ်စုဆောင်းခြင်းကို အဓမ္မပြုလုပ်လာသော်လည်း စစ်သားသစ်များကို ပုံမှန်အတိုင်း ခြောက်လ လေ့ကျင့်ခြင်း မပြုနိုင်ဘဲ သုံးလသာ လေ့ကျင့်မည်ဟုဆိုသည်ကို တွေ့ရ၏။ ထို့ပြင် ဖွဲ့စည်းပုံပျက်နေသော တပ်ရင်း၊ တပ်ဖွဲ့များကို တပ်သားသစ်များ ဖြည့်တင်းရန် သက်သက်ဖြင့် မလုံလောက်ဘဲ ပြန်လည်ဖွဲ့စည်းရန် အချိန်လိုနေသည်။
အချိန်ယူ၍ ဖွဲ့စည်းထားခဲ့သည့် တပ်ရင်းတပ်မများပင် တပ်လုံးပြုတ်နေသည့်ကာလတွင် သုံးလသာ သင်တန်းပေးထားသည့် တပ်သားသစ်များကို စစ်မြေပြင်ပို့ပါက ခဏတွင်း ပြိုကွဲသွားမည်သာဖြစ်၏။ လက်တွေ့တွင် တွေ့မြင်နေရသည်မှာလည်း ပအိုဝ်းဒေသ၌ PNO ပြည်သူ့စစ်များအား အမြန်စုစည်းပြီး လက်နက်များစွာ တပ်ဆင်ပေးနေသော်လည်း ဆီဆိုင်မြို့ကို သိမ်းထားသည့် PNLO နှင့် သူ၏ မဟာမိတ်များကို ယှဉ်နိုင်ခြင်း မရှိပေ။
သို့ဖြစ်ရာ တပ်သားသစ်များကို အတင်းစု၍ ရှေ့တန်းပို့ပါက သေတွင်းထဲ ပို့ရာသာရောက်ပြီး အောင်မြင်မှုရမည် မဟုတ်ပေ။
လက်ရှိကာလတွင် တရုတ်အစိုးရက မြောက်ပိုင်းအဖွဲ့များနှင့် စစ်တပ်ကြား အပစ်အခတ်ရပ်ရေးကို ဖိအားပေး ဆောင်ရွက်နေသည်။ မြန်မာပြည် အပစ်အခတ်ရပ်စဲရေးတွင် တရုတ်တို့ ထဲထဲဝင်ဝင် ပါဝင်နေ၏။ သို့သော် အာဆီယံ၏ မူ ၅ ချက်အရရော၊ လက်တွေ့မြေပြင် အချက်အလက်အရပါ အားလုံး မပါဝင်ဘဲ ဆွေးနွေးဖြေရှင်းမှု မအောင်မြင်နိုင်ပေ။ အထူးသဖြင့် မြန်မာ့အရေး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖြေရှင်းမည်ဆိုပါက NUG နှင့် PDF မပါဝင်၍ မဖြစ်ပေ။
CRPH, NUG, PDF တို့ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် စစ်ကောင်စီသည် ဆွေးနွေးဖြေရှင်းမည်ဟုဆိုလျှင် NUG ကို ပစ်ပယ်ထား၍ မရပေ။ ဤအချက်ကို တရုတ်တို့ သိသကဲ့သို့ အာဆီယံလည်း သိသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ NUG, PDF တို့ကို အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် စစ်ကောင်စီသည် ဆွေးနွေးဖြေရှင်းမည်ဟုဆိုလျှင် NUG ကို ပစ်ပယ်ထား၍ မရပေ။ ဤအချက်ကို တရုတ်တို့ သိသကဲ့သို့ အာဆီယံလည်း သိသည်။ အနောက်နိုင်ငံများလည်း သဘောပေါက်ကြ၏။ ပြဿနာမှာ ဤအချက်ကို စစ်ကောင်စီ လက်မခံဘဲ ပယ်ချထားခြင်းဖြစ်၏။ သို့သော် စစ်တပ်အထိနာနေပြီး စစ်တပ် ပြန်လည်ဖွဲ့စည်းရန် အချိန် လိုအပ်နေချိန်တွင် စစ်ကောင်စီသည် အချိန်ဆွဲနိုင်ရန်အတွက် ဆွေးနွေးပွဲစကားဝိုင်းကို အသုံးချလာနိုင်သည်။
ထိုင်းအစိုးရသစ် ခြေလှမ်း
၂၀၂၃ ခုနှစ်အကုန် ၂၀၂၄ နှစ်ဆန်းတွင် ထိုင်းအစိုးရသစ်သည် မြန်မာ့အရေးကို တက်ကြွစွာ လှုပ်ရှားလာသည်ကို တွေ့ရ၏။ မြန်မာဒုက္ခသည်များ ကူညီရေးအစီအစဉ်တခု ရေးဆွဲတင်ပြ စီစဉ်လာသည့်အပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်ကြား ညှိနှိုင်းမှုများ ပြုလုပ်လာသည်ကို တွေ့ရ၏။ ထို့ပြင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ပြုလုပ်လာသည်ကို တွေ့ရ၏။
မြန်မာပြည်စစ်ပွဲ အရှိန်မြင့်လာသည်နှင့် မြန်မာပြည် မတည်မငြိမ်ဖြစ်မှု ဖြစ်ပွားခြင်း၏ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုကို ထိုင်းနိုင်ငံက အခြားနိုင်ငံများထက် ပို၍ ခံရမည်ဖြစ်ရာ ထိုင်းနိုင်ငံ လှုပ်ရှားလာသည်မှာ သဘာဝကျပေသည်။ ဒုက္ခသည် ကူညီထောက်ပံ့ခြင်းနှင့်အတူ မြန်မာပြည်တွင်း အားလုံးပါဝင်သော ဆွေးနွေးပွဲတခုကို ၂၀၂၄ ခုနှစ် နှစ်လယ်တွင် ကျင်းပနိုင်ရန် ရည်ရွယ်သည်ဟု ဆိုလာသည်။ ထိုင်းနှင့် အာဆီယံဥက္ကဋ္ဌတာဝန် ယူထားသော လာအိုတို့သည် စစ်ကောင်စီကို ထိတွေ့ဆက်ဆံသကဲ့သို့ NUG နှင့်ပါ ထိတွေ့ဆက်ဆံလာသည်ကို တွေ့ရ၏။
စစ်ကောင်စီ ဘာလုပ်လာနိုင်သလဲ
NUG နှင့် PDF တို့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီသည် NUG နှင့် ဆွေးနွေးရေးကို လက်ခံပါမည်လောဟုဆိုပါက သူ့အတွက် အကျိုးရှိပါက လက်ခံနိုင်သည်ဟု ဆိုရမည်။ သို့သော် လက်ခံမည်ဆိုသည်က ငြိမ်းချမ်းရေးရမည်ဆိုသည့် အဓိပ္ပာယ်တော့ မထွက်ပေ။ စစ်ကောင်စီသည် သူ့အာဏာတည်မြဲရေးအတွက် အကျိုးရှိလျှင် ဘာမဆို လုပ်ရဲသည်ဆိုသည်ကို သတိပြုရန်လို၏၊၊
စစ်ကောင်စီသည် တလျှောက်လုံး လက်နက်အပ်ရမည်၊ လက်နက်ချရမည်ဟု ဆိုခဲ့သည့်အပြင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသော AA အား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ရုတ်တရက် အပစ်ရပ်ခဲ့၏။ အကြမ်းဖက်အဖွဲ့ဟု ကြေညာထားစဉ်မှာပင် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အပစ်ရပ်ခဲ့သည်။ အကြောင်းမှာ စစ်တပ်အာဏာသိမ်းရန် ပြင်ဆင်နေချိန်တွင် စစ်မျက်နှာတခု လျှော့ချရန် ရည်ရွယ်ချက်နှင့် အပစ်ရပ်ခဲ့ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်၏။
စစ်တပ်သည် တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်များအား “ဘိန်းဓားပြ” ဟု ခေါ်ဆိုနေရာမှ တိုင်းရင်းသားခေါင်းဆောင်များဟု ချက်ချင်း ပြောင်းခေါ်နိုင်သည့် ဗလောင်းဗလဲနိုင်သူများ၊ မူမရှိသူများ၊ ဘာမဆိုလုပ်ရဲသူများ ဖြစ်သည်ကို သတိပြုရန်လို၏။
သို့ဖြစ်ရာ ယခုကဲ့သို့ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဖွဲ့စည်းရန် အချိန်လိုအပ်နေချိန်တွင် NUG နှင့် ဆွေးနွေးပြီး အချိန်ဆွဲရန် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ခွဲထုတ်၍ အပစ်ရပ်ရန်၊ ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ NUG ပါ ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတကာက တောင်းဆိုနေကြချိန်တွင် စစ်တပ်ပြင်ဆင်ဖွဲ့စည်းရန် အချိန်လိုအပ်မှုကြောင့် NUG အပါအဝင် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေးကို စစ်ကောင်စီ စဉ်းစားလာနိုင်၏။
၂၀၂၄ ခုနှစ် လာအို အာဆီယံ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦး စေလွှတ်ပြီး အာဆီယံမျက်နှာစာတွင် စစ်ကောင်စီက စတင်အလျှော့ပေးခဲ့သည်
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာမချင်း အာဆီယံဆွေးနွေးပွဲများသို့ စစ်ကောင်စီခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးကို တက်ခွင့်မပြုဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သော နိုင်ငံခြားရေးအဆင့်မြင့် အရာရှိတဦးသာ တက်ခွင့်ပြုထားသည်ကို စစ်ကောင်စီသည် တလျှောက်လုံး ဆန့်ကျင်ခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ် လာအို အာဆီယံ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦး စေလွှတ်ပြီး အာဆီယံမျက်နှာစာတွင် စစ်ကောင်စီက စတင်အလျှော့ပေးခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ စစ်ကောင်စီတပ် အထိနာနေပြီး ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်နေချိန်တွင် အချိန်ရရန်အတွက် နိုင်ငံတကာ တိုက်တွန်းမှုများနှင့်အတူ မလွှဲမရှောင်သာသည့် နောက်ဆုံးအချိန်တွင် NUG နှင့် ဆွေးနွေးပွဲ စကားဝိုင်းတွင် တွေ့ရန် သဘောတူလာနိုင်သည်ဟု သုံးသပ်ရ၏။ ဤအချက်သည် ဧကန်မုချ ဖြစ်လာမည်ဟု ပြော၍မရနိုင်သော်လည်း ထည့်သွင်းစဉ်းစားထားရမည့် စစ်ရေးအကျပ်အတည်းအတွင်း စစ်ကောင်စီ လုပ်လာနိုင်သည့်အချက် ဖြစ်၏။ ဤသို့ဖြစ်ပေါ်လာပါ ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အသာစီးရနိုင်ရန် NUG ထိန်းချုပ်နယ်မြေများရှိ အရေးပါသည့်မြို့များ ပြန်လည်သိမ်းပိုက်ခြင်းသည် စစ်ကောင်စီ၏ နိုင်ငံရေးရည်မှန်းချက် ဖြစ်နိုင်၏။
လက်နက်ကိုင်တော်လှန်ရေး ဖြစ်စဉ်တလျှောက်တွင် တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ မလွှဲမရှောင်သာ ကြုံတွေ့ရသည့် ပုံသဏ္ဍာန်တမျိုးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကမူ အတွေ့အကြုံရှိပြီး ဖြစ်၏။
အနီးခေတ်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ကိုယ့်အနေအထားကိုယ်အရ တုံ့ပြန်ပုံ အမျိုးမျိုးတွေ့ရ၏။
ပထမ တမျိုးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တုံ့ပြန်ပုံမျိုး ဖြစ်၏။ ၂၀၁၁ ခုနှစ် တကျော့ပြန် စစ်ပွဲဖြစ်ပြီးနောက် KIA သည် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သော်လည်း နိုင်ငံရေးသဘောတူညီချက် မရရှိဘဲ တရားဝင် အပစ်အခတ်ရပ်စဲခြင်း မပြုလုပ်ဟူသောမူဖြင့် ဆောင်ရွက်သည်ကို တွေ့ရ၏။
ဒုတိယတမျိုးမှာ ရက္ခိုင့်တပ်တော်ကဲ့သို့ ဖြစ်၏။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ်ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးမှု အဆင့်ကို မပြုလုပ်ခဲ့။ သို့သော် အပစ်ရပ်ထားသည့် သုံးနှစ်အတွင်း ဒေသ၊ တပ်တည်ဆောက်ရေးကို အာရုံစိုက် လုပ်ဆောင်ခြင်း၊ လက်နက်ခဲယမ်း ပြည့်စုံအောင် တပ်ဆင်ခြင်း၊ စုပုံခြင်းများ ပြုလုပ်ပြီး မိမိဘက်က ပြည့်စုံသည့်အခါ ထိုးစစ်ဆင်ခြင်းကို ပိုင်ပိုင်နိုင်နိုင် ပြုလုပ်ခဲ့၏။
တတိယတမျိုးမှာ UWSA, NDAA မိုင်းလားတို့ကဲ့သို့ ထိန်းချုပ်ဒေသ အခိုင်အမာရှိသော တပ်ဖွဲ့များသည် အပစ်ရပ်ထားသော ကာလတွင် မိမိအင်အားကို တည်ဆောက်ပြီး မိမိနယ်မြေကို ထိန်းသိမ်းထားခြင်း၊ နယ်မြေတိုးချဲ့ရန် အခွင့်အခါကောင်း စောင့်ဆိုင်းခြင်း ဖြစ်သည်။
စတုတ္ထတမျိုးမှာ ရှမ်းလက်နက်ကိုင် SSPP / RCSS ကဲ့သို့ တွေ့ဆုံဆွေးနွေးပြီး မိမိအင်အားကို ထိန်းသိမ်းထားသည့် အဖွဲ့များဖြစ်၏။ ထို့အဖွဲ့များသည် တဖက်က မိမိအင်အားကို ထိန်းသိမ်းပြီး အခွင့်အခါကောင်း စောင့်သည်ဟု ဆိုနိုင်သကဲ့သို့ တဖက်ကလည်း နိုင်ငံရေးရည်မှန်းချက် ပျောက်ပြီး ရပ်တည်နိုင်ရေးသက်သက် ကြိုးပမ်းသည့်လုပ်ရပ်ဟုလည်း ဆိုကြသည်။
သို့သော် PNLO ကဲ့သို့ NCA ထိုးထားပြီး ငြိမ်သက်နေခဲ့သော်လည်း အခွင့်အခါသင့်သောအခါ ပုန်ကန်တိုက်ခိုက်သည်လည်းရှိပေရာ တဖက်သတ် သုံးသပ်ရန်ခက်ခဲ၏။
ရှည်လျားသော မြန်မာပြည် ပြည်တွင်းစစ်တွင် စားပွဲဝိုင်းနိုင်ငံရေးသည် ပေါ်လာလေ့ရှိပြီး တိုက်လိုက်၊ ဆွေးနွေးလိုက် ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များက လက်နက်ကိုင်တိုက်ပွဲအတွင်း စားပွဲဝိုင်းအတွေ့အကြုံများကို ကောင်းစွာရှိကြ၏။ ရှည်ကြာလှပြီ ဖြစ်သည့် စားပွဲဝိုင်းမှ မည်သည့်ရလဒ်မှ မထွက်သော်လည်း စားပွဲဝိုင်းအား မရှောင်ကြ။
နိုင်ငံတကာဖိအားများလာပါက ရှောင်လွှဲလိုလျှင်ပင် ရှောင်လွှဲ၍မရသည်ကို ကောင်းစွာသိကြ၏။ သို့ဖြစ်ရာ မိမိအဖွဲ့အစည်းအတွက် အကျိုးရှိအောင် မည်သို့ အသုံးပြုမည်ကိုသာ အခြေအနေနှင့် ကိုက်ညီအောင် စဉ်စားလုပ်ကိုင်ကြ၏။
တိုင်းရင်းသားအဖွဲ့များနှင့် နှိုင်းစာလျှင် NUG နှင့် PDF သည် လက်နက်ကိုင် အတွေ့အကြုံရော၊ လက်နက်ကိုင် တိုက်ပွဲအတွင်းမှ စားပွဲဝိုင်းအတွေ့အကြုံပါ နည်းပါးသေး၏။ သို့ဖြစ်ရာ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွင် စစ်တပ်၏ လုပ်လာနိုင်သည့် နိုင်ငံရေးထွက်ပေါက် ရှာလာနိုင်မှု၊ အချိန်ဆွဲမှုတို့အား တုံ့ပြန်ရန် NUG နှင့် PDF များအနေဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။
တိုင်းရင်းသားအဖွဲ့များနှင့် နှိုင်းစာလျှင် NUG နှင့် PDF သည် လက်နက်ကိုင် အတွေ့အကြုံရော၊ လက်နက်ကိုင် တိုက်ပွဲအတွင်းမှ စားပွဲဝိုင်းအတွေ့အကြုံပါ နည်းပါးသေး၏။ သို့ဖြစ်ရာ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွင် စစ်တပ်၏ လုပ်လာနိုင်သည့် နိုင်ငံရေးထွက်ပေါက် ရှာလာနိုင်မှု၊ အချိန်ဆွဲမှုတို့အား တုံ့ပြန်ရန် NUG နှင့် PDF များအနေဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။
လက်ရှိ စစ်ကောင်စီခေါင်းဆောင်ပိုင်းများ အာဏာရယူထားနိုင်သရွေ့ မြန်မာ့နိုင်ငံရေးပြဿနာအား စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းရန် အလားအလာ မရှိသလောက် နည်းပါးသည်။ လက်ရှိ မြန်မာပြည်အခြေအနေတွင် စားပွဲဝိုင်းနိုင်ငံရေးဆိုသည်မှာ ကိုယ့်အတွက်အကျိုးရှိအောင် ကစားသည့် နိုင်ငံရေးကစားပွဲတခုထက် မပိုနိုင်ပေ။
သို့သော်လည်း စစ်ရေးအကျပ်အတည်း ဆိုက်နေသည့် စစ်ကောင်စီ လှမ်းလာနိုင်သော ခြေလှမ်းအား နိုင်ငံတကာ ဖိအားများအောက်တွင် ပါးနပ်လိမ္မာစွာ ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားရန်လို၏။ စစ်ကောင်စီအား စစ်မြေပြင်သာမက အခြားစစ်မျက်နှာများတွင်ပါ ရင်ဆိုင် အနိုင်ယူနိုင်ရန် လိုပါသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ
မြန်မာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲမှု အိမ်နီးချင်းများ ရွေးချယ်မှုသစ်များနှင့် ရင်ဆိုင်ရ
အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း
မြန်မာ့အာဏာသိမ်းမှု ၃ နှစ်အကြာ တရုတ်သာ အမြတ်ထွက်
ထိုင်း၏ လူသားချင်းစာနာမှု အကူအညီ အစီအစဉ် အလုပ်ဖြစ်မည်မဟုတ်
စစ်မှုထမ်းဥပဒေကို မည်သည့်အတွက် ယခုမှ အကောင်အထည် ထဖော်သနည်း