ဒေသခံ လူမှုအသိုက်အဝန်းများနှင့် စစ်ကောင်စီက အရပ်သားများကို စနစ်တကျ အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာနေရသူ ထောင်ပေါင်းများစွာအတွက် ထိုင်း-မြန်မာနယ်စပ်မှတဆင့် အစားအသောက်နှင့် ဆေးဝါးပေးရန် လူသားချင်းစာနာမှုစင်္ကြံဟုခေါ်သည့် ဘေးကင်းသော လူသားချင်းစာနာမှုဇုန် ဖန်တီးမည့် အစီအစဉ်တခုကို ထိုင်းနိုင်ငံက မကြာသေးမီက စတင်လိုက်သည်။
အရေးပေါ်လိုအပ်နေသည့် အရပ်သားများ၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ဒုက္ခသည်များကို အဟန့်အတားမရှိ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုရန်အတွက် နယ်စပ်များကိုဖွင့်ပေးရေး ထိုင်းအာဏာပိုင်များကိုသာမက အိန္ဒိယနှင့် တရုတ်အာဏာပိုင်များကိုပါ တောင်းဆိုခဲ့သည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ စစ်ကောင်စီက နိုင်ငံသားများကို စစ်ဆင်နေသည်မှာ သုံးနှစ်ကြာပြီး လူ ၂ ဒသမ ၆ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာရသူများဖြစ်နေကာ လူဦးရေ ၃ ပုံ ၁ ပုံသည် လူသားချင်းစာနာမှု အကူအညီ အလွန် လိုအပ်နေသော်လည်း လက်ရှိအချိန်အထိ မြန်မာ၏ မည်သည့်အိမ်နီးချင်းမှ လူသားချင်းစာနာမှု အကူအညီ စီးဆင်းမှု လွယ်ကူစေရန် တံခါးဖွင့်ပေးရေး အသင့်မရှိကြသေးပေ။
ထိုသို့ အသင့်မဖြစ်သည့်အပြင် အိမ်နီးချင်းများသည် စစ်ကောင်စီ၏ အမည်ဆိုးကျော်ကြားသော ဖြတ် ၄ ဖြတ်စနစ်ကို သွယ်ဝိုက်အကျိုးဆောင်နေကြသည်။ ဖြတ် ၄ ဖြတ်စနစ်သည် စစ်ကောင်စီ၏ အာဏာရှင် လူသတ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခုခံမှုအား မြန်မာစစ်ကောင်စီက မည်သို့စစ်ဆင်နေသည်ကို ဖော်ပြသည့် အဓိကအချက်ဖြစ်သည်။
စစ်ကောင်စီသည် ကျေးရွာများကို မီးရှို့ခြင်းနှင့် စားနပ်ရိက္ခာများကို ဖျက်ဆီးခြင်းဖြင့် ကြီးမားသော အကျပ်အတည်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေသည်။ ထို့နောက် စစ်ကောင်စီသည် အမြစ်လှန်ခံထားရသော ပြည်သူများကို လောင်စာ၊ အစားအစာ၊ အမိုးအကာ၊ ဆေးဝါးများကို ဖြတ်တောက်ပြီး ထိုသို့ပိတ်ဆို့မှု ရုပ်သိမ်းပေးရေးအတွက် အပစ်အခတ်ရပ်စဲ (လက်နက်ချ) ရန် တောင်းဆိုသည်။ လိုအပ်နေသည့် လူမှုအသိုက်အဝန်းများအား စစ်အုပ်ချုပ်ရေး အရှုံးပေးရန်နှင့် ဘေးကင်းသော ဒေသများတွင် ကြေအေးမှုကို လက်ခံရန် ဆွဲဆောင်သည့် မက်လုံးအဖြစ် နိုင်ငံတကာ အကူအညီများကို မကြာခဏ အသုံးချသည်။
ထို့ကြောင့် အစိုးရသစ်အောက်မှ ထိုင်းနိုင်ငံသည် လူသားချင်းစာနာမှုစင်္ကြံများနှင့် လူသားချင်းစာနာမှုဇုန်များ တည်ထောင်ရန် အစီအစဉ် စတင်လိုက်သည်ဆိုသည့် သတင်းသည် ကနဦး အပေါ်ယံအားဖြင့် ကြည့်ပါက အားတက်စရာကောင်းနေသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အခြားနိုင်ငံတကာက ထိုအစီအစဉ်ကို အလျင်အမြန် ထောက်ခံချီးကျူးသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။
သို့သော် ထိုအစီအစဉ်၏ ပုံစံတခုလုံးတွင် ကြီးမားသည့် အပြစ်အနာအဆာရှိနေသည်။ ထိုကြီးမားသည့် အပြစ်အနာအဆာကြောင့် ယင်းအစီအစဉ် ကျဆုံးမည်ဟုပင် စာရေးသူ ပြောရဲသည်။
ထိုအစီအစဉ်တွင် ပြဿနာရှိသည့် အခြေခံ အစိတ်အပိုင်း များစွာရှိသည်။ အလေးနက်ဆုံး ပြဿနာမှာ ပြည်သူများ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် အမှန်တကယ် မရည်ရွယ်ခြင်းဖြစ်သည်။
ထိုအစီအစဉ်တွင် ပြဿနာရှိသည့် အခြေခံ အစိတ်အပိုင်း များစွာရှိသည်။ အလေးနက်ဆုံး ပြဿနာမှာ ပြည်သူများ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် အမှန်တကယ် မရည်ရွယ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်ကက်ကော အတိအကျပြောထားသည့် စကားအရ ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီကို အာဆီယံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံစေရန်၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြန်လည်ထိတွေ့ ဆက်ဆံစေရန် ဖိတ်ခေါ်သည့် ကြားခံအဖြစ် ရည်ရွယ်ခြင်းဖြစ်သည်။
လူသားချင်းစာနာမှု အစီအစဉ်နောက်ကွယ်မှ နိုင်ငံရေးရည်မှန်းချက်မှာ စစ်ကောင်စီနှင့် အခြား နိုင်ငံရေး၊ တော်လှန်ရေးသမားများကို စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ ခေါ်ယူရန်ဖြစ်ပြီး အကူအညီပေးမည့်ကတိမှာ မက်လုံးပေးခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ပေးလိုသည့် သတင်းစကားမှာ အကြမ်းဖက်မှုလျှော့ချပြီး အားလုံး ပါဝင်သည့် ဆွေးနွေးပွဲများကို သဘောတူပါက ညှိနှိုင်းဆောင်ရွက်ကာ အကူအညီပေးရေးစင်္ကြံ ဖွင့်ပေးမည်ဟူသည့် သတင်းစကားသာဖြစ်သည်။ သို့မဟုတ် ထိုအစီအစဉ်ကို ပယ်ချပါက ပဋိ့ပက္ခ၏ အထီးကျန်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းမှုတွင် တနှစ် ဆက်လက်ထားမည်ဆိုသည့် သတင်းစကားဖြစ်သည်။

စစ်ကောင်စီသည် အပြင်းအထန် အင်အားချိနဲ့ လှုပ်ခါနေသည်ကို လူတိုင်းမြင်နိုင်သည်။ ထို့ကြောင့် မြန်မာ၏ အိမ်နီးချင်းများနှင့် အာဆီယံသည် ဘုံသဘောတူညီချက် ၅ ချက် ချခဲ့သည့် ၂၀၂၁ ခုနှစ်သို့ ပြန်လည်ခေါ်ဆောင်ရန် အခွင့်အလမ်းမြင်သည်။ ၎င်းတို့သည် စစ်ကောင်စီကို အာဆီယံသို့ ပြန်လည်ခေါ်ရန်အတွက် စစ်ကောင်စီက လိုက်လျောမှု အနည်းငယ်လုပ်သည်ကို မြင်လိုကြသည်။ စစ်ကောင်စီကို အာဆီယံ လူမှုအသိုက်အဝန်းသို့ ပြန်လည် ခေါ်ဆောင်ရေးဆိုသည်မှာ စစ်ကောင်စီကို လက်တွေ့အစိုးရအဖြစ် တရားဝင်မှုပေးပြီး မြန်မာမှ အခြားသူများသည် အကန့်အသတ်ရှိသော လိုက်လျောမှုများအတွက် စစ်ကောင်စီနှင့် အပေးအယူလုပ်ရန် ဖြစ်သည်။
လူသားချင်းစာနာမှု အစီအစဉ်၏ နောက်ကွယ်မှ နိုင်ငံရေးရည်မှန်းချက်တခုမှာ လူမျိုးတုံးသတ်သည့် စစ်ဝတ်စုံဝတ် အာဏာအလွဲသုံးစားလုပ်သူများကို မြန်မာ့တည်ငြိမ်ရေးတွင် လွှဲရှောင်မရသည့် အဓိကအချက်အဖြစ် ဆက်ဆံရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပျော့ပျောင်းသော ဖိအားနှင့် လူသားချင်းစာနာမှု အကူအညီ မက်လုံးများသည် နိုင်ငံရေးနှင့် စီးပွားရေးတွင် စစ်တပ်လွှမ်းမိုးမှုကို သိမ်သိမ်မွေ့မွေ့ အညံ့ခံအရှုံးပေးရေး အားလုံးကို အတင်းအကျပ်လုပ်ရန် ကြိုးစားသည်။
စစ်ကောင်စီသည် နိုင်ငံပိုင်နက် ၅၀ ရာခိုင်နှုန်းကို မထိန်းချုပ်နိုင်တော့ဘဲ ဘက်ပေါင်းစုံမှ ပြင်းထန်သောဖိအားကို ရင်ဆိုင်နေရသည်။ မြန်မာစစ်တပ်သည် စိတ်ဓာတ်ကျဆင်းနေပြီး ပြန့်ကျဲကာ အောက်ခြေမှစတင်ပြီး တဖြည်းဖြည်း အတွင်းကြေ ကြေနေသည်။
တော်လှန်ရေး အင်အားစုများသည် ပို၍ပို၍ ကျယ်ပြန့်လာသည့် နယ်မြေများကို လွတ်မြောက်စေကြသည်။ သိမ်းပိုက်ခံရ၊ စွန့်ပစ်သွားကြသည့် စစ်စခန်းများမှ ပိုမို များပြားသော လက်နက်များကို သိမ်းမိလာကြသည်။ လွတ်မြောက်နယ်မြေများတွင် အောက်ခြေမှ အထက်သို့ သွားသည့် အုပ်ချုပ်ရေးစနစ်များ တည်ဆောက်နေကြသည်။ အကန့်အသတ်ရှိသော ရင်းမြစ်များဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများကို လူသားချင်းစာနာမှု အကူအညီများ အမိုးအကာများ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုများ ပေးနေကြသည်။
ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံသည် မြန်မာစစ်တပ် တစစီပြိုကွဲမည်ကို စိုးရိမ်လာကြသည်။ စစ်ကောင်စီ အသက်ဆက်ပေးမည်ဟု ၎င်းတို့ တိတ်တဆိတ် ဆုံးဖြတ်ချက်ချထားကြသည်။ ၎င်းတို့သည် စစ်ကောင်စီနိုင်သည်ကို မမြင်လိုပေ။ စစ်ကောင်စီသည် ရက်စက်လွန်းပြီး ၎င်းကို လူသိရှင်ကြား ထောက်ခံမရနိုင်လောက်အောင် ပြည်သူတရပ်လုံးက လွန်စွာမုန်းတီးနေသည်။ သို့သော် အိမ်နီးချင်းများနှင့် အာဆီယံသည် စစ်ကောင်စီ ချေမှုန်းခံလိုက်ရသည်ကိုလည်း မမြင်လိုကြပေ။
လူသားချင်းစာနာမှု အစီအစဉ်၏ နောက်ကွယ်မှ ဖွင့်မပြောသည့် တိတ်တဆိတ် အကြံအစည်သည် လုံးဝသစ်ဆန်းခြင်း မရှိပေ။ ထိုအစီအစဉ်သည် မြန်မာကို ၂၀၁၀ သို့ ပြန်ခေါ်သွားရန်နှင့် စစ်တပ်ကို အဓိက သက်ဆိုင်သူအဖြစ် ဆက်ဆံပြီး သုံးဘက်ညှိနှိုင်းမှု မူဘောင်ဟောင်းသို့ ပြန်ခေါ်သွားရန် အကြိမ်ကြိမ်လုပ်နေသည့် အားထုတ်မှုတခုသာ
ထို့ကြောင့် လူသားချင်းစာနာမှု အစီအစဉ်၏ နောက်ကွယ်မှ ဖွင့်မပြောသည့် တိတ်တဆိတ် အကြံအစည်သည် လုံးဝသစ်ဆန်းခြင်း မရှိပေ။ ထိုအစီအစဉ်သည် မြန်မာကို ၂၀၁၀ သို့ ပြန်ခေါ်သွားရန်နှင့် စစ်တပ်ကို အဓိက သက်ဆိုင်သူအဖြစ် ဆက်ဆံပြီး သုံးဘက်ညှိနှိုင်းမှု မူဘောင်ဟောင်းသို့ ပြန်ခေါ်သွားရန် အကြိမ်ကြိမ်လုပ်နေသည့် အားထုတ်မှုတခုသာ ဖြစ်သည်။
ထိုဖွင့်မပြောသော အကြံအစည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး တခုလုံး (လူငယ်မျိုးဆက်သစ် တခုလုံးနှင့် ၎င်းတို့၏ ရည်မှန်းချက်များ၊ သပိတ်ကော်မတီများ၊ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု၊ ပြည်သူ့ကာကွယ်ရေး တပ်တော်လှန်ရေး၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အခြား လွှတ်တော်ကိုယ်စားလှယ်များနှင့် မအောင်မြင်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သူရဲကောင်း ပီသသော တိုက်ပွဲကို လွန်ခဲ့သော သုံးနှစ်လုံး မောင်းနှင်ခဲ့သည့် အခြားသူများ) ကို နိုင်ငံရေး ညီမျှခြင်းမှ ဖယ်ထုတ်ရန် လိုသည်ဟု ဆိုလိုသည်။
တနိုင်ငံလုံးသည် စစ်ဝတ်စုံဝတ် လူဆိုးဂိုဏ်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် နိုင်ငံရေးအဖွဲ့အစည်း မည်သူမဆိုတို့ကြား အထက်လွှာ ညှိနှိုင်းနွေးမှုများသို့ ပြန်လည် သွားရောက်ရမည်ကဲ့သို့ ဖြစ်နေသည်။ နက်ရှိုင်းပြီး စနစ်ကျသော အဂတိလိုက်စားမှုသည် သဘောတူညီချက်ရအောင် ပြုလုပ်ပေးသည့် ချောဆီ တဖန်ပြန်လည် ဖြစ်လာသည်။
ဖုံးကွယ်ထားသည့် ဆိုးရွားသော အသေးစိတ်များ
အထက်ပါ ဆွေးနွေး ရေးသားချက်များသည် စာရေးသူ၏ အခြေအမြစ်မရှိသော ခန့်မှန်းချက်များဟု ထင်နိုင်သည်။ ထို့ကြောင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု ယူဆရသူများ၏ တိကျ ခိုင်မာသော အသေးစိတ်များကို လေ့လာမည် ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ခိုလှုံနေသည့် ဒုက္ခသည် မြန်မာ လူမှုအသိုက်အဝန်းများကို အသက်ကယ် အကူအညီပေးရန် ထိုင်းနိုင်ငံ၏ အကြံအစည်ကို ပူးတွဲလုပ်ငန်းအဖွဲ့က သဘောတူ ဖန်တီးမည်ဖြစ်ပြီး ထိုလုပ်ငန်းအဖွဲ့တွင် မြန်မာစစ်တပ်လည်း ပါဝင်သည်။ NUG နှင့် EAOs များကို ထိုလုပ်ငန်းအဖွဲ့တွင် မည်သည့်နေရာမှ ထည့်သွင်းထားခြင်း မရှိပေ။ ၎င်းတို့သည် တရားဝင်ပြီး ပြည်သူလူထုနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ယုံကြည်မှုရထားသော်လည်း ချန်လှပ်ထားဆဲဖြစ်သည်။
နောက်ပိုင်းအဆင့်တခုတွင် ၎င်းတို့ကို လက်ခံချင်ခံ၊ မခံချင်နေဆိုသည့် ကမ်းလှမ်းမှုများ ပြုလုပ်မည်ဖြစ်ပြီး အချို့သဘောတူညီချက်ကို စစ်ကောင်စီက သဘောတူလက်ခံမည် ဖြစ်သည်။ စစ်ကောင်စီ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို EAOs များနှင့် NUG က အသာတကြည် အညံ့မခံပါက ၎င်းတို့သည် နေရပ်စွန့်ခွာသူများ၏ လူသားချင်းစာနာမှု လိုအပ်ချက်များကို ဂရုမစိုက်သည့် သဘောထားတင်းမာသူများ၊ စစ်လှုံ့ဆော်သူများ ဖြစ်သည်ဟု သံတမန်များက အပြစ်တင်မည်ဖြစ်သည်။ ထိုနေရပ်စွန့်ခွာရသူများ နေရပ်စွန့်ခွာရအောင် မည်သူကလုပ်သည်နှင့် ထိုနေရပ်စွန့်ခွာသူများ မည်သည့်အတွက် ၎င်းတို့အိမ်များ၊ ကျေးရွာများသို့ မပြန်လိုကြသည်ကို မည်သူမျှ ဆွေးနွေးမည် မဟုတ်ပေ။ ထိုအိမ်များ၊ ရွာများမှာ စစ်တပ်က မကြာခဏ မီးရှို့၊ ဗုံးကြဲထားသော နေရာများဖြစ်သည်။
အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ညှိနှိုင်းရေးဌာန (AHA စင်တာ) သည် လေ့လာသူအဖြစ် အဓိကအခန်းမှပါဝင်မည် ဖြစ်သည်။ AHA စင်တာသည် မြန်မာစစ်တပ်၏ ကိုယ်စားလှယ် ရုံးထိုင်သော နောက်ထပ် အဖွဲ့အစည်းတခုဖြစ်သည်။ ထိုင်းအစိုးရနှင့် မြန်မာစစ်တပ်တို့ လက်ခံထားသည့် ထိုနယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အစီအဉ်ကို အဓိက အကောင်အထည်ဖော်မည့်သူများအဖြစ် ထိုင်းနှင့် မြန်မာကြက်ခြေနီအသင်းများကို ဖော်ပြထားသည်။ (မှတ်ချက် – ထိုလုပ်ငန်းတခုလုံးအတွက် မည်သူက ငွေကြေးထောက်ပံ့မည်ကို ဖော်ပြထားခြင်း မရှိသောကြောင့် ထိုအချက်သည် အစီအစဉ်တခုလုံး တစစီပြိုလဲမည့် နောက်ထပ် အတားအဆီးတခု ဖြစ်သည်။)
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မြန်မာစစ်တပ်၏ သမိုင်းဝင် ဖျက်ဆီးမှု၊ အလွဲသုံးစားလုပ်မှုကို သတိပေးရန် အရေးကြီးသည်။ ထိုအချက်မှာ စစ်တပ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ ကြားနေမှု၊ ဘက်မလိုက်မှု၊ ကျင့်ဝတ်နှင့် ဒုက္ခမပေးရမူများကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်ကို အကဲဖြတ်ရန် ဖြစ်သည်။
စာရေးသူဖော်ပြထားသည့် အထက်ပါ သတိပေးချက်များကို အလေးအနက် သဘောမထားပါက ဒေသတွင်းနှင့် နိုင်ငံတကာ သံတမန်များ၊ အကူအညီပေးရေး အလှူရှင်များနှင့် မြန်မာမှ စစ်မှန်သော ပါဝင်ပတ်သက်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မြန်မာစစ်တပ်၏ သမိုင်းဝင် ဖျက်ဆီးမှု၊ အလွဲသုံးစားလုပ်မှုကို သတိပေးရန် အရေးကြီးသည်။ ထိုအချက်မှာ စစ်တပ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ ကြားနေမှု၊ ဘက်မလိုက်မှု၊ ကျင့်ဝတ်နှင့် ဒုက္ခမပေးရမူများကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်ကို အကဲဖြတ်ရန် ဖြစ်သည်။
MRCS ကို စစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ မကြာခဏ သိမ်းသွင်းပြီး အလွဲသုံးစားလုပ်သည်ဆိုသည့် အချက်သည် လူတိုင်းသိပြီး ထိုအသင်း ဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေက ၂၀၁၅ ခုနှစ်တွင် ဝန်ခံထားသောအချက် ဖြစ်သည်။ မြန်မာကြက်ခြေနီအဖွဲ့ဝင် အချို့ကို စစ်တပ်နှင့်ရဲက သတင်းပေးအဖြစ် သုံးသည်။ ၎င်းတို့ကို ညဘက် ဧည့်စာရင်း စစ်ရာတွင်၊ လမ်းမများမှ စစ်ဆေးရေးစခန်းများတွင်နှင့် နိုင်ငံရေးအတိုက်အခံနှင့် နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးရာတွင်ပင် ကူညီရန် အသုံးပြုသည်။ MRCS တွင် ကိုယ်ကျိုးစွန့်သည့် စစ်မှန်သော စေတနာ့ဝန်ထမ်းများ ရှိသော်လည်း အလွန်များပြားသော ရာခိုင်နှုန်းသည် စစ်တပ်ထောက်ခံသူများ ဖြစ်သည်။
MRCS နှင့် ၎င်း၏ အဖွဲ့ဝင်များကို ယခင်ကလည်း အတိုက်အခံများကို ထောက်လှမ်းစောင့်ကြည့်ခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ စစ်တပ်က စီစဉ်သည့် လမ်းမပေါ်ဆန္ဒပြပွဲများနှင့် ဗုဒ္ဓဘာသာ ဘာသာရေးအစွန်းရောက် လှုပ်ရှားမှုများတွင် အပါအဝင် အန္တရာယ်ရှိသည့် လူထုလှုပ်ရှားမှုများတွင် စစ်တပ်က သုံးခဲ့သည်။

ကြက်ခြေနီနှင့် အမြဲတမ်း မီးသတ်များကို ကူညီရသည့် အဖွဲ့အစည်းငယ်ဖြစ်သော အရန်မီးသတ်မှ အချို့ သတင်းပေးများကို အလုပ်အကိုင်အဖြစ် ရဲများနှင့် အမြဲတမ်း မီးသတ်များ လုပ်ရန် မက်လုံးများပေးသည်။
ယခင်က မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ စစ်ရေးပြပွဲ လုပ်သောအခါ ကြက်ခြေနီစစ်ကြောင်းတခုသည် စစ်တပ်အတွက် အရန်တပ်အဖြစ် လိုက်ပါချီတက်ရသည်။
တစိတ်တပိုင်း ဒီမိုကရေစီအစိုးရခေတ်တွင် ထိုသို့သော လုပ်ရပ်များ ရပ်သွားပြီးနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် MRCS အမှုဆောင်ကော်မတီကို စစ်အရာရှိဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းပြီး သြဇာလွှမ်းမိုးရန် ကြိုးစားသည်။ ၎င်းတို့အနက်အများစုသည် စစ်ကောင်စီဆေးတပ်မှဖြစ်ပြီး အမှုဆောင်စာရင်းကို အောက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်တွင် MRCS ၏ ဘဏ္ဍာရေးဌာနကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုကို ဝန်ကြီးဌာနအောက်တွင် သြဇာလွှမ်းမိုးရန် အားဖြည့် လုပ်ဆောင်ခြင်းဖြစ်သည်။ အာဏာမသိမ်းမီက MRCS အကောင်အထည်ဖော်သည့် စီမံချက်များကို ငွေကြေး ထောက်ပံ့နေသည့် နိုင်ငံတကာ အလှူရှင်အများစုကို ဖြတ်တောက်ပြီးဖြစ်သည်။
၂၀၂၂ ခုနှစ်က ပေါက်ကြားလာသည့် စစ်ခေါင်းဆောင်၏ အမိန့်တခုတွင် MRCS ကို အရန်မီးသတ်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) နှင့် အခြားအဖွဲ့များကဲ့သို့ စစ်တပ်က တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ရာတွင် ကူညီရန် အရန်အင်အားအဖြစ် အလွဲသုံးစားလုပ်မည့် အစီအစဉ်ကို ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က ပေါက်ကြားလာသည့် စစ်ခေါင်းဆောင်၏ အမိန့်တခုတွင် MRCS ကို အရန်မီးသတ်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) နှင့် အခြားအဖွဲ့များကဲ့သို့ စစ်တပ်က တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ရာတွင် ကူညီရန် အရန်အင်အားအဖြစ် အလွဲသုံးစားလုပ်မည့် အစီအစဉ်ကို ဖော်ပြထားသည်။
MRCS အမှုဆောင်ကော်မတီ
ထိုအမှုဆောင်အဖွဲ့ အဓိက အဖွဲ့ဝင်များသည် ယခင်က စစ်တပ်မှဖြစ်ပြီး ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး အောက်မှ တပ်များတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်။ ၎င်းတို့ကို ယခင်စစ်ရာထူးများဖြင့်သာ ပြင်ပတွင် ခေါ်သော်လည်း ၎င်းတို့သည် တရားဝင်ရာထူးများတွင် ဒေါက်တာများ၊ ပါမောက္ခများဟုသာ ဖော်ပြသည်။
– ဥက္ကဋ္ဌ – ပါမောက္ခ ဒေါက်တာ မျိုးညွန့် ( ဗိုလ်မှူးကြီးဟောင်း၊ ရောဂါဗေဒပညာရှင်)
– အထွေထွေ အတွင်းရေးမှူး – ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး (ဗိုလ်မှူးဟောင်းနှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း)
– အချိန်ပြည့် အလုပ်အမှုဆောင် – ပါမောက္ခ ဒေါက်တာ တင်မောင်လှိုင် (ဗိုလ်မှူးကြီးဟောင်းနှင့် စစ်တပ် ဆေးသုတေသန ဌာနမှူးဟောင်း)
– အချိန်ပိုင်း အလုပ်အမှုဆောင် – ပါမောက္ခ ဒေါက်တာ စိုးလှိုင် (ဗိုလ်မှူးချုပ်ဟောင်းနှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးဟောင်း၊ စစ်အုပ်စုဟောင်း နံပါတ် ၂ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမားတော်ဟောင်း)
– အချိန်ပိုင်း အလုပ်အမှုဆောင် – ပါမောက္ခ ဒေါက်တာ မြင့်ဟန် (ကျန်းမားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း၊ စစ်တပ်ဆေးတပ်မှ ဒုဗိုလ်မှူးကြီးဟောင်း)
ကိုးကား
Let Us Stick to Humanitarian Work: Red Cross (Irrawaddy), 2015:
Myanmar Red Cross Society – Structure and Management:
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Thai Humanitarian Aid Initiative for Myanmar Is Flawed and Won’t Work ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်
မြန်မာကို လူသားချင်းစာနာမှု ထောက်ပံ့ရေး ထိုင်း အရှိန်မြှင့်မည်
နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း
မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ













