ထိုင်းအစိုးရသစ်၏ ပထမရက်ပေါင်း ၁၀၀ တွင် ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်သည် ပြည်ပနိုင်ငံများနှင့် “စီးပွားရေးဆိုင်ရာ သံတမန်ရေး” စီမံကိန်းများကို အကြိမ်ကြိမ် အလေးထားပြောသော်လည်း ထိုင်းနိုင်ငံသည် နယ်စပ်အရှည်ဆုံး ထိစပ်နေသည့် အိမ်နီးချင်း မြန်မာအကျပ်အတည်းကို မည်သို့ ကိုင်တွယ်မည်နှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိရသေးပေ။ မစ္စတာ ဆက်ထာ ထဝီစင်က သူ၏အစိုးရသည် မြန်မာကိစ္စတွင် ဦးဆောင်သည့် အခန်းကဏ္ဍယူရန် ကတိပြုထားသော်လည်း တိကျသော မူဝါဒဦးတည်ချက် ကင်းမဲ့ခြင်းသည် ဒေသတွင်း အဓိကနိုင်ငံအဆင့် ပြန်လည်ရယူရန် ထိုင်းနိုင်ငံ၏ အားထုတ်မှုကို ထိခိုက်စေမည်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထိုင်း ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာက ပဋိပက္ခမြင့်မားလာသောအခါ ဒုက္ခသည်များ အလုံးအရင်း ဝင်ရောက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာ စစ်ကောင်စီနှင့် ပူးတွဲအထူးလုပ်ငန်းဖွဲ့ရေး အစီအစဉ်များကို ထုတ်ဖော်ပြောဆိုလာသည်။ ထိုအစီအစဉ် အသေးစိတ်များကို မဆုံးဖြတ်ရသေးသော်လည်း ထိုသို့သော မည်သည့်စီမံကိန်းနှင့်မဆို ထိုင်းနိုင်ငံအနေဖြင့် ဂရုတစိုက် သုံးသပ်ရန် လိုအပ်သည့်အကြောင်းရင်း အနည်းဆုံး လေးခုရှိသည်။
ပထမဆုံးအချက်မှာ ထိုလုပ်ငန်းအဖွဲ့သည် စစ်ကောင်စီအတွက် ထိုင်းကိုအသုံးချကာ အရင်းအနှီး နည်းပြီး အကျိုးအမြတ်များသည့် ကိစ္စသာဖြစ်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာသောကြောင့် အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲများတွင် ပိတ်ပင်ထားသည်။
ယခုစီစဉ်ထားသည့် ပူးတွဲလုပ်ငန်းအဖွဲ့သည် တဖက်တွင် နှစ်များစွာ ဆောင်ရွက်ခြင်းမရှိသည့် ဘုံသဘောတူညီချက် ၅ ချက်အနက် အနည်းဆုံး တချက်ကို လိုက်နာအောင် ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီကို ပြောဆိုနိုင်သူအဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်သည်။ သို့သော် အခြားတဖက်တွင်မူ စစ်ကောင်စီအနေဖြင့် တာဝန်ဝတ္တရားများကို တဖြည်းဖြည်း ဖြည့်ဆည်းနေသောကြောင့် အာဆီယံ အသိုက်အဝန်းတွင် ၎င်းတို့နေရာကို ပြန်လည်ရယူရန် ထိုက်တန်သည်ဟု ပြောဆိုစေနိုင်သည့်နည်းလမ်း ရရှိသွားစေမည်ဖြစ်သည်။
အကောင်အထည်ဖော်ရေး ကိစ္စများသည်လည်း စစ်ကောင်စီအနေဖြင့် ထိုလုပ်ငန်းအဖွဲ့ကို အသုံးချရန် အခွင့်အလမ်းရစေပြီး လူသားချင်းစာနာမှု အကူအညီ အားထုတ်ခြင်းများကို အန္တရာယ်ကျရောက်စေမည် ဖြစ်သည်။
အကောင်အထည်ဖော်ရေး ကိစ္စများသည်လည်း စစ်ကောင်စီအနေဖြင့် ထိုလုပ်ငန်းအဖွဲ့ကို အသုံးချရန် အခွင့်အလမ်းရစေပြီး လူသားချင်းစာနာမှု အကူအညီ အားထုတ်ခြင်းများကို အန္တရာယ်ကျရောက်စေမည် ဖြစ်သည်။
ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပတ်သက်သည့် အသေးစိတ်များ သို့မဟုတ် ၎င်း၏ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ပိုင်ခွင့်ကို မည်သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ထိုအစီအစဉ်အတွက် အစိုးရချင်းဆက်ဆံမှု (G2G) သဘောသဘာဝသည် မြန်မာနှင့်ထိုင်း နှစ်ဘက်လုံးက သဘောမတူလျှင် မည်သည့် အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။
ထိုကိစ္စတွင် အခက်အခဲအနည်းဆုံး နှစ်ခုရှိသည်။ တခုမှာ အကူအညီပေးရေးအတွက် သတ်မှတ်ထားသည့် ဇုန်များသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ထိခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ဒေသများ ဖြစ်သောကြောင့် ထိုဒေသများသို့ အကူအညီပေးရေးကို စစ်ကောင်စီက လိုလားမည်ဟု ယုံကြည်ရန် ခက်ခဲသည်။
ပူးပေါင်းဆောင်ရွက်သည့် ထိုင်းနိုင်ငံအနေဖြင့် ယခုလက်ရှိ ထိုင်းတော်ဝင် တပ်မတော်က လုပ်နိုင်သည့် ယာယီဘေးကင်းဒေသများ (TSAs) အတိုင်းအတာထက် ပိုမိုကောင်းမွန်သည့် မည်သည့်အရာမှ ရရှိမည်မဟုတ်ဘဲ ဘန်ကောက်၏ အားထုတ်မှုများကို အချည်းနှီး ဖြစ်စေမည်ဖြစ်သည်။
အခက်အခဲ နောက်တခုမှာ စစ်ကောင်စီသည် စာနာနားလည်သည်ဟု ထင်လျှင်ပင် စစ်ကောင်စီ မြေပြင်တပ်များ၏ လက်ရှိ မအောင်မြင်မှုများနှင့် နယ်စပ်တလျှောက်မှ တိုင်းရင်းသားထိန်းချုပ်ဒေသများတွင် စခန်းများ ဆုံးရှုံးသောကြောင့် စစ်ကောင်စီသည် လူသားချင်းစာနာမှု လုပ်ငန်းတွင် ထိရောက်မှု မရှိ၊ စွမ်းဆောင်ရည် မရှိသည့် ပူးပေါင်းဆောင်ရွက်သူသာ ဖြစ်သည်။
ယခုအခါ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် မဲဟောင်ဆောင်ပြည်နယ်နှင့် ကပ်လျက် ကရင်နီ (ကယား) ပြည်မှ နေရာအများစုကို သိမ်းပိုက်ထားသောကြောင့် စစ်ကောင်စီသည် လူသားချင်းစာနာမှု အကူအညီပေးရေးတွင် အဓိက ပူးပေါင်းဆောင်ရွက်သူဖြစ်သည်ဟု ယူဆရန် ခက်ခဲသည်။
ပိုမို ယုံကြည်လက်ခံနိုင်သည့် နည်းလမ်းမှာ ကရင်နီပြည်မှ တော်လှန်ရေးလှုပ်ရှားမှု၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖြစ်ပြီး ထိုကောင်စီသည် ၎င်းတို့ပိုင်နက်အတွင်းမှ နေရပ်စွန့်ခွာရသူများကို လူသားချင်းစာနာမှု အကူအညီပေးနိုင်သည်။
ပိုမို ယုံကြည်လက်ခံနိုင်သည့် နည်းလမ်းမှာ ကရင်နီပြည်မှ တော်လှန်ရေးလှုပ်ရှားမှု၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖြစ်ပြီး ထိုကောင်စီသည် ၎င်းတို့ပိုင်နက်အတွင်းမှ နေရပ်စွန့်ခွာရသူများကို လူသားချင်းစာနာမှု အကူအညီပေးနိုင်သည်။
လက်တွေ့တွင်လည်း နယ်စပ်တလျှောက်မှ ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများသည် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေပြီဖြစ်သည်။ ၎င်းတို့အနက် အချို့သည် ၂၀၂၁ အာဏာသိမ်းမှု မတိုင်မီကပင် ထိုဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်သည်။
ဥပမာအားဖြင့် ဆိုရပါက ကရင်ပြည်နယ်တွင် တိုင်းရင်းသားတပ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးလုပ်ငန်းများသည် ကူးစက်ရောဂါများ တားဆီးရန်အတွက် အလွတ်သဘော နယ်စပ်ဖြတ်ကျော် ကျန်းမာရေးစနစ်ဖြင့် ထိုင်းကျန်းမာရေး အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ကာလတိုတွင် တိုင်းရင်းသားအုပ်ချုပ်ရေး အဖွဲ့များသည် နယ်စပ်တလျှောက်တွင် အင်အားတောင့်တင်းလာမည်ဟု မျှော်လင့်ရပြီး ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့်သာမက တနိုင်ငံလုံးမှ နေရာအမျိုးမျိုးကို ထိန်းချုပ်ထားသည့် အမျိုးမျိုးသော ပါဝင်နေသူများနှင့်ပါ ထိတွေ့ဆက်ဆံရန် လိုအပ်စေသည်။
လုပ်ငန်းအဖွဲ့၏ အစိုးရချင်း G2G ဆက်ဆံသည့် သဘောသဘာဝသည်လည်း ထိုင်းနိုင်ငံက ၎င်းတို့ သင့်လျော်သည်ဟု ယူဆသည့်အတိုင်း ဝန်ဆောင်မှုပေးရေး စီမံချက်ချရန်နှင့် အစီအစဉ်တွင် အပြည့်အဝ ပါဝင်ရန် စစ်ကောင်စီ၏ စိတ်အားထက်သန်မှု မရှိခြင်းကြောင့် ဖြစ်လာသည့် အတားအဆီးများကို ကျော်လွှားရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အဟန့်အတား ဖြစ်စေနိုင်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာမှုသည်လည်း ကွဲပြာခြားနားရှုပ်ထွေးသည့် ကိစ္စဖြစ်လာသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် ကျယ်ပြန့်ပြီး ကြိုတင်ပြင်ဆင်မှုရှိကာ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသလို အပြောသက်သက် မဟုတ်သည့် မူဝါဒတခု လိုအပ်သည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာမှုသည်လည်း ကွဲပြာခြားနားရှုပ်ထွေးသည့် ကိစ္စဖြစ်လာသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် ကျယ်ပြန့်ပြီး ကြိုတင်ပြင်ဆင်မှုရှိကာ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသလို အပြောသက်သက် မဟုတ်သည့် မူဝါဒတခု လိုအပ်သည်။
နောက်ဆုံးအချက်မှာ လူသားချင်းစာနာမှု အကူအညီ စီမံရေးသည် ဦးတည်လက်ခံရရှိမည့်သူများ၊ ယခုကိစ္စတွင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ (IDPs) နှင့် ပတ်သက်သည့် အချက်အလက်များကို ထိုလုပ်ငန်းအဖွဲ့အတွက် ရရှိရန် လိုအပ်သည်။
သို့သော် တည်နေရာနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ အရေအတွက် စသည့် သတင်းအချက်အလက်များကို စစ်ကောင်စီ ကိုယ်စားလှယ်များသို့ အသိပေးခြင်းသည် နေရပ်စွန့်ခွာ အရပ်သားများအတွက် လွန်စွာ အန္တရာယ်ကြီးမားနိုင်သည်။
စစ်ကောင်စီတပ်များသည် ထိုဒေသများ၏ လျှို့ဝှက်သတင်းများကို တိုင်းရင်းသားထိန်းချုပ် ဒေသများတွင် အမြောက်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲရာတွင် တွက်ချက်ရေးအတွက် သုံးပြီး စစ်ရေးအကျိုးအမြတ်အတွက် အသုံးချနိုင်သည်ဆိုသည့် အချက်ကြောင့် မစဉ်းစားသင့်သောကိစ္စ ဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် မေလအထိ အရပ်သား ၈,၆၀၀ သတ်ဖြတ်ထားပြီး အောက်တိုဘာလအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ခု ကျူးလွန်ထားသောကြောင့် ထိုကိစ္စကို မစဉ်းစားသင့်ခြင်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါက ထိုင်းနိုင်ငံသည် ၎င်းတို့အစီအစဉ်ကို မြန်မာစစ်ကောင်စီနှင့် ဆက်လုပ်မည် ဆိုပါက အထူးသတိထားသင့်သည်။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းအဖွဲ့ကို လိုအပ်နေသူများအား ကူညီရန်သာမက ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကိုလည်း အကျိုးပြုအောင် သေနင်္ဂဗျူဟာကျကျ စီစဉ်ရမည်ဖြစ်သည်။ ထိုသို့မလုပ်ပါက စစ်ကောင်စီက အမြတ်ထုတ် အသုံးချမည့် ခုတုံးအလုပ်ခံရသူများ ဖြစ်သွားမည့် အန္တရာယ်ရှိသည်။
ဆယ်စုနှစ်တခုကြာ ဂုဏ်သိက္ခာကျဆင်းပြီးနောက် ဒေသတွင်းတွင် အရေးပါသည့်နိုင်ငံ ပြန်လည်ဖြစ်လိုသည့် ထိုင်းနိုင်ငံ၏ဆန္ဒကို နားလည်လက်ခံနိုင်သော်လည်း မြန်မာအကျပ်အတည်း ဖြေရှင်းရန် ထိုလမ်းကြောင်းကို ရွေးချယ်ခြင်းသည် အကောင်းထက် အဆိုးကိုသာ ဖြစ်စေမည်ဖြစ်သည်။
နောက်ဆုံးတွင် ထိုအစီအစဉ်၌ တဦးတည်းသော အနိုင်ရသူမှာ ပဋိပက္ခဖြစ်နေသည့် မြန်မာတွင် အင်အားချိနဲ့လာနေသည့် နိုင်ငံရေးဇာတ်ကောင် မြန်မာစစ်ကောင်စီသာ ဖြစ်သွားနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Surachanee Sriyai ၏ Four Reasons Why Junta Will Be Sole Beneficiary of Thai-Myanmar Taskforce ကို ဘာသာပြန်သည်။ ဒေါက်တာ ဆူရာချန်နီး ဆရိယိုင်သည် လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ၊ ISEAS Yusof-Ishak Institute တွင် ဧည့်သုတေသီ ဖြစ်သည်။ သူ၏ သုတေသန နယ်ပယ်များတွင် ဒစ်ဂျစ်တယ် နိုင်ငံရေး၊ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး၊ နှိုင်းရနိုင်ငံရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းတို့ ပါဝင်သည်။)
You may also like these stories:
မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်
NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း