သက်ဆင်ရှင်နာဝပ်၏ ဖွေ့ထိုင်းပါတီနှင့် စစ်တပ်လိုလားသော အုပ်စုများ ဖွဲ့စည်းထားသည့် ထိုင်း ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်အဖြစ် မစ္စတာ ဆက်ထာ ထဝီစင် ကျမ်းသစ္စာကျိန်ဆိုပြီး တလကြာသောအခါ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးသည် နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာစင်မြင့်ပေါ် တက်လာသည်။
သူသည် Tesla, Google, Microsoft တို့နှင့် အရင်းအနှီးများသော သဘောတူညီချက်များ ရယူရန် ကြိုးစားရင်း စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်တခုကြာပြီးနောက် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်စေရန် မျှော်လင့်ချက်ဖြင့် အခြားအမေရိကန် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
နယူးယောက်တွင် မစ္စတာ ထဝီစင်သည် သူ့ကိုယ်သူ ယုံကြည်မှုရှိကြောင်း ပြသနိုင်ခဲ့သည်။ သူသည် ယခင်ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ ပဒေသရာဇ်တပိုင်း အုပ်ချုပ်ရေးမှ နိုင်ငံကို တစိတ်တပိုင်း လမ်းခွဲထွက်ရန် ကြိုးစားသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ မစ္စတာ ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းသည့် စစ်ခေါင်းဆောင်ဖြစ်သည်။
ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ထဝီစင်သည် သူလုပ်ဆောင်ရမည့် လုပ်ငန်းများကို သတ်မှတ်ထားပြီး ပရာယွတ်အစိုးရ၏ မြန်မာနှင့် ပတ်သက်သော မူဝါဒကို ပြောင်းလဲရန် ခက်ခဲသောအချိန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပရာယွတ် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အခြားဒေသများတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။
မြန်မာနှင့် ရှုပ်ထွေးသောဆက်ဆံရေး
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာက တိုင်းရင်းသားသူပုန်များကို တိုက်ခိုက်စဉ် ဂျက်လေယာဉ်တစင်း ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာအား ချိုးဖောက်သည်ကို ခွင့်ပြုခြင်းအတွက် မစ္စတာ ထဝီစင်သည် မစ္စတာ ပရာယွတ်ကို အပြင်းအထန် ဝေဖန်သည်။ ထိုင်းနိုင်ငံသည် ထိုကိစ္စအတွက် မြန်မာကို တရားဝင် ပြစ်တင်ရှုတ်ချခြင်း မပြုသလို ဝန်ကြီးချုပ် ပရာယွတ်ကလည်း ထိုကိစ္စကို အလေးထားခြင်း မရှိပေ။
မစ္စတာ ပရာယွတ်နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ နီးကပ်သော ဆက်ဆံရေးရှိသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ မင်းအောင်လှိုင်သည် ထိုင်းအထက်လွှာများနှင့် ဆက်ဆံရေးရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ကွယ်လွန်သူ ဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ပရမ် တင်ဆူလာနွန်ဒါက သူ့ကို မွေးစားရန် တောင်းဆိုသူ ဖြစ်သည်။ မြန်မာတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင်သည် ပရာယွတ်ထံစာရေးပြီး သူ့လုပ်ရပ်များအတွက် နောက်ခံအကြောင်းရင်းကို အသေးစိတ် ရှင်းပြသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာက တိုင်းရင်းသားသူပုန်များကို တိုက်ခိုက်စဉ် ဂျက်လေယာဉ်တစင်း ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာအား ချိုးဖောက်သည်ကို ခွင့်ပြုခြင်းအတွက် မစ္စတာ ထဝီစင်သည် မစ္စတာ ပရာယွတ်ကို အပြင်းအထန် ဝေဖန်သည်။
အခြားသော ဆက်စပ်မှုများလည်း ရှိသည်။ ထိုင်းအတိုက်အခံ Move Forward ပါတီ၏ စုံစမ်းစစ်ဆေးမှုအရ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ခန်နှင့် အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူထားသည့် မြန်မာစီးပွားရေးသမား ထွန်းမင်းလတ်အကြား စီးပွားရေးဆက်ဆံမှုများရှိကြောင်း သိရသည်။ သူ၏ စီးပွားရေးလုပ်ငန်းများတွင် လက်နက်ရောင်းဝယ်ရေး၊ သတ္တုတူးဖော်ရေး၊ ကာစီနိုလောင်းကစားနှင့် စွမ်းအင်လုပ်ငန်းများ ပါဝင်ပြီး ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဘန်ကောက်၌ ဖမ်းဆီးခဲ့သည်။
ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင် ပရာယွတ်၏ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း၏ လုပ်ရပ်များသည် အာဆီယံအတွင်း သဘောထားကွဲလွဲမှု ဖြစ်စေခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် ထိုင်းနိုင်ငံသည် မြန်မာမှ ဦးသန်းဆွေ အပါအဝင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပသည်။
ထိုအစည်းအဝေးကို မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့က သပိတ်မှောက်သည်။ ထိုနိုင်ငံများ အားလုံးက မြန်မာသည် အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေးနှင့် နိုင်ငံသားများထံ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုရေး အပါအဝင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရမည် ဟုဆိုသည်။ ထိုဘုံသဘောတူညီချက်သည် လက်ရှိအချိန်အထိ ကျဆုံးမှုသာဖြစ်နေသည်။
ဇူလိုင်လတွင် မစ္စတာ ပရာမွတ်ဝီနိုင်းနှင့် အကျဉ်းစံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းသည် မြန်မာတွင် အသံတိတ် သံတမန်ရေးဖြင့် အလုပ်လုပ်နေသည့် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားကို လမ်းကြောင်းလွှဲသော လုပ်ရပ်အဖြစ် မြင်ကြသည်။ ထိုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပြည်ပအရာရှိတဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာတွင် စီးပွားရေး အကြီးအကျယ် လုပ်နေသောနိုင်ငံ ဖြစ်သည်။ ထိုင်းအစိုးရက ၅၁ ရာခိုင်နှုန်း ရှယ်ယာပိုင်သည့် စွမ်းအင်လုပ်ငန်းစုကြီး PTT ၏ လုပ်ငန်းခွဲ PTT Oil and Retail Business PCL (OR) သည် မြန်မာမှ ရေနံဖက်စပ် လုပ်ငန်းဖြစ်သော Brighter Energy တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
ဇူလိုင်လတွင် မစ္စတာ ပရာမွတ်ဝီနိုင်းနှင့် အကျဉ်းစံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းသည် မြန်မာတွင် အသံတိတ် သံတမန်ရေးဖြင့် အလုပ်လုပ်နေသည့် အာဆီယံ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှားကို လမ်းကြောင်းလွှဲသော လုပ်ရပ်အဖြစ် မြင်ကြသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် နော်ဝေအစိုးရ ရန်ပုံငွေက မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် PTT နှင့် OR မှ ရှယ်ယာများကို ထုတ်ရောင်းလိုက်သောအခါ PTT သည် မြန်မာနှင့်ပတ်သက်သည့် ရပ်တည်ချက်ကို ထုတ်ပြန်ရသည်။
လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် မြန်မာစစ်သားများ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အမ်ဖန်သို့ ဝင်ရောက်လာသည်ဆိုသည့် သတင်းကို စုံစမ်းစစ်ဆေးရန် ထိုင်းအတိုက်အခံ ပါလီမန်ကိုယ်စားလှယ် ကန်နာဝီ ဆူဘက်ဆန်က ထိုင်းအစိုးရကို ပါလီမန်က ဖိအားပေးရန် စက်တင်ဘာလတွင် ပြောသည်။ ထိုနယ်စပ်သည် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ဒေသဖြစ်သည်။
မြန်မာစစ်သားများကို ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပေးခြင်းသည် ထိုင်းစစ်တပ်က တိတ်တဆိတ် ခွင့်ပြုသည့်သဘော သက်ရောက်ကြောင်း ဆူဘက်ဆန်က ပြောသည်။
ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးသည် ရှုပ်ထွေးသည်။ မြန်မာနှင့် ရင်နှီးအလုပ်ဖြစ်သော ဆက်ဆံရေးသည် အမျိုးသားလုံခြုံရေးအတွက်၊ အထူးသဖြင့် တိုင်းရင်းသား ပဋိပက္ခများ၊ မူးယစ်ဆေးနှင့် လူနှင့် သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုများ၊ အခြားရာဇဝတ်လုပ်ငန်းများ ဖြစ်နေသည့် ကီလိုမီတာ ၂၄၀၀ ရှည်သော နယ်စပ်လုံခြုံရေးအတွက် အရေးပါကြောင်း ထိုင်းစစ်တပ်က အမြဲပြောသည်။
မြန်မာမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ပြန်မောင်းထုတ်သည် ဆိုသည့် သတင်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထွက်လာသည်။ သို့သော် နယ်စပ်ဒေသများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကူညီနေသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း နယ်စပ်ဒေသများတွင် မြန်မာပြည်သူ ၄၀,၀၀၀ ကို လုံခြုံရေးအရ ယာယီ ခိုလှုံခွင့်ပေးခဲ့ကြောင်း ထိုင်းအစိုးရကို ကိုးကားပြီး ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီက ဖော်ပြသည်။ တိုက်ပွဲများ ပြီးဆုံးသောအခါ အချို့အုပ်စုများ ပြန်သွားကြသည်ဟု သတင်းများတွင် ဖော်ပြသည်။
မြန်မာမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ပြန်မောင်းထုတ်သည် ဆိုသည့် သတင်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထွက်လာသည်။ သို့သော် နယ်စပ်ဒေသများတွင် ထောင်နှင့်ချီသော ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကူညီနေသည်။
အာဆီယံတွင် ထိုင်း၏ အခန်းကဏ္ဍ
အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ အတွင်း မြန်မာမှ အရပ်သား ၆,၃၀၀ ကျော် အသတ်ခံရသည်။ ကျေးရွာများနှင့် အခြား လူနေထူထပ်သော နေရာများတွင် လေကြောင်းနှင့် အမြောက်ဖြင့် တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်း၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်း၊ နေရပ်ရွှေ့ပြောင်းစေခြင်း၊ လူသားချင်းစာနာမှု အကူအညီပေးခြင်းကို ငြင်းဆန်ခြင်း အပါအဝင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများအားလုံးကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။
ထဝီစင်အစိုးရသည် ပရာယွတ်အစိုးရလောက် မြန်မာနှင့် အဆင်မပြေနိုင်သော်လည်း မြန်မာတွင် ရက်စက်ကြမ်းကြုတ်မှုများ အဆုံးမသတ်နိုင်သေးသောကြောင့် ပြဿနာသည် အာဆီယံအတွင်း ညီညွတ်ရေး၊ အာဆီယံအတွင်း ထိုင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆက်လက် သံသယဖြစ်စေမည် ဖြစ်သည်။
(The Interpreter ပါ Jitsiree Thongnoi ၏ The new Thai PM has his work cut out on Myanmar ကို ဘာသာပြန်သည်။ )
You may also like these stories:
ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ
ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း