စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မော်လိုက်ကလေးအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်စစ်ဆေးခံရမှု ကြောင့် အမြင်အာရုံနှင့် အကြားအာရုံများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဆေးကုသခွင့်မရကြောင်း ကလေးမြို့ ပင်မ သပိတ် အင်အားစုထံက သိရသည်။
ကလေးမြို့ပင်မသပိတ်အင်အားစု အဖွဲ့ဝင်တဦးက “သပိတ်ကော်မတီဝင် ၄ ဦးကို ဧပြီလက အဖမ်းခံရပြီး ကလေး ဒေသကွပ်ကဲမှု အခြေစိုက် စစ်ဌာနချုပ်ရုံးမှာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရတယ်။ နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရရှိခဲ့တယ်။ အဲဒီမှာ အကြားအာရုံရော အမြင်အာရုံပါ ချို့တဲ့ခဲ့တယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ ဒါတွေကို ကုသခွင့်မရတဲ့ အခြေအနေပါ” ဟု ပြောသည်။
အဆိုပါ ကလေးပင်မသပိတ် ကော်မတီဝင် ၄ ဦးဖြစ်သည့် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ၊ မကျန်ဒိတ်ကိမ် တို့ဖြစ်ပြီး၂၀၂၃ ဧပြီ ၁၆ ရက်က ကလေးမြို့ပေါ်တွင် တော်လှန်သင်္ကြန်သပိတ်လှုပ်ရှားမှု ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့ ၄ ဦးအား စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) နှင့် ထောင်ဒဏ်၂ နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့် ၅၀ (ည)၊ ၅၀ (ဈ)၊ ၅၂ (က) များနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။
ထို့ပြင် သပိတ် ကော်မတီဝင်များ၏ နေအိမ် ၄ လုံးကိုလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်က ဘူဒိုဇာများဖြင့် ဖြိုချဖျက် ဆီးခဲ့ကြောင်း သို့သော် ထို နေအိမ် ၄ လုံးမှာ ၎င်းတို့နှင့် တိုက်ရိုက်မသက်ဆိုင်သည့် အိမ်များဖြစ်ကြောင်း ကလေးပင်မ သပိတ်အင်အားစုက စက်တင်ဘာ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/10/Kalay-2.jpeg)
နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးက “နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ သူတို့ဟာ ပြည်သူထဲက ပြည်သူတွေပါ။ သူတို့တွေ ဆေးကုလို့ မရတာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကို ဒီတိုင်း ကြည့်မနေသင့်ပါဘူး။ ထောင်ဝင်စာပို့အတွက် ကလည်း လမ်းပန်းဆက်သွယ်ရေးအရ အဆင်မပြေတော့ တခါခါသွားဖို့ကလည်း မလွယ်တော့ မပို့နိုင်တော့ စိတ်ပူရုံပဲ ရှိတယ်” ဟု ပြောသည်။
မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသား၂၅၀ ခန့် ရှိနေပြီး နိုင်ငံရေးအကျဉ်းသားများကို ဗဟိုပြု ၍ ဖိနှိပ်နေကြောင်းလည်း ကလေးမြို့ပင်မသပိတ်အင်အားစုက ပြောသည်။
ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင်တဦးက “ကလေးခရိုင် တခရိုင်လုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေက လမ်းပန်းဆက်သွယ်ရေးအရရော စစ်တပ်က မော်လိုက်ကလေးထောင်မှာ ချထားတဲ့ လုံခြုံရေးအခြေအနေအရ ထောင် ဝင်စာတွေ့ဖို့ရော လမ်းပန်းဆက်သွယ်ရေးအရ စိုးရိမ်မှုတွေရှိတယ်။ နောက်ပြီး ထောင်ဝင်စာပို့ဖို့ကလည်း ချဉ်းကပ်ရ တာ တော်တော်လေးခက်တဲ့ အနေအထားရှိတယ်” ဟု ပြောသည်။
နိုင်ငံတကာရှိ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီး ပြစ်ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားများ၏ အသက်အန္တရာယ် လုံခြုံရေး၊ ညှဉ်းပန်းနှိပ်စက် ခံရမှုများ ပပျောက်စေရေးနှင့် အလျင်အမြန် လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို ဖိအားပေး ဆန့်ကျင်ကန့် ကွက်ရုံမျှနှင့် မလုံလောက်ဘဲ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်၍ အကျိုးထိရောက်မှုရှိသည့် ပံ့ပိုးကူညီ မှုများ ပြုလုပ်ပေးရန်လည်း ကလေးမြို့ပင်မ သပိတ်အင်အားစုက တိုက်တွန်းထားသည်။
You may also like these stories:
မုံရွာထောင်၌ အစာငတ်ခံဆန္ဒပြသူ ၅၀ ဦးထိရှိလာ
ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ
နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်