ကောင်ကလေး တယောက် သနားစရာ၊ သနားစရာ ဖြစ်လို့လည်း ကောင်ကလေးဟု ခေါ်ကြသည်။ သို့သော် ထိုသနားစရာကို ဘယ်လို ကယ်တင်ကြမည်နည်း။
သူ့မှာ အမေ မရှိ၊ လူမှန်းမသိခင် ငယ်စဉ်ကပင် အမေ ကွယ်လွန်ခဲ့သဖြင့် မိခင်မေတ္တာ ဆိုသည်ကို ကိုယ်တွေ့ မကြုံခဲ့စဖူး။
အမေ မရှိသည့်နောက် အဖေနှင့် နေခဲ့ရသော်လည်း အဖေ လုပ်သူမှာ ပရိယေသန ဝမ်းစာကြောင့် ဟိုပြေးသည်ပြေးနှင့် လုပ်ကိုင်ခဲ့ရာ သားကလေး တယောက်ကို ရင်အုပ်မကွာ မပြုစုနိုင်။
ရပ်ဝေးသို့ သွားရသော အလုပ်ကိစ္စကြောင့် သားတယောက်ကို ဟိုဆွေမျိုး သည်ဆွေမျိုး အိမ်သို့ ပို့ထားရသည်။ စရိတ်လည်း မှန်မှန် မထောက်နိုင်။
အလွန်တရာမှ ကသီလင်တ နိုင်သဖြင့် တပင်လဲမူ တပင်ထူ ဟူသော စကားပုံအတိုင်း နောက်အိမ်ထောင် ယူသည်။ ထိုအခါ သားနှင့် မိထွေး အတူ မထားနိုင်။
ဆွေမျိုး ဉာတိ ကလည်း စားနိုင်သောက်နိုင်သည့် လူတန်းစား မဟုတ်သည့် အပြင် မကျန်းမမာသော လူက များလေရာ ရပ်ဝေးမှာ နေထိုင်စဉ် ဇာတိရပ်၌ ကျန်ရစ်ခဲ့သော သားကို ဘယ်လို နေသည် ဘယ်လို ထိုင်သည်မျှကိုပင် မသိ။
သဗ္ဗေ သတ္တာ ကမ္မသကာ ဟု ဆို၍ ဖြစ်သလို စခန်းသွားရသည်။
ထိုအခါ သားဖြစ်သူမှာ မိဘ ဆွေမျိုး ဉာတိ ဆရာသမားတို့၏ အဆုံးအမနှင့် ကင်းဝေးလေသောကြောင့် လမ်းပေါ်မှာ အချိန်ကုန်သည်။ သူတပါး အိမ်မှာ အချိန် ကုန်သည်။ ရုပ်ရှင်မှာ အချိန် ကုန်သည်။
ဤကဲ့သို့ အိမ်လည်၍ချည်း နေရသောကြောင့် ကျောင်းလည်း မှန်မှန် မတက်။ စာမေးပွဲလည်း တဖုတ်ဖုတ်ကျ။ သူတပါး၏ အလိုက်ကမ်းဆိုးကိုလည်း မသိ။ စည်းမရှိ ကမ်းမရှိနှင့် နေသည်မှာ လေ နှင့် အတူ လွင့်ပါနေသော အမှိုက်သရိုက်ကဲ့သို့။
ဤအခြေအနေတွင် ဆွေမျိုး ဉာတိတို့ကလည်း ပါးစပ်ပေါက် တပေါက် တိုးလာခြင်းကို သည်းမခံနိုင်သော ဘဝသို့ ဆိုက်ရောက်၏။ ထို့ကြောင့် ကောင်ကလေးကို နှင်ချလေသည်။
သည်ကောင်လေးသည် ဘယ်သွားနေရပါမည်နည်း။ သူတပါး အိပ်ချိန်တန်မှ တခါး လာခေါက်သော ကောင်ကလေးကို ဘယ်သူ တခါး ဖွင့်ပေးမည်နည်း။
ထို့ကြောင့် ကောင်ကလေးသည် ကြုံရာအိပ်၊ ကြုံရာစား ဖြစ်နေလေသည်။ ကြာလျှင် အိပ်စရာ ကြုံတော့မည် မဟုတ်။
သူကိုယ်တိုင်ကလည်း ကျနော့်မှာ စားစရာ မရှိတော့ အိမ်ကပစ္စည်းများကို လစ်လျှင် လစ်သလို ခိုးထုတ်ပြီး ပေါင်နှံ ရောင်းချပြီး သုံးစွဲနေပါသည်ဟု ဆိုသည်။
ဤသို့ ဆိုရခြင်းကြောင့် ရှက်စရာ၊ ကြောက်စရာ ဟူ၍လည်း မတွေးမိ။ မရှိလျှင် ခိုးစားခြင်းသည် သူ၏ အခွင့်အရေး တရပ် ပမာ ဖြစ်နေသည်။
ဤဘဝမှာ နေ၍ တစတစ ဟိုဘဝ ရောက်တော့မည်။ ဆံပင်ရှည် ဖားဖားနှင့် အများတကာက လမ်းသရဲဟု သမုတ် ကြတော့မည်။
သူလို ကောင်လေးတွေ မြန်မာနိုင်ငံမှာ အမှန် ရှိသည်။ ဘယ်နှစ်ယောက်လဲ ဟူ၍ စာရင်း အတိအကျ မရှိ၍ မပြောတတ်။ သို့သော် တယောက်ကစ တရာ ဖြစ်လာသောအခါ ပြဿနာ တက်လိမ့်မည်။
သင်းတို့ကို သနားပါသည်ဟု ပြောနေကြသော်လည်း သူ့ကို ဘယ်လို ပြန်လည် ထူထောင်ပေးကြမည်နည်း။
ရှေးအခါကမူ ဤကဲ့သို့ လေနှင့် အတူ လွင့်နေသော သူငယ်များကို လူမှုဝန်ထမ်းသမားတို့က စုံစမ်း ရှာဖွေ၍ လူငယ်များ ဂေဟာသို့ ပို့ပြီးလျှင် ထိုဂေဟာမှာ အသက် မွေးဝမ်းကျောင်း အတတ် တခုခု သင်ပေး၍ ကြီးပြင်းလာသော အခါ အလုပ်အကိုင် နေသားတကျ ဖြစ်အောင် ဆောင်ကြဉ်း ပေးသည်ဟု ကြားဖူးသည်။
ယခုမှာမူ ဤကိစ္စကို ဆိုင်ရာ ဖခင်နှင့် ဆွေမျိုး ဉာတိတို့ကလည်း ဘာမျှ မလုပ်၊ အရပ်ကလည်း ဆိုင်သူက ဘာမျှ မလုပ်သောကြောင့် ဘာမျှမလုပ်နိုင်။ ဤကဲ့သို့ ဘာမျှ မလုပ်ခြင်းကြောင့် ဘာမျှမဖြစ်၊ ကောင်ကလေးသာလျှင် လေနှင့် အတူ လွင့်နေသည်။
ရောဂါ ဆိုသည်မှာ နုတုန်း ကု၍ လွယ်သည်။ သို့သော် ရောဂါရသည် မရသည်ကို မသိလျှင် သေခါနီး အင်ဂျက်ရှင်း တချက် ထိုးပြီး နောက် အသက် အထွက်ဖို့သာ ရှိမည်။
သည်ကောင်ကလေးလို အဖြစ်အပျက်မျိုး မိမိ ပတ်ဝန်းကျင်မှာ ရှိသလား။ ရပ်ကွက် ဆိုင်ရာ လူကြီးများ သိဖို့ လိုသည်။ ရှိလျှင် ဘယ်လို လုပ်မလဲ။ နည်းလမ်း ရှာဖို့ လိုသည်။
လေနှင့်အတူ လွင့်နေသော အမှိုက်စကလေး တခုကို ကြည့်လျှင် ဘာမျှ အရေးမကြီးဟု ထင်စရာပင်။
သို့သော် အမှိုက်စကလေးမှ အမှိုက်ပုံကြီး ဖြစ်လာသော အခါ ထိုအမှိုက်ပုံသည် အတွင်းမှ လှိုက်၍ ပူနေသောကြောင့် အလိုလို ထပြီး မီးတောက်လိမ့်မည်။ ။
(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပါရမီ စာပေတိုက်က ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “မောင်ထင် အတွေးပဒေသာ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)