ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ပြင်ဦးလွင်-မိုးကုတ်လမ်း၊ နောင်ချို အုမ္မတီး၊ အုမ္မခါးလမ်းခွဲမှ ရှမ်းနှင့် လီဆူတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့မှ ဝင်ရောက်ကာ တပ်သားသစ်စုဆောင်းခြင်း ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ လူသစ်စုဆောင်းမှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး ကျေးရွာများအတွင်းသို့ SSPP ယူနီဖောင်းဝတ် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး တပ်ခွဲမှူးအဆင့်မှ ဦးဆောင်၍ အင်အား ၁၀ ဦးခန့်ဖြင့် တအိမ်တက် တအိမ်ဆင်းလိုက်၍ အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူငယ်များဖြင့် လာရောက် လဲလှယ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
အင်းမရွာမှ ဒေသခံတဦးက “SSPP အဖွဲ့က ရွာတွေမှာ လူတွေကို ဝင်ဆွဲနေကြတာ၊ သူတို့က ဝင်ချင်တဲ့အချိန် ဝင်လာ ကြတာ၊ ညနေပိုင်းတွေ ပိုပြီး များတယ်၊ တွေ့တဲ့သူကို ဆွဲသွားပြီးမှ ဘယ်နှယောက် ပေးရမယ်ဆိုတာမျိုးနဲ့ အစားထိုး လဲခိုင်းနေတာမျိုးဗျ၊ သူတို့ဆီမှာ စာရင်းတွေရှိတယ်၊ မိသားစုတခုမှာ သား ၂ ယောက်ရှိတယ်ဆိုရင် တယောက်ကို ပေးနေရတာမျိုး၊ သူတို့ဝင်လာတဲ့အချိန် အဖေ၊ အမေ၊ အမ၊ ဦးလေး၊ အဒေါ်စတဲ့ တွေ့တဲ့သူကို ခေါ်သွားပြီးမှ အစားထိုး ပြန်လာပို့မှ လွှတ်ပေးနေတာမျိုးဗျ”ဟု ပြောသည်။
ယင်းသို့ လူစားထိုး လဲလှယ်ပေးနိုင်ခြင်းမျိုး မရှိလျှင် တလ ကျပ်သိန်း ၂၀ ခန့် လစဉ်ကြေးပုံစံမျိုး ကျေးရွာများက ပေးဆောင်ကြရသလို ဖမ်းဆီးခံရသူများအား ငွေကြေးသတ်မှတ်ချက်ဖြင့် ပြန်ရွေးခိုင်းခြင်းလည်း ရှိကြောင်း သိရသည်။
ယင်းသို့ လူသစ်စုဆောင်းခြင်းကို နောင်ချိုမြို့နယ်အတွင်းရှိ သပြေဒိုး၊ ဘန့်ဘွေးကျင်း၊ ဟိုခဲ၊ ကုန်းကြီး၊ ကြူအင်း၊ ကောင်း ဟုန်း၊ ကောင်းမဟီး၊ ပင်တီး၊ ရေဦး၊ ဟိုခို၊ အင်းမ၊ ဒိုးပင်၊ ရွာသစ်၊ ကျောက်ကြီး၊ ပင်းဘုရားစသည့်ကျေးရွာများတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများအား ကူညီပေးနေသူတဦးက “အခုဖြစ်နေတာက ပြင်ဦးလွင်-မိုးကုတ်လမ်းဘေးက ရွာတွေနဲ့ နောင်ချိုဘက်ကို ဝင်တဲ့ အုမ္မသီး၊ အုမ္မခါးဘက်က ရွာတွေဘက်မှာ ဖြစ်နေတာ၊ အဓိကတော့ မိုးကုတ်လမ်းပေါ်နဲ့ နောင်ချိုလမ်းပေါ်တွေမှာ ဖြစ်နေတာပါ၊ မိုးကုတ်နဲ့ မတ္တရာအစပ်နားက ရှမ်းရွာတွေလည်း ပါတယ်၊ အဓိတော့ ရှမ်းရွာတွေနဲ့ လီဆူရွာအချို့ကို လူသစ်စုဆောင်းတာမျိုးတွေ လုပ်နေကြတာပါ”ဟု ပြောသည်။
SSPP/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ရှိကာ တပ်မဟာ ၈ ခု၊ တပ်ရင်း ၃၀ ကျော်ဖြင့် မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမောက်၊ ပင်လုံ၊ ရပ်စောက် ဒေသများကို အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်သည်။
သပြေဒိုးကျေးရွာဒေသခံတဦးက “အခုက ရွာတွေကို ဝင်ပြီး တွေ့ရာလူကို ဆွဲခေါ်တာမှာ အသက်ကြီးတဲ့သူတွေ၊ မိန်းမတွေ၊ ကလေးတွေ ပါသွားတော့ လုံခြုံရေးက မကောင်းတော့ တခုခုဖြစ်သွားရင် ကျနော်တို့မှာ ရင်ကျိုးရတာပဲရှိတယ်၊ တိုင်စရာ လည်း မရှိဘူး၊ အားကိုးစရာလည်း မရှိဘူး ဖြစ်နေကြရပါတယ်”ဟု ပြောသည်။

ယခုအခါ နောင်ချိုမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တို့ကြား တိုက်ပွဲ ဖြစ်ပွားမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရချိန်တွင် ယခုကဲ့သို့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် စိုးရိမ် ထိတ်လန့်နေရကြောင်း သိရသည်။
ဒေသခံများအား ကူညီနေသူတဦးက “ပြန်ပေးဆွဲတဲ့ပုံစံမျိုး ဖြစ်နေတာ၊ သူတို့ မူရင်း ရည်ရွယ်ချက်က အသက်ပြည့်ပြီး သား တွေ ဆိုပေမယ့် ဒေသခံတွေကလည်း စစ်သားကောက်ခံရမှာ ကြောက်လို့ အသက်ပြည့်ပြီးသား လူငယ်တွေကို ရွာမှာ မထားကြတာ များတယ်၊ အဲဒီလိုမျိုတွေကြောင့် သူတို့ ဝင်လာပြီဆိုရင် အိမ်မှာရှိတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ခေါ်သွားပြီးမှ အသက်ပြည့်ပြီးသားသူတွေနဲ့ ပြန်လဲခိုင်းနေတာမျိုးဗျ၊ အကယ်၍ လဲလှယ်တာမျိုး မရှိဘူးဆိုရင် ဖမ်းသွားတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို လုံခြုံရေးတာဝန်မျိုး ထမ်းဆောင်ခိုင်းတာတွေ လုပ်နေကြတာ”ဟု ပြောသည်။
SSPP အနေဖြင့် ယောက်ျားလေးများကိုသာ ဦးစားပေးရွေးခေါ်နေခြင်းဖြစ်ကာ မိသားစုတစုတွင် သားယောက်ျားလေး ၂ ဦး၊ ၃ ဦး ပါလျှင် တဦး မဖြစ်မနေ ပေးနေရခြင်းမျိုးဖြစ်ပြီး တရွာလျှင် အနည်းဆုံး လူသစ် ၄ ဦးထိ ပေးနေရကြောင်း သိရသည်။
အင်းမဒေသခံက “အချို့မိသားစုတွေမှာက သားသမီး ၃ ယောက်၊ ၄ ယောက်ထိ ရှိကြတယ်ဆိုပေမယ့် စီးပွားရေး မပြေ လည်၊ လုပ်ကိုင်စားသောက်ရ ခက်ခဲလာတာမို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာမျိုးတွေ ရှိတယ်၊ အိမ်မှာ ကျန်တယ် ဆိုတာကလည်း အလုပ်မလုပ်နိုင်သေးတဲ့ ကလေးအရွယ်တွေက ပိုများတယ်လေ၊ အဲဒီမှာ ပေးစရာလူက မရှိတော့ အရမ်း ခက်ခဲနေကြရပါတယ်”ဟု ပြောသည်။
လူသစ်စုဆောင်းခံရမှုများအား နယ်မြေတွင် ရှိနေသည့် တအာင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့များထံသို့ တိုင်ကြား အကူအညီ တောင်းခံခြင်းများလည်း ရှိနေသော်လည်း SSPP နှင့် ဒေသခံများကြား နိုင်ငံရေး၊ စစ်ရေးများအရ ဝင်ရောက် ဖြေရှင်းပေးနိုင်ခြင်းမျိုးမရှိဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့လည်း ရှမ်းလူမျိုးတွေပါ၊ ကိုယ့်အမျိုးကို ချစ်ပါတယ်၊ လူစုတာလည်း စုပါ၊ ကျနော်တို့ လည်း တတ်နိုင်တာထက် ပိုပြီး ကူညီပေးနေပါလျက်နဲ့ အခုလိုမျိုး ပြန်ပေးဆွဲသလို အချိန်မတော် ဝင်ပြီးတော့ နှိပ်စက်တာ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်၊ ဖြစ်သင့်တာက ရပ်နဲ့ရွာနဲ့ နေကြတာမို့ လူကြီးကို ခေါ်တွေ့ပြီး ဘယ်လိုမျိုးတော့ ကူညီ ပေးပါဆိုတာမျိုးပေါ့၊ အဲဒီလိုမျိုး အေးအေးဆေးဆေး စကားပြောပေးကြပါ၊ ကျနော်တို့လည်း တတ်နိုင်သလောက် ကူညီ ပေးသွားမှာပါ”ဟု ပြောသည်။
SSPP မှ နောင်ချိုမြို့နယ်အတွင်း အတင်းအဓမ္မ လူသစ်စုဆောင်းမှုများ ပြုလုပ်နေမှုအပေါ် SSPP နှင့် ရှမ်းလူ့အခွင့်အရေး အဖွဲ့အစည်းများသို့ ဧရာဝတီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ထို့အတူ မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့အပါအဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသောဒေသများတွင်လည်း အသက် ၁၆ နှစ် မှ ၅၀ နှစ်အောက်ရှိသူများအနေဖြင့် စစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှု မထမ်းပါက ပိုင်ဆိုင်မှုအားလုံး သိမ်းယူမည်ဟု MNDAA က အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများက ဆိုသည်။
ပန်ဆိုင်းမြို့ ဘုန်းကြီးကျောင်းတွင် ဒေသခံများကို MNDAA တပ်ဖွဲ့ဝင်တဦးက ပြောကြားခဲ့သည့်ရုပ်သံဖိုင်တွင် “သားယောက်ျားလေး ၂ ယောက်ရှိတယ်ဆိုရင် တယောက် တာဝန်ထမ်းဆောင်ရမယ်၊ သားယောက်ျားလေး မရှိဘဲ မိန်းကလေး ၂ ယောက်ရှိတယ်ဆိုရင်လည်း တယောက်က တာဝန်ထမ်းဆောင်ရမယ်၊ သားသမီး ၃ ယောက်ရှိတယ်ဆိုရင် တယောက် တာဝန် ထမ်းဆောင်ရမယ်၊ ၅ ယောက်ရှိတယ်ဆိုရင် ၂ ယောက် ထမ်းဆောင်ရမယ်”ဟု ဆိုသည်။
ထို့ပြင် ကိုးကန့်တပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့သည့် ဒေသများအတွင်း နေရပ်မှ စွန့်ခွာပြီး လူနေထိုင်မှု မရှိသော နေအိမ်များကို ချိပ်ပိတ် သိမ်းဆည်သွားမည်ဖြစ်သလို ပန်ဆိုင်းမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်ကြသူများ၊ နေအိမ်တွင် မရှိသူများ အနေဖြင့် MNDAA ထံ အိမ်ထောင်စုစာရင်း ပေးပို့ခြင်း မရှိပါက လူနေထိုင်မှု မရှိသော နေအိမ်အဖြစ် သတ်မှတ်ကာ ပိုင်ဆိုင်မှုများကို သိမ်းယူသွားမည်ဟု MNDAA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေး ပြင်းထန်နေပြီး ညအချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိနေသဖြင့် ဒေသခံများ နေရပ်ပြန်နေပါက အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲပြီး စစ်သားစုဆောင်းမှု ပြုလုပ်ခြင်း၊ နိုဝင်ဘာ ၂၄ ရက်နေ့က လောက်ကိုင်မြို့မှ ထွက်ပြေး တိမ်းရှောင်လာသည့် အသက် ၁၈ နှစ်မှ ၂၈ နှစ်အရွယ် လူငယ် ၇ ဦးကို ချင်းရွှေဟော်မြို့မရောက်ခင် MNDAA က စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး မှတ်ပုံတင်များကိုလည်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြထားသည်။
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကလည်း “တပ်သားသစ် စုဆောင်းမှု မူဝါဒအတိုင်း လုပ်ဆောင်နေတယ်၊ တပ်သားသစ်စုဆောင်းတဲ့ မူဝါဒအတိုင်း လုပ်ဆောင်တာ ဖြစ်ပါတယ်”ဟု ဒေသမီဒီယာများအား ဖြေကြားထားသည်။
You may also like these stories:
မိုင်းကိုင်တွင် အရပ်သားတဦးကို SSPP ပစ်သတ်ဟုဆို
SSPP ၏ မူဝါဒနှင့် အနာဂတ်ခြေလှမ်း ဘာလဲ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်
စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်
တပြည်ထောင်စနစ် ပြိုကွဲခြင်းကို တားဆီးမရ














