စင်ကာပူနှင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများရှိ မြန်မာလုပ်သားများထံမှ ဝင်ငွေခွန် အတင်းအကျပ် ကောက်နေသော စစ်ကောင်စီ၏ နိုင်ငံခြားဘဏ် ငွေစာရင်းများကို သက်ဆိုင်ရာနိုင်ငံအစိုးရများက ထိန်းချုပ်ပိတ်သိမ်းရန် မြန်မာ့အရေး လှုပ်ရှားနေသော လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုလျက်ရှိသည်။
Justice For Myanmar မှ ပြောခွင့်ရ မရတနာမောင်က “စစ်အုပ်စုက အကြမ်းဖက်စစ်ဆင်ရေးမှာ လိုအပ်တဲ့ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်နိုင်ဖို့ ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဆီကနေ အခွန်ငွေကို ဥပဒေမဲ့ ဖိနှိပ် ကောက်ခံနေတာ ဖြစ်တယ်။ သက်ဆိုင်ရာအစိုးရတွေ အပါအဝင် ဒေသတွင်းဘဏ်တွေ အနေနဲ့ ပြည်ပမှာအလုပ်လုပ် နေတဲ့ မြန်မာလုပ်သားတွေအပေါ် ဖိနှိပ်အခွန်ကောက်ရာမှာ အသုံးပြုနေတဲ့ စစ်အုပ်စု ထိန်းချုပ် ထားတဲ့ ဘဏ်အကောင့် တွေကို ပိတ်သိမ်းဖို့ လိုအပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
Justice For Myanmar သည် မြန်မာစစ်တပ်၏ အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံတကာကုမ္ပဏီများထံမှ စစ်လက်နက်ပစ္စည်း တင်သွင်းမှုများနှင့် မြန်မာလက်နက်ပွဲစားများအကြောင်း စုံစမ်းဖော်ထုတ်ကာနိုင်ငံတကာမှ ပိတ်ဆို့အရေးယူနိုင်ရန် မြန်မာ့ အရေးနှင့်ပတ်သက်၍ လှုပ်ရှားနေသော အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည်။
လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကြောင့် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများ ဆက်တိုက် ဆုံးရှုံးနေရာ ပြည်သူများအပေါ် ပစ်မှတ်ထားသော အကြမ်းဖက် စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်ရန် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းကဲ့သို့သော စစ်ဖက်ဆိုင်ရာကိစ္စရပ်များတွင် သုံးရန် နိုင်ငံခြားငွေ အရေးတကြီး လိုနေကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီ၏ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စင်ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်းနှင့် သံရုံးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဟု ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် စင်ကာပူနိုင်ငံအတွင်း နေထိုင်ခွင့်အမျိုးအစားအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအပေါ် အခွန် ၂ ရာခိုင်နှုန်း ထမ်း ဆောင်ရမည် ဖြစ်ကာ Employment Pass (EP) ကိုင်ဆောင်ထားသူများသည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၃,၀၀၀၊ Skill Pass (S-Pass) ရရှိထားသူများသည် အနည်းဆုံးလစာ စင်ကာပူ ဒေါ်လာ ၁,၄၀၀နှင့် Work Permit ရရှိထားသူများ သည် အနည်းဆုံးလစာ စင်ကာပူဒေါ်လာ ၄၀၀ အပေါ် ၂ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည်ဟု ဖော်ပြထား သည်။
စင်ကာပူအပြင် တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများထံမှလည်း လစာ ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ နိုင်ငံများရှိသံရုံးများက ယခုရက်ပိုင်းအတွင်း အသီးသီးထုတ် ပြန်ထားကြသည်။
ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများထံမှ ဝင်ငွေခွန်များကို စစ်ကောင်စီသာ အသုံးချခွင့်ရရှိ သွားမည်ဆိုပါက အရပ်သားပစ်မှတ်များကို မခွဲခြားဘဲ တိုက်ခိုက်မှုများ လုပ်ဆောင်မည့် စစ်လက်နက်များနှင့် လေကြောင်း စစ်ဆင်ရေး များအတွက် အရေးပါသော လေယာဉ်ဆီ ဝယ်ယူရေး အသုံးချမည်ဖြစ်ခြင်းကြောင်း၊ ထို့အတွက် သက်ဆိုင်ရာနိုင်ငံများက ကန့်ကွက်ရန် လိုကြောင်း Blood Money – သွေးစွန်းငွေအဖွဲ့မှ ကိုရဲက ဧရာဝတီသို့ ပြောသည်။
Blood Money – သွေးစွန်းငွေအဖွဲ့သည် စစ်ကောင်စီနှင့် နိုင်ငံခြားကုမ္ပဏီများတို့ကြား အကျိုးစီးပွား ပူးပေါင်းလုပ်ဆောင်မှုမှ ရရှိသော နိုင်ငံခြားငွေများကို စစ်ကောင်စီထံ မစီးဝင်ရေးအတွက် လူထုလှုပ်ရှားမှုများ ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သည်။
၎င်းက ဆက်လက်၍ “သူတို့လက်ထဲ ပိုက်ဆံရှိနေသရွေ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ဖို့ စစ်အုပ်စု သက်ဆိုးရှည်မှာကို စိုးရိမ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာနိုင်ငံတွေကလည်း မဆိုင်သလိုနေလို့ မရသလို၊ သူတို့ဘက်ကလည်း ကန့်ကွက်ဖို့လို ပါတယ်။ စင်ကာပူတို့၊ ထိုင်းတို့ကလည်း စစ်အုပ်စုက အသုံးပြုနေတဲ့ ဘဏ်တွေကို ပိတ်ဆို့ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင် စစ်အုပ်စုနဲ့ အလိုတူအလိုပါ မြန်မာပြည်သူတွေကို ဖိနှိပ်ရက်စက်သူတွေအဖြစ် မြန်မာပြည်သူတွေက မြင်ကြမှာဖြစ်ပါတယ်။ အဲဒီအတွက် စင်ကာပူတို့၊ ထိုင်းတို့ဟာ တနေ့မှာ ပြန်ပြီး တာဝန်ယူ တာဝန်ခံရမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။
လတ်တလော ဝင်ငွေခွန် အတင်းအကျပ်ကောက်ခံမှုမှ ရလာမည့် နိုင်ငံခြားငွေများကို စစ်ကောင်စီထံ မစီးဆင်းစေရေး အတွက် မြန်မာ့အရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားနေသော အရပ်ဘက်အဖွဲ့များ အပါအဝင် မြန်မာအလုပ်သမား အရေး လှုပ်ရှားနေသည့် အဖွဲ့များကလည်း စီစဉ်ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ဥပဒေ ကြောင်းအရ တုံ့ပြန်မှုများ လုပ်ဆောင်ရန် လိုကြောင်း ကိုရဲက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ဝင်ငွေများထဲမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ခိုင်း သည့် ကိစ္စသည် ထိုငွေများဖြင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို တိုက်ခိုက်ရာ၌ အသုံးပြုမည်ဖြစ်၍ စစ်ကောင်စီ ၏ အခွန်ကြေညာချက်ကို ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့၌ မြန်မာလုပ်သားများက ချီတက် ဆန္ဒပြခဲ့ကြသည်။
မြန်မာအလုပ်သမားများ သန်းချီရှိသော ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ဝင်ငွေမှ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရ မည်ဆိုပါက ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာနှင့် တွက်လျှင်ပင် စစ်ကောင်စီသည် တလကို ထိုင်းဘတ်ငွေ သန်း ၃၀၀ ကျော်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့လုပ်သားအရေးဆောင်ရွက်သူများက ပြောဆိုကြသည်။
ထို့အတူ စင်ကာပူတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၃ သိန်းဝန်းကျင် နေထိုင်အလုပ်လုပ်ကိုင်နေခြင်းကြောင့် လစာအနိမ့်ဆုံးဖြစ်သော စင်ကာပူဒေါ်လာ ၄၀၀ ရရှိသည့် Work Permit နှုန်းထားဖြင့် ပျမ်းမျှ တွက်ကြည့်မည်ဆိုပါက စစ်ကောင်စီသည် ၃ လစာ ဝင်ငွေခွန် စုစုပေါင်း စင်ကာပူဒေါ်လာ ၇ သန်းကျော်ထိ ရရှိနိုင်မည်ဖြစ်သည်။
စစ်ကောင်စီသည် ဝင်ငွေခွန်ကောက်ခံမှုကို သက်ဆိုင်ရာနိုင်ငံများဘက်က တင်းကျပ်လာနိုင်သဖြင့် ဘဏ်ငွေစာရင်းမှ ပေးသွင်းခြင်းအစား ငွေသားဖြင့် ကိုယ်တိုင်လာရောက် ပေးသွင်းခိုင်းသည့် စနစ်မျိုးဖြင့် စီစဉ် လုပ်ဆောင်နေကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်မှုသည် စစ်ကောင်စီ၏ နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်သော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် ငွေစာရင်းအလွှဲအပြောင်းကိစ္စများကို ကျော်လွှားနိုင်ရန် ဖြစ်ကြောင်း မြန်မာ့စီးပွားရေး သုတေသီ တဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ဒီလို လုပ်ဆောင်ချက်ကို ကြည့်ခြင်းဖြင့် ဒီစစ်အုပ်စုက တရားဝင်ငွေလွှဲတဲ့ လမ်းကြောင်းမဟုတ်တဲ့ အခြေအနေမျိုးတွေကို သူတို့ဖန်တီးပြီး လုပ်မယ့်ပုံမျိုးဖြစ်တယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အလွှဲအပြောင်းကိစ္စ အားလုံးကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ဗဟိုဘဏ်ကိုပါ ပိတ်ဆို့ အရေးယူဆောင်ရွက်ဖို့ လိုပါတယ် ” ဟု ပြောသည်။
၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ယခုနှစ် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခုကဲ့သို့ ကောက်ခံနေခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်း နှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုပါက လစာဝင်ငွေခွန် ထမ်းဆောင်ထားပြီး ကြောင်း ထောက်ခံစာလိုအပ်ခြင်းနှင့် ပြည်ပတွင် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ကိုလည်း လစာဝင်ငွေထဲမှ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံ လစဉ် သို့မဟုတ် ၃ လစာပေါင်း၍ ၃ လတကြိမ် တရားဝင် လမ်းကြောင်းမှ လွှဲပို့ရန်နှင့် လိုက်နာခြင်းမရှိပါက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဟု ထုတ်ပြန်ထား သည်။
You may also like these stories:
ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်
စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း
အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ