ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် နောက်ဆုံးကျန်နေသည့် မြဝတီမြို့ပြင်ရှိ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များ ယနေ့ ညနေ ၃ နာရီခန့်မှစ၍ တိုက်ခိုက်နေသည်။
လက်ရှိ KNLA ပူးပေါင်းတပ်များ မြဝတီမြို့အတွင်းသို့ ဝင်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်သလို ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးတဝိုက်တွင်လည်း ကရင်ပူးပေါင်းတပ်များ နေရာယူထားသည်ကို တွေ့ရသည်။
ထို့အတွက် မြဝတီမြို့တွင် တာဝန်ယူထားည့် ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။
ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်သည့် BGF အဖွဲ့သည် အာဏာသိမ်းစစ်တပ် လက်အောက်ခံအဖြစ်မှ ခွဲထွက်ကာ သီးခြား ရပ်တည်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရားဝင် ထုတ်ပြန်ပြောဆိုထားပြီး ကရင်နယ်ခြားစောင့် တပ်ဖွဲ့ဝင်အားလုံး ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ဆိုထားပြီးဖြစ်သည်။
မေး ။ ။ မြဝတီမြို့ထဲမှာ ကရင်တော်လှန်ရေးပေါင်းပူးပေါင်းတပ်တွေ နေရာယူထားလိုက်နိုင်ပြီဆိုတာ ဟုတ်လားခင်ဗျ။
ဖြေ ။ ။ နေရာယူထားတာက လိုင်းပေါ်မှာ တွေ့နေရတာပဲလေ။ ကျနော်တို့ကတော့ မြို့ထဲမှာရှိတယ်။ ၂၇၅ ဘက်ကတော့ ပစ်ခတ်သံတွေ ကြားနေရပါတယ်။
မေး ။ ။ ပြည်သူတွေအနေနဲ့ မြို့ထဲမှာ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ မြို့ပေါ်မှာ တော့ တိုက်ပွဲမဖြစ်အောင် ကျနော်တို့ အကောင်းဆုံးကြိုးစားပြီးတော့ ထိန်းသိမ်းနေတယ်။ မြို့ပြင်မှာ တော့ တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ ပစ်နေကြပြီ။ အသံတွေတော့ ကြားနေရတယ်။ မြို့ထဲမှာ တိုက်ပွဲ မဖြစ်အောင် ကျနော်တို့ အကောင်းဆုံး ထိန်းသိမ်းနေတယ်။
မေး ။ ။ မြို့ပြင်ဆိုတာ ဘယ်ဘက်လောက်လဲကို ပြောတာလဲဗျ။
ဖြေ ။ ။ အခု ၂၇၅ နေရာပေါ့။ ၂၇၅ နေရာက မြို့ပြင်ကျတာကိုး။
မေး ။ ။ မြို့တွင်း တချို့နေရာတွေမှာ ပစ်ခတ်သံကြားရတယ်လို့လည်း ပြောနေကြလို့လေ။
ဖြေ ။ ။ မဖြစ်ဘူး ။ မဖြစ်ဘူးနော်။ ကျနော်တို့ အခုပဲ မြို့ထဲကပတ်ပြီး ပြန်လာကြတာ။ အဓိက မြို့ပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်မှု ဖြစ်မှာစိုးလို့ ခုနကပဲ မြို့တပတ်ပတ်ပြီး ပြန်လာတာ။
မေး ။ ။ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားဘက်မှာ လက်မောင်းတံဆိပ် မပါတဲ့ ကရင်တပ်တွေ တွေ့ရတယ်။ အဲဒါ တော်လှန်ရေးပေါင်းတပ်ဖွဲ့တွေလား။
ဖြေ ။ ။ တံတား (၁) ထိပ်မှာ ကျနော်တို့အဖွဲ့တွေပါ။ တံတား (၁) ရော၊ တံတား (၂) ဘက်ရော ကျနော်တို့အဖွဲ့တွေ အကုန်လုံး လုံခြုံရေးယူထားတယ်။
မေး ။ ။ အဲဒါဆို ဗိုလ်မှူးတို့အဖွဲ့က KNA အဲဒီလိုမျိုးလား ။
ဖြေ ။ ။ အင်းပေါ့။ ကျနော်တို့က နောက်လမှာ KNA ဖြစ်လာမှာပေါ့။
မေး ။ ။ တံတား (၁) က တပ်ဖွဲ့ဝင်တွေမှာ လက်မောင်းတံဆိပ်တွေ မတွေ့ရလို့လေ။
ဖြေ ။ ။ ဟုတ်တယ် လက်မောင်းတံဆိပ်ကတော့ လောလောဆယ် မတပ်ကြတော့ဘူး။ လာမယ့် KNA လက်မောင်းတံဆိပ် ကို စောင့်နေကြတာပေါ့။
You may also like these stories:
မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်
သင်္ဃန်းညီနောင်ဗျူဟာကို KNLA သိမ်း၊ စစ်သုံ့ပန်း ၂၀ ခန့် ဖမ်းမိ