ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူပေါင်းတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရသည်။
မတ် ၇ ရက်မှစပြီး KNLA ပူးပေါင်းတပ်များက မြဝတီမြို့နှင့် ၁၀ မိုင်ကျော်သာ ကွာဝေးသည့် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခြေမြန်တပ်ရင်း ခမရ-၃၅၅ နှင့် ခမရ-၃၅၆ တို့ကို မတ်လထဲတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ဧပြီ ၅ ရက်တွင် သင်္ဃန်းညီနောင်ဗျူဟာကုန်းစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ သင်္ဃန်းညီနောင်၌ နောက်ဆုံးကျန်နေသည့် ခမရ-၃၅၇ တပ်ရင်းတခုလုံး အလံဖြူထောင် လက်နက်ချခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ခြေလျင်တပ်ရင်း ခလရ-၂၇၅ သာ ကျန်ရှိတော့ပြီး ယနေ့ နေ့လယ်ပိုင်းအချိန်ထိ တပ်မ-၄၄ တပ်မမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်တချို့ လက်နက်မချဘဲ ပြန်ခံတိုက်နေသဖြင့် KNLA ပူးပေါင်းတပ်များ မြဝတီမြို့အတွင်း ရောက်ရှိနေပြီသော်လည်း မြို့အား အလုံးစုံမထိန်းချုပ်နိုင်သေးကြောင်း၊ ခလရ-၂၇၅ တခုလုံး လက်နက်ချရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ဧရာဝတီ၏သတင်းရင်းမြစ်က ဆိုသည်။
သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ဧပြီ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း KNLA ဌာနချုပ်က ယနေ့ အတည်ပြုထုတ်ပြန်သည်။ သို့သော် ခမရ-၃၅၇ နှင့် ခလရ-၂၇၅ အခြေအနေနှင့် ပတ်သက်၍မူ ဖော်ပြထားခြင်း မရှိသေးပေ။
ယနေ့ နေ့လယ် ၁ နာရီခန့်မှစပြီး မြဝတီမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများအားလုံး ပြတ်တောက်နေကြောင်း လည်း သိရသည်။
မဲဆောက်မြို့ရှိ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတဦးက “ကျနော် မနက်အစောပိုင်းကဆက်တော့ ရသေးတယ်။ ပိုက်ဆံတွေ ဘာတွေလည်း လွှဲတာရသေးတယ်။ ငွေလဲ လွှဲပြီးလို့ ဖုန်းလည်းဆက်ရော လိုင်းလုံးဝ မရတော့ဘူး။ MPT တို့၊ Mytel တို့က စပြတ်တာ။ Atom ကတော့ နောက်ဆုံးပြတ်သွားတာ။ ဒီနေ့ ၁၂ နာရီ ၅၀ လောက်က စဖြစ်တာ။ အခု လုံးဝ ဆက်သွယ်လို့ မရတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် မြဝတီမြို့မှ စစ်ကောင်စီ အရပ်ဘက်ဝန်ထမ်းများနှင့် ဒေသခံအချို့သည် နေ့လယ်ပိုင်းမှစ၍ ထိုင်းနိုင်ငံ မဲဆောက် ဘက်သို့ ကူးလာနေကြောင်းလည်း မဲဆောက်မြို့ အငှားယာဉ်မောင်းတဦးက ဆိုသည်။
၎င်းက “တံတားထိပ်မှာ လူတွေ ကြိတ်တိုးနေတယ်တဲ့ ဒီဘက်ကူးဖို့” ဟု ပြောသည်။
ခလရ-၂၇၅ နှင့် မြဝတီမြို့တွင်းရှိ အသေးစိတ် အခြေအနေများအား ဧရာဝတီက ဆက်လက်စုံစမ်းပြီး ဖော်ပြပါမည်။
You may also like these stories:
သင်္ဃန်းညီနောင်ဗျူဟာကို KNLA သိမ်း၊ စစ်သုံ့ပန်း ၂၀ ခန့် ဖမ်းမိ
ဖာပွန်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး KNU ဆက်လက်စစ်ဆင်
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်