မြန်မာစစ်တပ်သည် မြေပြင်တွင် ပိုမိုဆုံးရှုံးလာချိန်၌ လေကြောင်းတိုက်ခိုက်မှုအတွက် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ဖြန့်ကြက်ထားသောကြောင့် အိမ်နီးချင်းမြန်မာ အထက်ကောင်းကင်ယံမှ ရေဒါအချက်ပေးသံများကို ထိုင်းလေတပ် အရာရှိများ လေ့လာစောင့်ကြည့်နေသည်။
ဧပြီလ အစောပိုင်း နှစ်ရက်အတွင်း ဗုံးကြဲရန်နှင့် ထောက်ပံ့ပို့ဆောင်ရန် ပျံသန်းမှု ၂၁ ကြိမ် ရှိကြောင်း ထိုင်းစစ်တပ်မှ အဆင့်မြင့်သတင်းရင်မြစ်တခုက Nikkei Asia သို့ ပြောသည်။
“ရုရှားလုပ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ထိုင်း-မြန်မာနယ်စပ်ကနေ ၁၀ ကီလိုမီတာလောက်နေရာမှာ ရွာတွေကို ဗုံးကြဲဖို့နဲ့ ရိက္ခာခဲယမ်းပေးပို့ဖို့ အသုံးပြုနေတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ရုရှားလုပ် MiG-29 ဂျက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျံသန်းမှုများကို ထိုင်း-မြန်မာနယ်စပ်အနီး အဓိကကုန်သွယ်ရေးမြို့ ကရင်ပြည်နယ်၊ မြဝတီသို့ စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးတပ်များထံ မဆုံးရှုံးမီနေ့တွင် ပြုလုပ်ခြင်းဖြစ်သည်။
KNU သည် လေကြောင်းတုံ့ပြန်မှုကို မျှော်လင့်ထားသည်မှာ အံ့သြစရာ မဟုတ်ပေ။ “စစ်ကောင်စီက သူတို့ရှုံးနိမ့်တိုင်း ရက်ရက်စက်စက် တုံ့ပြန်တတ်တယ်” ဟု KNU အဆင့်မြင့် ခေါင်းဆောင်တဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက Nikkei သို့ ပြောသည်။ “စစ်ကောင်စီက အခုနှစ်အစောပိုင်းကလို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မှာကို ကျနော်တို့စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီ၏ အသံနှုန်းအောက် ပျံသန်းနိုင်သည့် အပေါ့စားနှင့် လေ့ကျင့်ရေး Yak-130 များ၊ အသစ်ရရှိထားသော ဘက်စုံသုံး Su-30 ဂျက်တိုက်လေယာဉ်များ အပါအဝင် ရုရှားလုပ် လေယာဉ်အုပ်စုများသည် စစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတဝန်းမှ ကျယ်ပြန့်သောဒေသများတွင် လွန်ခဲ့သော ငါးလအတွင်း တိုက်ခိုက်မှု မြင့်မားလာခြင်းအတွက် တာဝန်ရှိသည်။ အောက်တိုဘာလနှောင်းပိုင်းက အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီတပ်ကို တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်တွင် အကြီးအကျယ် ချေမှုန်းပြီးနောက် ထိုသို့ လေကြောင်းတိုက်ခိုက်မှု မြင့်မားလာခြင်းဖြစ်သည်။
အမေရိကန် အခြေစိုက် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းတခုဖြစ်သော လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်ရပ်အချက်အလက် စီမံကိန်း (Armed Conflict Location and Event Data Project) ၏ လေ့လာမှုတခုအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ယခုနှစ် မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၈ ကြိမ် ရှိကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုများ၏ ၅ ပုံ ၁ ပုံနီးပါးသည် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ စစ်ပွဲအတွေ့အကြုံရင့် AA ကို ပစ်မှတ်ထားသည်ဟု ထိုအစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
ပါကစ္စတန်နှင့် တင်းမာမှုဖြစ်စေသည့် အဓိကအကြောင်းရင်းတခုမှာ မြန်မာလေတပ်တွင် တရုတ်နှင့်ပါကစ္စတန် ဖက်စပ်ထုတ်လုပ်သည့် JF-17 Thunder ဂျက်လေယာဉ် ၁၁ စီး ဖြစ်သည်။ ထိုလေယာဉ်များကို ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ဝယ်ယူထားခြင်း ဖြစ်သော်လည်း ပျံသန်းရန် မသင့်လျော်ဘဲ အစားထိုးရန် ရပ်နားထားရသည်။
လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Myanmar Witness က ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် လေ့လာမှုတခုအရ ၂၀၂၂ ခုနှစ်နောက်ပိုင်း ခြောက်လအတွင်း စစ်ကောင်စီသည် နိုင်ငံ၏ အုပ်ချုပ်ရေးဒေသ ၁၄ ခုအနက် ၁၀ ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု သိရသည်။ “လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်နေသည်” ဟု ၎င်းတို့၏ “Eyes on the skies” လေ့လာမှုတွင် ဖော်ပြသည်။
“ရုရှားနဲ့မြန်မာအကြား စစ်ဘက်ဆက်ဆံရေးက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမြင့်မားဆုံးဖြစ်လာတယ်။ အဲဒီလိုဖြစ်တာက ရုရှားက လက်နက်နဲ့ စစ်ဘက်သုံး ပစ္စည်းတွေ စစ်ကောင်စီကို ထောက်ပံ့နေတာက တစိတ်တပိုင်းပါသလို စစ်ကောင်စီက တရုတ်သြဇာကို ချိန်ခွင်လျှာညှိချင်တာလည်း တစိတ်တပိုင်းပါတယ်” ဟု အမည်မဖော်လိုသည့် ရန်ကုန်အခြေစိုက် နိုင်ငံရေးသုတေသီတဦးက Nikkei သို့ ပြောသည်။
ဘရပ်ဆဲလ်အခြေစိုက် သုတေသနလုပ်ငန်း နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) မှ ဝါရင့် ရုရှားရေးရာလေ့လာသူ အိုလက် အစ်ဂနာတော့ဗ် ကဲ့သို့သော အခြားသူများက ရုရှားသည် မြန်မာနှင့် သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း ဝန်ခံထားခြင်းကို ထောက်ပြသည်။
“ရုရှားမှာ နိုင်ငံအမျိုးမျိုးနဲ့ လက်နက်ရောင်းချရေး စာချုပ်အမျိုးမျိုးရှိတယ်။ မြန်မာက လေယာဉ်၊ လေကြောင်းကာကွယ်ရေးနဲ့ သံချပ်ကာ ကားတချို့ကို အဓိကအားဖြင့် စိတ်ဝင်စားတယ်။ ဆက်ဆံရေးက ကာကွယ်ရေး၊ စစ်ဘက်ဆက်ဆံရေးကိုပဲ အခြေခံတယ်” ဟု ၎င်းကပြောသည်။
ထိုအချက်ကို ကမ္ဘာ့လက်နက်လုပ်ငန်း ခြေရာခံသည့် သုတေသနအဖွဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် သုတေသန အင်စတီကျု (SIPRI) က မှတ်တမ်းတင်ထားသည့် နှစ်နိုင်ငံအကြား လက်နက်အရောင်းအဝယ်များက ရှင်းလင်းစွာ ထင်ဟပ်နေသည်။
“မြန်မာနဲ့ရုရှား၊ တရုတ်လည်းပါတယ်၊ သူတို့က သူတို့ရဲ့ လက်နက်ရောင်းချမှုတွေ သိပ်ပြီး လျှို့ဝှက်မထားဘူး” ဟု SIPRI မှ ဝါရင့်သုတေသီ ဆီမွန် ဝီဇီမန်က ပြောသည်။ “သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာကို အဓိက လက်နက်ရောင်းချသူတွေဖြစ်ပြီး တရုတ်က မြန်မာကို တင်သွင်းတဲ့ လက်နက် စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းရောင်းပြီး ရုရှားက ၄၁ ရာခိုင်နှုန်းရောင်းတယ်” ဟု ၎င်းကပြောသည်။
မြန်မာမှ ရုရှားလုပ်လေယာဉ်များတွင် MiG-29 များ၊ Mi-35 များနှင့် Yak-130s များအပြင် Mi-14P တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များလည်း ပါဝင်သည်။ Su-30 လေယာဉ် လေးစီးကိုလည်း ပေးပို့ထားပြီး နောက်ထပ် နှစ်စီး မှာယူထားကြောင်း SIPRI အချက်အလက်များအရ သိရသည်။
“အဲဒီလေယာဉ်အများစုကို မြန်မာခုခံတော်လှန်ရေး အင်အားစုကို တိုက်ခိုက်ဖို့ သုံးနေတာ နှစ်တော်တော်ကြာပြီ။ ယေဘုယျအားဖြင့် စက်သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ ပဲထိန်းမဲ့ ဗုံးတွေ မတိကျတဲ့လက်နက်တွေသုံးပြီး တိုက်တယ်” ဟု ဝီဇီမန်က ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အဆောက်အအုံ ပျက်စီးမှုများကြောင့် စစ်ကောင်စီသည် တိုင်းရင်းသားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ရမ်းသမ်းလုပ်နေသည်ဆိုသည့် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်စေသည်။
၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က များပြားလာသည့် ဥပဒေနှင့်မညီသော လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီကို ရှုတ်ချသည်။ “၂၀၂၃ ခုနှစ်၊ ဧပြီလက လေကြောင်းတိုက်ခိုက်မှုတခုတွင် မြန်မာစစ်တပ်သည် အပူချိန်နှင့်ဖိအား ပိုမိုမြင့်မားသည့် သာမိုဘားရစ် မီးလောင်ဗုံးများကို စစ်ကိုင်းတိုင်းတွင် အသုံးပြုပြီး အရပ်သား ၁၆၀ ကျော် သေဆုံးစေသည်” ဟု ထိုအဖွဲ့က ပြောသည်။
အိန္ဒိယနှင့်နယ်စပ် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်ကိုလည်း ပစ်မှတ်ထားသည်။
“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို နေ့ရောညပါ ပြုလုပ်ပြီး အရပ်သား ထိခိုက်သေဆုံးမှု အရမ်းများတယ်”ဟု ချင်းအမျိုးသားတပ်မတော် (CNA) ၏ နိုင်ငံရေးအဖွဲ့အစည်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ရွှေခါရ်းက Nikkei သို့ အိန္ဒိယနယ်စပ်အနီး ၎င်းတို့၏ တောင်ပေါ်အခြေစိုက်စခန်းဖြစ်သည့် ဝိတိုရိယစခန်းမှ ပြောသည်။ ဘုရားကျောင်းများ၊ ဘာသာရေးကျောင်းများနှင့် လူနေအိမ်များကို ရမ်းသမ်း ဗုံးကြဲတိုက်ခိုက်မှုများအကြောင်း ၎င်းကပြောသည်။
“လေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာစစ်တပ်က တနိုင်ငံလုံးမှာ နယ်မြေဆုံးရှုံးမှုတွေ များပြားလာတာကို တုံ့ပြန်ဖို့ တခုတည်းသော ထိရောက်တဲ့ နည်းလမ်းဖြစ်လာတယ်” ဟု ၎င်းကရှင်းပြသည်။
ကိုးကား ။ ။ Nikkei Asia သတင်း Myanmar regime sends Russian aircraft to bomb lost territory
You may also like these stories:
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
ကောလင်း လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့်အိမ်များ ပျက်စီး
လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ