မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ၇ ခုမှ အရပ်သား ၂ သိန်းနီးပါးကို စစ်ကောင်စီက တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်နေသည့် အကြမ်းဖက်သမားများ ဖြစ်သည်ဟုဆိုကာ လေကြောင်းမှ တိုက်ခိုက်နေသည်။
ထိုအကြမ်းဖက်သမား ဆိုသူများမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ် (PDFs) များသာမက အချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) လည်း ဖြစ်သည်။
လွန်ခဲ့သောနှစ် မတ်လမှ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ စစ်ကောင်စီသည် စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည်နယ်များရှိ မြို့နယ် ၁၀ ခုကျော်တွင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃၆ ကြိမ်ကျော် ပြုလုပ်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနနှင့် စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ကောက်ယူထားသော အချက်အလက်များအရ သိရသည်။
စစ်ကောင်စီသည် ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုကာ ဂျနီဗာကွန်ဗင်းရှင်းနှင့် နိုင်ငံတကာဥပဒေကို ပြောင်ကျကျ ချိုးဖောက်ပြီး ထိုဒေသများမှ အရပ်သားများကို သိမ်းကြုံးတိုက်ခိုက်သည်။ ထိုဥပဒေများက အရပ်သားများကို အကြမ်းဖက်ခြင်း၊ တိုက်ပွဲနှင့် မပတ်သက်သူများကို သတ်ဖြတ် ဒဏ်ရာရစေခြင်းနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို ဖျက်ဆီး၊ သို့မဟုတ် ပျက်စီးစေခြင်းကို တားမြစ်ပိတ်ပင်ထားသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တခုတည်းတွင် ဒေသခံ ၈၃,၀၀၀ သည် လွန်ခဲ့သောနှစ် မတ်လနှောင်းပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း အခင်းဖြစ်သည့် မြေပြင်တွင် နဖူးတွေ့ ဒူးတွေ့ လုပ်နေရသည့် ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ ဒေသခံ ၄၀,၀၀၀ ကျော်သည်လည်း အကြိမ်ကြိမ် လေကြောင်း တိုက်ခိုက်မှုများ၊ စစ်ကောင်စီနှင့် PDFs များအကြား တိုက်ပွဲများကြောင့် လွန်ခဲ့သော စနေနေ့မှ စတင်ထွက်ပြေးနေရသည်။
စစ်ကိုင်းတိုင်းတွင်လည်း အလားတူဖြစ်နေပြီး နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် စစ်ကောင်စီက ရွာများကို ဗုံးမိုးရွာသောကြောင့် ဒေသခံ ၃၀,၀၀၀ ကျော် ထွက်ပြေးနေရသည်။
လူအများအပြား ထွက်ပြေးနေရသည့်အပြင် အရပ်သားများသည် လေကြောင်း တိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရကြသည်။ ထိုလေကြောင်းတိုက်ခိုက်မှုများသည် အဓိကအားဖြင့် PDFs များ လှုပ်ရှားမှု အများဆုံးနေရာများနှင့် စစ်ကောင်စီတပ်များ အကြီးအကျယ် အထိနာနေသော နေရာများကို ပစ်မှတ်ထားသည်။ စုစုပေါင်းအားဖြင့် တနိုင်ငံလုံးတွင် လူပေါင်း ၂ သိန်းနီးပါးသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်ကြရသည်။
စစ်ကောင်စီသည် အရပ်သားများကို အမြောက်များဖြင့် ပစ်ခြင်း၊ လေကြောင်းတိုက်တိုက်ခိုက်မှု လုပ်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေကြောင်း NUG က ပြောသည်
စစ်ကောင်စီသည် အရပ်သားများကို အမြောက်များဖြင့် ပစ်ခြင်း၊ လေကြောင်းတိုက်တိုက်ခိုက်မှု လုပ်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေကြောင်း NUG က ပြောသည်။ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ယခင်စစ်အုပ်စုက ၁၉၉၂ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ဂျနီဗာကွန်ဗင်ရှင်း ၁၉၇၇ ခုနှစ် ပြင်ဆင်ချက် ကဲ့သို့သော ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေအရ တားမြစ်ထားကြောင်း ပြောသည်။
လေကြောင်း တိုက်ခိုက်မှုအများစုကို မကြာသေးမီက ရွှေ့ပြောင်းခံရသည့် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကြီးကြပ်သည်။ သူ၏ဆွေမျိုးများသည် ကုမ္ပဏီများ ထောင်ပြီး မြန်မာစစ်အုပ်စုနှင့် လေကြောင်းကဏ္ဍများသို့ ပစ္စည်းပေးသွင်းသည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း Reuters သတင်းဌာနက လွန်ခဲ့သောနှစ်တွင် စုံစမ်းစစ်ဆေးမှုအရ သိရသည်။
လေကြောင်း တိုက်ခိုက်မှုအများစုကို မကြာသေးမီက ရွှေ့ပြောင်းခံရသည့် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကြီးကြပ်သည်
စစ်ကောင်စီက သိမ်းကြုံး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းနှင့်အတူ ဧရာဝတီ သတင်းဌာနက အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုများကို မီးမောင်းထိုးပြလိုက်ပါသည်။
ကရင်ပြည်နယ်၊ ဖာပွန်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာရ
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ပထမဆုံးလေကြောင်း တိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားသည်။ ထိုနေ့အစောပိုင်းက စစ်ကောင်စီစခန်းတခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က သိမ်းပိုက်လိုက်ခြင်းကို လက်စားချေခြင်းအဖြစ် စစ်ကောင်စီ ဂျက်လေယာဉ် ၂ စင်းက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကျေးရွာတရွာကို ဗုံးကြဲသောအခါ ကရင်ကျေးရွာသား ၃ ဦးသေဆုံးပြီး လူအနည်းဆုံး ၇ ဦး ဒဏ်ရာရသည်။ ကျေးရွာသား တသောင်းကျော် နေအိမ်များမှ ထွက်ပြေးရပြီး KNLA ကလည်း ၎င်းတို့ပိုင်နက်ကို ကာကွယ်ရန် ခုခံစစ်အရှိန် မြှင့်တင်မည်ဟု ကြေညာသည်။
စစ်ကောင်စီ လေယာဉ်နှစ်စင်းက ကချင်ပြည်နယ်မှ အရပ်သားပစ်မှတ်များကို တိုက်ခိုက်
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲအပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီဂျက်လေယာဉ် ၂ စင်းက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ ကျေးရွာအများအပြားကို ဗုံးမိုးရွာသည်။ ထိုလေကြောင်း တိုက်ခိုက်မှုသည် အာဏာသိမ်းအပြီး ကချင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်။
ကယားပြည်နယ်၊ ဒီမောဆိုးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
ဒေသခံ PDF ဖြစ်သော KNDF (ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်) နှင့် ပြင်းထန်သော တိုက်ပွဲအတွင်း အကြီးအကျယ် ထိခိုက်သေဆုံးပြီးနောက် စစ်ကောင်စီက ကယားပြည်နယ်၊ ဒီမောဆိုးကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှု လုပ်ပြီး ထိုမြို့နယ်သည် ပထမဆုံးအကြိမ် ဗုံးကြဲခံရဖူးခြင်း ဖြစ်သည်။
ချင်းပြည်နယ်မှ အရပ်သားခုခံရေး တိုက်ခိုက်ရေသမားများ ဗုံးကြဲခံရ
၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဂျက်လေယာဉ်များသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ခုခံတိုက်ခိုက်ရေးသမားများကို ဗုံးကြဲသည်။ ထို ချင်း ခုခံတိုက်ခိုက်ရေးသမား အများစုမှာ တူမီး လက်လုပ်သေနတ်များကိုသာ ကိုင်ဆောင်သူများ ဖြစ်သည်။
မကွေး PDF များကို လေကြောင်း တိုက်ခိုက်ခြင်း
စစ်ကောင်စီသည် ရုရှားလုပ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းကို သုံးပြီး မကွေးတိုင်း၊ ဆောမြို့နယ်မှ ခုခံတိုက်ခိုက်ရေးအုပ်စု ၅ စု ပူးပေါင်းအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တိုက်ခိုက်သည်
စစ်ကောင်စီသည် ရုရှားလုပ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စင်းကို သုံးပြီး မကွေးတိုင်း၊ ဆောမြို့နယ်မှ ခုခံတိုက်ခိုက်ရေးအုပ်စု ၅ စု ပူးပေါင်းအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တိုက်ခိုက်သည်။
စစ်ကိုင်းတိုင်းတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၃ သောင်းကျော် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ကျေးရွာ ၁၅ ရွာတွင် နေထိုင်သူ ၃ သောင်းကျော်သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်များက အနီးရှိ ရွာတရွာမှ အရပ်သား ပစ်မှတ်များကို တိုက်ခိုက်သောအခါ ရွာများကို စွန့်ခွာထွက်ပြေးရသည်။
ထိုဒေသတွင် စစ်ကောင်စီတပ်များကို မကြာခဏ မိုင်းခွဲ၊ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ထိုလေကြောင်း တိုက်ခိုက်မှုကို ပြုလုပ်ခြင်းဖြစ်သည်။ လေကြောင်း တိုက်ခိုက်မှုများအတွင်း အရပ်သား ၂ ဦးသေပြီး ၃ ဦး ဒဏ်ရာရသည်။ ထိုနောက် စစ်ကောင်စီတပ်များသည် ထိုကျေးရွာများမှ နေအိမ်များနှင့် မော်တော်ဆိုင်ကယ်များကို ဖျက်ဆီးပစ်သည်။
စစ်ကိုင်းတိုင်း ခုခံရေးသမားများကို လေကြောင်းမှ တိုက်ခိုက်ခြင်း
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ခုခံတိုက်ခိုက်ရေးသမားများ PDF ကို တိုက်ရန် Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သုံးခဲ့သည်။ ထိုလေကြောင်း တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ က အနီးရှိကျေးရွာတခုကို သိမ်းပိုက်ပြီး အနီးရှိ ကျေးရွာများကို အမြောက်များဖြင့် ရမ်းသမ်းပစ်သောကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၂,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ လေကြောင်းတိုက်ခိုက်မှု
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကို လေယာဉ် ၅ စင်းပါဝင်သော စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုခံတိုက်ခိုက်ရေးသမား နှစ်ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ဒေသခံ ၃,၅၀၀ ကျော် နေရပ်စွန့်ခွာရသည်။
ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ရွာကိုဖြတ်သန်းလာသည့် ခရီးသည်တင် ယာဉ်တစီးကို စစ်ကောင်တပ်များက ပစ်ခတ်သောကြောင့် အရပ်သား ၆ ဦး အသတ်ခံရကြောင်း PDFs များနှင့် ဒေသခံသတင်းရင်းမြစ်တခုက ပြောသည်။ နွားကျောင်းနေသော အခြား နှမ်းခါးကျေးရွာသား ၂ ဦး သည်လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် ကြိုးဖြင့်တုပ်ကာ သတ်ဖြတ်ခံရသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြတ်ကျေးရွာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က လေယာဉ် ၅ စင်းဖြင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သောအခါ အမျိုးသမီးများ အပါဝင် အရပ်သား ၈ ဦးသေဆုံးပြီး နေအိမ် ၄၀ နီးပါး ဖျက်ဆီးခံရသည်။
တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းက ကျေးရွာများကို ပစ်ခတ်ပြီး အခြားရဟတ်ယာဉ် ၃ စင်းက စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို လေကြောင်းမှ ပို့ဆောင် ပေးသော်လည်း PDF ခေါင်းဆောင်များကို မမိပေ။ ထိုအခါ စစ်ကောင်စီတပ်များက အိမ် ၃၇ လုံး၊ ဆိုင်ကယ် ၃၀ စီးနှင့် ကျေးရွာလူမှုရေးအသင်းပိုင် ယာဉ်အပါအဝင် ယာဉ် ၃ စီးကို မီးတင်ရှို့ကြောင်း ရေဦး PDF က ပြောသည်။ လေကြောင်း တိုက်ခိုက်မှုများကြောင့် ရွာသား ၅၀၀ ကျော် ထွက်ပြေးရသည်။
စစ်ကိုင်းတိုင်း၊ ကလေးတွင် ကျေးရွာသား ၁၀ ဦး သေဆုံး
ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် PDF များကို တိုက်သည့် လေကြောင်း တိုက်ခိုက်မှုအတွင်း သိမ်းကြုံးပြီး လေကြောင်းမှ တိုက်ခိုက်သောကြောင့် ကျေးရွာသား အနည်းဆုံး ၁၀ ဦး သေဆုံးသည်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် PDF များကို တိုက်သည့် လေကြောင်း တိုက်ခိုက်မှုအတွင်း သိမ်းကြုံးပြီး လေကြောင်းမှ တိုက်ခိုက်သောကြောင့် ကျေးရွာသား အနည်းဆုံး ၁၀ ဦး သေဆုံးသည်။ ဒေသခံများ ထွက်ပြေးရပြီး အိမ်အချို့ ဖျက်ဆီးခံရသည်။
ကရင်ပြည်နယ် မြို့တခုကို ၃ ရက်ကြာ ဗုံးကြဲ
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒေသခံ PDF တို့နှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လေယာဉ်များသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ လေးကေကော်ကို ၃ ရက်ဆက်တိုက် လေကြောင်းမှ တိုက်သည်။ ထောင်ပေါင်းများစွာသော အရပ်သားများ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးရသည်။
ကယားပြည်နယ်၊ ဒီမောဆိုးကို လေကြောင်းမှ တိုက်ခိုက်ခြင်း
ကယားပြည်နယ်၊ ဒီမောဆိုးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကရင်နီတပ်မတော် (KA) နှင့် အခြားဒေသခံ ခုခံရေးအုပ်စုများ ပါဝင်သော ပြင်းထန်သည့် မြို့ပြတိုက်ပွဲတွင် မြေပြင်၌ ချေမှုန်းခံနေရသော စစ်ကောင်စီတပ်များကို ဂျက်တိုက်လေယာဉ် ၂ စင်းက တပ်ကူလာသည်။ ဒီမောဆိုးဒေသခံ တသိန်းခန့်သည် မြို့နယ်တွင်းတိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာပြီးဖြစ်သည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ကျေးရွာတိုက်ခိုက်ခံရ
ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကျေးရွာတခုမှ လူထုထောက်ခံမှုများသော PDF ခေါင်းဆောင်ကို ဖမ်းရန် မအောင်မြင်သော ကြိုးစားမှုအတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စင်းသုံးသည်။ ထိုခေါင်းဆောင်သည် လွတ်မြောက်သွားသော်လည်း ရွာသားရာချီထွက်ပြေးရပြီး အခြားသူများမှာ ရွာအတွင်း ပိတ်မိနေသည်။ PDF တိုက်ခိုက်ရေးသမားများ အပါအဝင် လူ ၂၀ ကျော်ကို စစ်ကောင်စီ တပ်များက နောက်ပိုင်းတွင် သတ်ဖြတ်လိုက်သည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို ဗုံးကြဲ
စစ်ကောင်စီတပ်များနှင့် PDFs, ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ KA ပူးပေါင်းတပ်အကြား တိုက်ပွဲနောက်ပိုင်း ဇန်ဝါရီလ ၁၁ ရက်နေ့တွင် လေကြောင်းအပြင် အမြောက်ကြီးများနှင့် တိုက်ခိုက်ခံရသောအခါ ကယားပြည်နယ်၊ လွိုင်ကော်မှ အရပ်သား ၆ ဦး သေဆုံးပြီး လူ ၄ သောင်းကျော် မြို့ကို စွန့်ခွာရသည်။ စစ်ကောင်စီက ထိုမြို့ကို ဂျက်တိုက်လေယာဉ် ၂ စင်းနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စင်းဖြင့် တိုက်ခိုက်သည်။
စစ်ကိုင်းတိုင်း၊ ကသာတွင် အရပ်သားပစ်မှတ်များ ဗုံးကြဲတိုက်ခိုက်ခံရ
စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၃ စင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကျေးရွာကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဗုံးကြဲသောအခါ သက်ကြီးရွယ်အို တဦးနှင့် အသက် ၆ နှစ်နှင့် ၇ နှစ်ရှိသော ကလေး ၂ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၁၀ ဦး အပြင်းအထန် ဒဏ်ရာရသည်။ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ကျေးရွာရှိ နေအိမ်နှင့် အဆောက်အအုံ ၁၀ လုံး ဖျက်ဆီးခံရသည်။
စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်မှု ကရင်ပြည်နယ်ဆေးရုံ ပျက်စီး
ကရင်အမျိုးသား အစည်းအရုံးက စီမံသော ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဆေးရုံတရုံသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်သောကြောင့် ပျက်ဆီးသွားသည်။ ယခုအကြိမ်သည် ထိုဆေးရုံကို ဒုတိယအကြိမ် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။
ကယားပြည်နယ်၊ ဖရူဆိုမှ ဒုက္ခသည်များ တိုက်ခိုက်ခံရ
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက်နေ့များတွင် စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနှင့် လေယာဉ်များက ဖရူဆိုမြို့နယ်နှင့် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်မှ ကျေးရွာတခုရှိ စစ်ဘေးရှောင် ၆၀၀ ခန့် ခိုလှုံနေသာ ဒုက္ခသည်စခန်းတခုကို ဗုံးကြဲသောကြောင်း ကလေးတဦးနှင့် ဆေးဝန်ထမ်း ၃ ဦး အပါအဝင် လူ ၆ ဦးသေဆုံးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Worst Myanmar Regime Airstrikes on Civilians ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ
ဖရူဆိုစစ်ရှောင်စခန်းကို လေကြောင်းမှဗုံးကြဲ၊ ကလေးငယ်အပါ ၃ ဦးသေဆုံး
ဗုံးခိုကျင်းများ တူးရန် ကယားအရပ်သားများကို တိုက်တွန်းထား