“ငါတို့ အခြေအနေကတော့ နယူးနော်မယ်ပေါ့ကွာ” ဟု ရခိုင် မြောက်ဦးမြို့မှ သူငယ်ချင်းက ဆိုသည်။ “နယူးနော်မယ်” (New Normal) ဆိုသည့် အသုံးအနှုန်းသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလက ပြန်လည် အသုံးများလာခဲ့သည့် ဝေါဟာရတခု ဖြစ်၏။ မြန်မာ ဘာသာစကားနှင့်ဆိုလျှင် “ပုံမှန်အခြေအနေသစ်” ဟု ဆိုရမည်ဖြစ်၏။ ယခင်ကကဲ့သို့ ပုံမှန်အခြေအနေ မဟုတ်တော့သော်လည်း၊ နှစ်လိုလက်ခံဖွယ် မဟုတ်သော်လည်း လက်ရှိအချိန်တွင် မလွှဲမရှောင်သာ လက်ခံထားရသည့် အခြေအနေကို ဆိုလိုကြခြင်းဖြစ်၏။
မတ်လ၊ ဧပြီလများသည် ပူပြင်းသည်။ ၂၀၂၄ ခုနှစ် မတ်၊ ဧပြီလက ပို၍ ပူပြင်းသည်။ မေလအထိ အပူက မလျော့ကျသေးပေ။ အပူလှိုင်းဖြတ်သည်ဟု ဆိုပါသည်။ သာမန်ထက် လွန်ကဲသည့် စံချိန်တင် အပူချိန်များကို ရခိုင် အပါအဝင် မြန်မာပြည်အနှံ့ တွေ့ကြုံနေရသည့် ကာလဖြစ်၏။ “နေကလည်းပူတယ်၊ နွေရာသီဆို ငါတို့ ရခိုင်က တချို့နေရာတွေ ရေရှားတာလေ၊ ဒီနှစ် ပိုဆိုးတာပေါ့” ဟု သူငယ်ချင်းက ဆို၏။
မြန်မာပြည် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၆ နှစ်အတွင်း၊ ၁၇၈၄-၁၇၈၅ ခုနှစ်တွင် ပဒုံမင်းက မြောက်ဦးကို သိမ်းပြီးနောက် နှစ်ပေါင်း ၂၄၀ ခန့်အတွင်း ၂၀၂၄ ခုနှစ်သည် ရခိုင်အတွက် အထူးခြားဆုံးနှစ် ဖြစ်ခဲ့သည်။ လွတ်လပ်ရစဉ်က ပြည်မ၏ အစိတ်အပိုင်း ‘ရခိုင်တိုင်း’ အဖြစ် ပါဝင်ခဲ့ရသော ရခိုင်သည် ၁၉၇၅ ခုနှစ်တွင် ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခြင်းခံခဲ့ရ၏။ မည်သို့ သတ်မှတ်သည်ဖြစ်စေ ပြည်မ ဗဟိုအစိုးရ၏ နာမည်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်သည့်အောက်တွင် ရှိခဲ့ကြ၏။
ယခု ၂၀၂၄ ခုနှစ်၊ မတ်လ၊ ဧပြီလများတွင် မြောက်ဦး၏ အခြေအနေသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မြောက်ဦးတွင် ပြည်မ အုပ်ချုပ်ရေး၊ ဗမာအုပ်ချုပ်ရေး၊ စစ်တပ်အုပ်ချုပ်ရေး မရှိတော့။ စစ်တပ်နှင့် ရဲလည်း မရှိတော့။ ပြည်ထောင်စုအလံလည်း မရှိတော့။
ယခု ၂၀၂၄ ခုနှစ်၊ မတ်လ၊ ဧပြီလများတွင် မြောက်ဦး၏ အခြေအနေသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မြောက်ဦးတွင် ပြည်မ အုပ်ချုပ်ရေး၊ ဗမာအုပ်ချုပ်ရေး၊ စစ်တပ်အုပ်ချုပ်ရေး မရှိတော့။ စစ်တပ်နှင့် ရဲလည်း မရှိတော့။ ပြည်ထောင်စုအလံလည်း မရှိတော့။ ရခိုင်အမျိုးသားအဖွဲ့ချုပ်နှင့် ရက္ခိုင့်တပ်တော် အလံများသာ ရှိတော့သည်။ ယခုတော့ ရက္ခိုင့်တပ်တော်အစား အာရက္ခတပ်တော် (AA) ဟု ပြောင်းလဲ ခေါ်ဝေါ်သည်ကို တွေ့ရ၏။
မြို့ဟောင်း (ခေါ်) မြောက်ဦး၏ နန်းတော်ရာကုန်းတွင် အာရက္ခ အလံနီနီရဲရဲများ လွင့်ပျံနေသည်ကို တွေ့မြင် ရနိုင်သည်။ မြောက်ဦးတွင် အခြေပြုသည့် စစ်တပ်၏ တပ်ရင်းဌာနချုပ် သုံးခုနှင့် ရဲတပ်ရင်း ဌာနချုပ်တခုကို AA က သိမ်းပိုက်လိုက်ပြီးနောက် ထွေအုပ်နှင့် ရဲ စသည့် နေပြည်တော်အစိုးရ၏ အုပ်ချုပ်ရေးယန္တယား ပျက်သုဉ်းသွား၏။
“အေး … အခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ” ဟူ၍ သူငယ်ချင်းက ဆိုသည်။
မြောက်ဦး နန်းတော်ရာကုန်းတွင် နီစွေးစွေး အာရက္ခအလံများကို တန်းစီ စိုက်ထူထားသည်ကို အများအပြား တွေ့ရ၏။ နီရဲသောအလံတို့သည် လေအဝှေ့တွင် တလွန့်လွန့် လှုပ်ခတ်နေကြ၏။ အလံဆိုသည်မှာ အဖွဲ့အစည်းတခု၊ နိုင်ငံတခု၏ အမှတ်သရုပ်လည်း ဖြစ်သကဲ့သို့၊ အထွတ်အမြတ်ထားရာလည်း ဖြစ်၏။ မြောက်ဦး နန်းတော်ရာကုန်း၌ တလူလူလွင့်နေသည့် အလံများကတော့ အာရက္ခ ပြည်သူများ၏ အချုပ်အခြာအာဏာကို ဖော်ညွှန်းနေသည်။
နှစ်ပေါင်းများစွာ အင်္ဂလိပ်နှင့် ဗမာတို့၏ အုပ်ချုပ်မှုအောက်မှ ရခိုင်တို့ လွတ်လပ်ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အစပြုသည်။ ပြင်းထန်သော၊ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများဖြစ်ပွားပြီး ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်များသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်က လွတ်မြောက်သွား၏။ စစ်တပ်၏ အုပ်ချုပ်ရေး လုံးဝပျက်သုဉ်းသွား၏။
“အရာရာက အိပ်မက်လိုပဲကွာ” သူငယ်ချင်းက ပြော၏။ “ဒီလိုဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီလို မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ မထင်မိဘူး” ဟု သူငယ်ချင်းက ဆိုသည်။ သူ့ထက်စာလျှင် စစ်တပ်ခေါင်းဆောင်များက ပို၍ မျှော်လင့်ထား မည်မထင်ဟု ကျနော် ယူဆမိသည်။ ရခိုင်မြောက်ပိုင်းရှိ အကျယ်ပြောဆုံး ဒေသဖြစ်သည့် မယူ၊ ကုလားတန်၊ လေးမြို့မြစ်ဝှမ်းအား စစ်တပ်အုပ်ချုပ်မှု ဆုံးရှုံးသွားမည်ကို စစ်တပ်က မျှော်လင့်ထားပုံမရပေ။
“အရာရာက အိပ်မက်လိုပဲကွာ” သူငယ်ချင်းက ပြော၏။ “ဒီလိုဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီလို မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့ မထင်မိဘူး” ဟု သူငယ်ချင်းက ဆိုသည်။ သူ့ထက်စာလျှင် စစ်တပ်ခေါင်းဆောင်များက ပို၍ မျှော်လင့်ထားမည် မထင်ဟု ကျနော် ယူဆမိသည်။ ရခိုင်မြောက်ပိုင်းရှိ အကျယ်ပြောဆုံး ဒေသဖြစ်သည့် မယူ၊ ကုလားတန်၊ လေးမြို့မြစ်ဝှမ်းအား စစ်တပ်အုပ်ချုပ်မှု ဆုံးရှုံးသွားမည်ကို စစ်တပ်က မျှော်လင့်ထားပုံမရပေ။

ရက္ခိုင့်တပ်တော် (ခေါ်) အာရက္ခတပ်တော်၏ စစ်ဆင်မှုများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် အစပြုခဲ့၏။ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ခြောက်လအကြာတွင် အခြေအနေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွား၏။ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ မြို့နယ်အားလုံး လွတ်မြောက်သွား၏။ ပလက်ဝ ဒေသတွင် အခြေစိုက် တပ်ရင်းတရင်း၊ ရှေ့တန်း စကခ ၁၉ နှင့် လက်အောက်ခံတပ်များ၊ တပ်မ ၁၁၊ ၂၂ မှ တပ်ရင်းအချို့ AA ၏ ချေမှုန်းခြင်းခံလိုက်ရ၏။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့ရှိ စကခ ၉ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ အမြောက်တပ်ရင်း တရင်းအား ချေမှုန်းနိုင်ခဲ့၏။ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် အခြေစိုက် တိုင်းတပ် နှစ်ရင်း၊ ရသေ့တောင်နှင့် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်း လေးရင်း တို့အပြင် ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်နှင့် တပ်ရင်း လေးရင်းတို့ လက်နက်ချသည်။
မောင်တောဒေသမှ တောင်ပြိုလက်ဝဲ၊ ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ လှဖိုးခေါင်း၊ အင်းဒင်စသည့် ဗျူဟာမြောက် နယ်ခြားစောင့် ရဲစခန်းကြီများစွာကို AA က သိမ်းပိုက်ရရှိခဲ့၏။ ဘူးသီးတောင်နှင့် မောင်တောကို ဝိုင်းပတ် ပိတ်ဆို့ထားနိုင်ခဲ့၏။ ခြောက်လအတွင်း အပြောင်းအလဲများက မြန်ဆန်လွန်းသည်။
နီမြန်းသည့် အာရက္ခ အလံတော်သည် စွန့်လွှတ်စွန့်စားခဲ့ကြသည့် အာရက္ခရဲဘော်များ၏ သတ္တိသွေးကို ကိုယ်စားပြုပေလိမ့်မည်ဟု ကောက်ချက်ချမိ၏။ သူငယ်ချင်းက ” ဟုတ်တယ်ကွ၊ တပ်တော် ရဲဘော်တွေ အများကြီးသွေးမြေကျ အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြရတာ” ဟု သူငယ်ချင်းကဆိုသည်။
“ဒါပေမဲ့ တပ်တော်အတွက် တပ်သားက အတင်းစုစရာ မလိုဘူးကွ။ တပ်ထဲဝင်ပြီး တိုက်ပွဲဝင်မယ့်သူတွေက တန်းစီစောင့်နေတာ၊ လူများလွန်းလို့ စောင့်ခိုင်းထားရတာ” ဟု သူငယ်ချင်းက ဆက်၍ဆိုသည်။ အတော်များများ တိုင်းရင်းသားတပ်များက တပ်သားအတင်း စုဆောင်းနေရချိန်၊ စစ်တပ်သည်ပင် အတင်းအဓမ္မ တပ်သားဆွဲနေရချိန်တွင် AA က တပ်ထဲဝင်၍ တိုက်ပွဲမည့်သူများ တန်းစီစောင့်ဆိုင်း နေရသည့်အချက်မှာ လွန်စွာထူးခြားသည်ဟု ဆိုရမည်။
ဤသို့သော အခြေအနေ အကြောင်းအချက်သည် များသည့် အခြေအနေများပေါ်မှ ပေါ်ပေါက်လာပါသနည်း။ ‘ကိုယ့်မင်းကိုယ်ချင်း၊ ကိုယ်ထီးကိုယ့်နန်းနှင့်’ ဆိုသည်စကားကို ဗမာများသာမက ရခိုင်တွေလည်း ပြောပိုင်ခွင့် ရှိသည်ဟု ရခိုင်သူငယ်ချင်းက ဆိုသည်။ မြောက်ဦး နန်းတော်ရာကုန်း၊ ရှစ်သောင်းဘုရား၊ ကိုးသောင်းဘုရား၊ အာနန္ဒစန္ဒြမင်းကျောက်စာ၊ မဟာမုနိ၊ ပုဏ္ဏားကျွန်း ဦးရာဇ်တော်ဆီက ရခိုင်ရေတပ်ဌာနချုပ် စသည့် အကြောင်းအရာများသည် သူတို့ရခိုင်တို့၏ အမျိုးသား အမွေအနှစ်များ ဖြစ်သကဲ့သို့ မေ့ပျောက်မရသည့် သမိုင်းများဟု သူငယ်ချင်းက ဆိုသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရခိုင် မြို့ရွာအတော်များများတွင် အချုပ်အခြာ အာဏာဆုံးရှုံးသည့် အထိမ်းအမှတ် အခမ်းအနားများကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပလာခဲ့ကြသည်။ ရခိုင်သမိုင်းကို ပြန်လည် ထုဆစ်ဖို့ ကြိုးစားလာခဲ့ကြသည်။ အင်္ဂလိပ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပမည့်အစား ရခိုင်အချုပ်အချာ ဆုံးရှုံးသည့် အထိမ်းအမှတ်ပွဲပြုပြီး အားသစ်မွေးကြသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရခိုင် မြို့ရွာအတော်များများတွင် အချုပ်အခြာ အာဏာဆုံးရှုံးသည့် အထိမ်းအမှတ် အခမ်းအနားများကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပလာခဲ့ကြသည်။ ရခိုင်သမိုင်းကို ပြန်လည် ထုဆစ်ဖို့ ကြိုးစားလာခဲ့ကြသည်။ အင်္ဂလိပ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပမည့်အစား ရခိုင်အချုပ်အချာ ဆုံးရှုံးသည့် အထိမ်းအမှတ်ပွဲပြုပြီး အားသစ်မွေးကြသည်။ ထိုနေ့သည် ၁၇၈၄၊ ၁၇၈၅ ခုနှစ်က ရခိုင်ကို စစ်အနိုင်တိုက်ပြီးနောက် ပဒုံမင်းက မြောက်ဦးမင်းဆက် အဆုံးသတ်ခဲ့သည့် အချိန်ကာလကို ရည်ညွှန်းသည်။
“နှစ်ပေါင်း ၂၄၀၊ ၂၅၀ လောက်က ကိစ္စဆိုတော့ အတိတ်သမိုင်း ဖြစ်ထားခဲ့လို့ မရဘူးလားကွာ” ဟု ကျနော်က သူကို ပြောကြည့်သည်။ “အင်း၊ ဗမာတွေနဲ့ အတူနေလို့ ငါတို့ ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်မယ် ဆိုရင်တော့ တမျိုးပေါ့ကွာ” ဟု သူငယ်ချင်းက ပြောသည်။
အမှန်ပင် ရခိုင်တွင် ကားလမ်းဆိုသည်က ၂၀၁၅ ခုနှစ် ဝန်းကျင်တွင်မှ တွေ့ရ၏။ လျှပ်စစ်မီးဆိုသည်က ၂၀၁၅ နောက်ပိုင်းမှ ရခိုင်သို့ ရောက်လာ၏။ အင်္ဂလိပ် အုပ်စိုးသည့် ကာလတလျှောက်လုံး နိုင်ငံခြားသို့ ဆန်တောက်လျှောက် တင်ပို့ရသည့် ဆန်ရေစပါး ပေါကြွယ်ဝသည့် ရခိုင်သည် စစ်တပ်အာဏာ သိမ်းပြီးသည့်နောက် ၁၉၆၆ တွင် ဆန်လုရသည့်ဘဝ ရောက်၏။
ထို့ကြောင့်လည်း ဘယ်စနစ်ဖြင့် အုပ်ချုပ်အုပ်ချုပ် လူတွေကို ထမင်းဝအောင် ကျွေးဖို့လိုသည်ဟု ဆိုကြခြင်း ဖြစ်ပုံရ၏။ ရခိုင်လူမျိုးတို့နှင့် နှိုင်းယှဉ်လျှင် ယဉ်ကျေးမှုအရ၊ သမိုင်းအရ နောက်ကျသော ရှမ်းမြောက်ရှိ ဝ လူမျိုးတို့က ကိုယ့်တပ်နှင့်ကိုယ် အုပ်ချုပ်ရေးဖြင့် ဗမာစစ်တပ်၏ စွပ်ဖက်မှုမခံဘဲ ဝ ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခြင်းသည်လည်း ရခိုင်လူငယ်များအတွက် အားကျစရာ ဖြစ်ခဲ့သည်။
“တကယ်တော့ လက်နက်ကိုင် လမ်းကြောင်း အားကောင်းလာတယ်ဆိုတာ နိုင်ငံရေးအရ ထွက်ပေါက် အပိတ်ခံရလို့ပါကွာ” ဟု သူငယ်ချင်းက ဆို၏။ ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တို့ နိုင်ငံရေးပါတီဖွဲ့၍ ရွေးကောက်ပွဲ ဝင်သည်။ အတော်အသင့်အနိုင်ရသော်လည်း စစ်တပ်ပါတီကပဲ ဝန်ကြီးချုပ်တာဝန်ယူ၍ အစိုးရဖွဲ့သည်။ တဖန် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်တို့ ပြည်နယ်ရွေးကောက်ပွဲတွင် အများစု အနိုင်ရသော်လည်း ၂၀၀၈ အခြေခံဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုက် (NLD) သမ္မတက ရခိုင်တွင် အမတ်အနည်းစုသာ အနိုင်ရခဲ့သည့် NLD အမတ်အား ဝန်ကြီးချုပ်တာဝန်ပေး၍ အစိုးရဖွဲ့ခဲ့၏။
“အဲဒီတော့ မင်းစဉ်းစားကြည့်ကွာ၊ ငါတို့ရခိုင်က ဗမာပြည်မှာ လူဦးရေမဲအရ သမ္မတ မဖြစ်နိုင်တော့ ရခိုင်မှာလည်း အစိုးရဖွဲ့လို့ မရဘူးပေါ့ကွာ။ ဒါ့အပြင် ရခိုင်လွှတ်တော်မှာ စစ်တပ်အစိတ်သား သဘောမတူရင် ဘာဥပဒေမှ ပြုလို့မရဘူးလေ” ဟု ပြောပါသည်။
“အေး ငါတို့ ရခိုင်မှာတောင် ပြည်နယ်အစိုးရလောက်မှ ဖွဲ့မရဘူးဆိုတော့ ဘယ်သူက ဒီလွှတ်တော် လမ်းကြောင်းကို ယုံကြတော့မှာလဲ၊ ဒါ့ပြင် ပြည်မမှာ စစ်တပ်တက်တက်၊ NLD တက်တက် ငါ့တို့အတွက် အခွင့်အလမ်း မရှိတော့ ဘယ်ဗမာကို ငါတို့က ယုံရတော့မှာလဲ၊ ငါတို့လူမျိုး အခွင့်အရေးအတွက် ရွေးစရာက သေနတ်ကိုင်ဖို့ ရှိတော့တာ။ ဗမာပြည်နိုင်ငံရေးက သေနတ်ကိုင်မှ လူရာဝင်တာလေကွာ” ဟု ရယ်မော၍ဆိုသည်။
“အေး၊ မင်းတို့ ဗမာတွေ၊ NLD တွေကတော့ သဘောမပေါက်ကြပါဘူး၊ ၂၀၁၉၊ ၂၀၂၀ တပ်တော်က ရခိုင်မှာ စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်တော့ ဆဲလိုက်ကြတာ မိုးကိုမွှန်လို့၊ အဲ ၂၀၂၁ မှာ စစ်တပ်က အာဏာ သိမ်းလိုက်တော့မှပဲ NLD တွေ၊ ဗမာတွေ ကိုယ်ချင်းစာကြတော့တာ။ ဒီကိစ္စတော့ စစ်တပ် ကျေးဇူးတင်ရမယ် ထင်တယ်ကွ” ဟု ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောပြန်၏။
ထို့ပြင် AA ၏ လက်နက်ကိုင် လမ်းကြောင်းကို လူထုက ထောက်ခံကြသည်။ ၂၀၁၉ ခုနှစ် စစ်ပွဲများ ဖြစ်ပွားစဉ်က မြောက်ဦးရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်းအား သွားရောက်ကူညီသော ပရဟိတအဖွဲ့မှ လူငယ်တဦး၏ “ဘယ်တော့ အိမ်ပြန်ရမယ်ထင်လဲ” ဆိုသည့် မေးမြန်းချက်အား စစ်ဘေးဒုက္ခသည် ရခိုင်အမျိုးသမီးကြီးတဦးက “ရခိုင်ပြည် လွတ်လပ်ရေးမှ ပြန်ရမယ် ထင်တယ်” ဟု ဖြေဆိုခဲ့၍ မေးမြန်းသူ ပရဟိတလူငယ် အံ့အားသင့်ခဲ့ရသည်။ ဤသည်မှာ လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက တွေ့ခဲ့ရသည့် ရခိုင်တို့၏ စိတ်ဓာတ်ဖြစ်၏။
၂၀၁၀ နှင့်၂၀၁၅ ရွေးကောက်ပွဲ ကာလက ရခိုင်ပါတီကို အားပေးခဲ့ကြသည့် ရခိုင်လူထုက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်လာသည့် ရခိုင်ပါတီမှ ပုဂ္ဂိုလ်များကို “လုပ်မနေပါနဲ့တော့၊ ဘာမှလည်း ရမှာ မဟုတ်ဘူး။ တပ်တော်ရှိပြီပဲ” ဟု ဆိုခဲ့ကြ၏။ ရွေးကောက်ပွဲနှင့် ဥပဒေတွင်းမှ ရခိုင်တို့အတွက် အခွင့်အရေးရမည်ဟု ရခိုင်လူထု မယုံကြည်ကြတော့ပေ။
“ဒီစစ်ပွဲမှာက တပ်တော် (AA) က ရှေ့က တိုက်ပွဲဝင်နေတဲ့အချိန် လူထုက နောက်ကနေပြီး ရွာစဉ်အလှည့်ကျ ထမင်းချက်ပို့ကြတာ၊ တို့ ရခိုင်လူထုက တပ်တော်ကို ကိုယ်ဖိရင်ဖိ စစ်မြေပြင်အထိ လိုက်အားပေး ကူညီခဲ့ကြတာ၊ အခု ရခိုင်အောင်မြင်မှုဆိုတာ ရခိုင်လူထုရဲ့ ထောက်ခံမှုနဲ့ ရတဲ့ပွဲပဲ။ ထမင်းချက်ပို့တယ်ဆိုလို့ ရခိုင်ရွာတွေပဲ ပို့တာ မဟုတ်ဘူးနော်။ ငါတို့ မြောက်ဦး၊ ကျောက်တော်နယ်ထဲမှာ မွတ်စလင်ရွာတွေကပါ အလှည့်ကျ ချက်ပို့တာ၊ အမိန့်နဲ့စီစဉ်တာ မဟုတ်ဘူးနော်၊ သူတို့ရွာတွေကိုက တောင်းဆိုပြီး လုပ်ကြတာ” ဟုဆိုသည်။

ရခိုင်ဒေသသည် စစ်ရေးအရ အောင်ပွဲရခဲ့သော်လည်း တပြည်နယ်လုံးအား မသိမ်းပိုက်နိုင်သေးသရွေ့ မပြီးပြတ်သေးပေ။ ”ငါတို့ ရခိုင်မှာ စစ်တပ် မရှိတော့ပေမဲ့ ပြဿနာတော့ ရှိသေးတယ်ကွ။ တခုကတော့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီစတဲ့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းခွင့်တွေ ပိတ်ဆို့ခံထားရတာ။ အစပိုင်း ကုန်ပစ္စည်းတွေကို ပြတ်သွားတာ။ အခုတော့ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ မကွေး၊ ချင်းတို့ဘက်က ပစ္စည်းတွေတော့ စဝင်နေပြီ။ ပစ္စည်းတော့ မပြတ်တော့ဘူး၊ ဈေးတော့ ကြီးသေးတယ်။ အိန္ဒိယ မီဇိုရမ်ဆိုတာက သူကိုယ်တိုင်က ရှားပါးတဲ့ပြည်နယ်ဆိုတော့ သူဆီကသွင်းဖို့ အကန့်အသတ်ရှိတယ်။ ခုကတော့ ပြင်ပက တင်သွင်းတာ အဓိကမထားတော့ဘဲ လယ်ကထွက်တဲ့စပါး၊ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်၊ မြစ်ထဲချောင်းထဲက ငါး၊ ပုဇွန်နဲ့ အသက်ဆက် ရှင်သန်နေထိုင်ကြတာ ငါတို့ရဲ နယူးနော်မယ်ပေါ့” ဟု ဆို၏။
သူငယ်ချင်းနေထိုင်ရာ မြောက်ဦး တဝိုက်သည်လည်း စစ်ကောင်စီတပ် မြေပြင်နှင့် ရေကြောင်းမှ မလာနိုင်တော့သဖြင့် လွတ်လပ်နေပြီ ဖြစ်သော်လည်း မအေးချမ်းနိုင်သေး။ စစ်ကောင်စီ လေတပ်က နေ့ညမရှောင် မြို့များ၊ ရွာများကို လေကြောင်းနှင့် ပစ်ခတ်လေ့ရှိရာ အရပ်သား ထိခိုက် သေဆုံးမှုများရှိသဖြင့် မြို့များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို AA က ကန့်သတ်ထားပြီး လေကြောင်းရန် အချက်ပေးစနစ် တပ်ဆင်ရန် ကြိုးစားနေသည်ဟုဆို၏။
သူငယ်ချင်းနေထိုင်ရာ မြောက်ဦး တဝိုက်သည်လည်း စစ်ကောင်စီတပ် မြေပြင်နှင့် ရေကြောင်းမှ မလာနိုင်တော့သဖြင့် လွတ်လပ်နေပြီ ဖြစ်သော်လည်း မအေးချမ်းနိုင်သေး။ စစ်ကောင်စီ လေတပ်က နေ့ညမရှောင် မြို့များ၊ ရွာများကို လေကြောင်းနှင့် ပစ်ခတ်လေ့ရှိရာ အရပ်သား ထိခိုက် သေဆုံးမှုများရှိသဖြင့် မြို့များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို AA က ကန့်သတ်ထားပြီး လေကြောင်းရန် အချက်ပေးစနစ် တပ်ဆင်ရန် ကြိုးစားနေသည်ဟုဆို၏။
သူငယ်ချင်းကပြုံးပြီး” နေ့နေ့ညည ဘယ်အချိန် ဗုံးလာကြဲမလဲဆိုတဲ့ အန္တရာယ်တော့ ရှိသေးတယ်။ သိတဲ့အတိုင်း ဗမာစစ်တပ်က ဆေးရုံလည်း ဗုံးကြဲ၊ စာသင်ကျောင်းလည်း ဗုံးကြဲဆိုတော့ သတိဝီရိယနဲ့ နေရတာပေါ့။ အရင်တုန်းကတော့ လေယာဉ်သံကြားရင် ဗုံးခိုကျင်းထဲ ဝင်ပြေးရတော့တာပေါ့။ အခုတော့ လေယာဉ်သံကြားတိုင်း မဝင်တော့ဘူး။ လေယာဉ်သံကြားတိုင်းလည်း မကြောက်တော့ဘူး။ ယဉ်ပါးသွားပြီ။ ဗုံးက ကိုယ်ဆီတည့်တည့် ကျရင်တော့ မတတ်နိုင်ဘူးပေါ့။ အဲဒါလည်း ငါတို့ဘဝရဲ့ နယူးနော်မယ်ပဲပေါ့” ဟု ပြုံး၍ဆိုသည်။
“ငါလား၊ စစ်ဖြစ်တုန်းကတော့ တောဘက် ခဏသွားရှောင်တယ်။ အခုတော့အသက် ၇၀ တန်း သမားအို တယောက်အနေနဲ့ အိမ်မှာပဲ ဆေးခန်းဖွင့်ထားတယ်။ တတ်နိုင်တာလေးလုပ်ပြီး နယူးနော်မယ်ကို ဖြတ်သန်းနေတာပေါ့ကွာ။ ထူးထူးဆန်းဆန်းတွေ မစားတော့ဘဲ ဒေသထွက် လတ်လတ်ဆတ်ဆတ် အစားအစာတွေနဲ့ ကျန်းမာရေးလည်း ကောင်း၊ (ကောင်းကင်ကို လက်ညိုးထိုး၍) အပေါ်ကတော့ သဗ္ဗေသတ္တာ ကမ္မသကာပေါ့ကွာ ” ဟု ပြုံး၍ ဆိုသည်။
သူကပြုံး၍ ဆိုနေပေမဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ စနဲ စသည့်မြို့များကို စစ်တပ်က မထင်လျှင် မထင်သလို လေယာဉ်နှင့် ဗုံးကြဲ၍ အရပ်သားများ ထိခိုက်သည့် သတင်းများ မကြာခဏကြားနေရ၏။ “ဒါ ရခိုင်မှာ ငါတို့ရခိုင်တွေ ဖြတ်သန်းနေရတဲ့ နယူးနော်မယ်ဘဲကွ ” ဟုဆိုခါ သူစကားကို လက်စသတ်သည်။
မြောက်ဦးမြို့ နန်းတော်ရာကုန်း၊ AA ၏ နီစွေးသော အောင်လံနီ၊ စစ်တပ် ကင်းစင်သော ရခိုင့်နယ်မြေနှင့် ရခိုင်သားတို့၏ နယူးနော်မယ်သည် ပစ္စက္ခ ရခိုင်တို့၏ ရုန်းကန်ရှင်သန်မှု ဖြစ်၏။ မြောက်ဦး၏ လက်ရှိ မျက်မှောက်ဘဝလည်း ဖြစ်၏။ ရခိုင် လွတ်မြောက်နယ်မြေများ၏ လက်ရှိဘဝဖြစ်၏။ ရခိုင် နယူးနော်မယ်ကို ရင်ဆိုင်နေသည့် သူငယ်ချင်း၏ မျက်ဝန်းထဲတွင် ရခိုင်၏ အနာဂတ်ကို မြင်ခဲ့ရ၏။ စွန့်လွှတ်စွန့်စား ပေးဆပ်ရဲသော ရခိုင်လူထုသည် လွတ်လပ်မှုနှင့် ထိုက်တန်ပါသည်။
(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)
You may also like these stories:
ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ
မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ
ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်
ရခိုင်တောင်ပိုင်းကိုပါ စီးနင်းလိုက်ပြီဖြစ်တဲ့ AA ထိုးစစ် (ရုပ်/သံ)
ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)