တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ ကူမင်းဟိုင်ဂင်ဆွေးနွေးပွဲအရ အပစ်ရပ်စဲရေး သဘောတူညီချက်ဟာ ရှမ်းမြောက်စစ်ရေး ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ဒေသတိုက်ပွဲတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်က တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တာပါ။
စစ်ကောင်စီနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ်လ ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲရပ်ဖို့ ကိစ္စကိုတော့ စစ်ကောင်စီနဲ့ သီးသန့်သဘောတူညီချက်မရှိခဲ့ဘူးလို့ မတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုနဲ့ ကုန်သွယ်ရေး ကိစ္စတွေ သဘောတူညီခဲ့ကြတယ်လို့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့အချက်အလက်တွေဟာ တဝက်တပျက်သာ မှန်ကန်တယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ AA ဒုစစ်ဦးစီးချုပ် ဆိုပါတယ်။