ထိုင်းဆုန်ခရမ်ကို ကုလသမဂ္ဂ ယူနက်စကိုက အသိအမှတ်ပြုပါသတဲ့။ သူ့ခေတ်နဲ့ သူအခါပေါ့လေ။ မုဒိတာပွားရပါတယ်။ လာအိုတို့၊ ကမ္ဘောဒီယားတို့မှာ ရေလောင်းပွဲတွေ ကျင်းပကြလို့ပေါ့။ တရုတ်ပြည်ကတောင် မန်စီတို့၊ ဆစ်ဆောင်ပန်းနားတို့က ရှမ်းတွေရဲ့ ရေလောင်းကစားပွဲကို အကြီးအကျယ် စန်းတင်နေတာ တွေ့ရပါတယ်။ ရိုးရာသင်္ကြန်ဆိုတာ ဖော်ထုတ်နေတာထက် နိုင်ငံခြားသားဧည့်သည် ဆွဲဆောင်တာက ပိုမယ်ထင်တယ်။
အခြားနိုင်ငံတွေက ရေကစားပွဲတွေတော့ သေချာမသိပါဘူး။ မွေးကတည်းက ကြုံလာတဲ့ မြန်မာသင်္ကြန် ဆိုတာကိုတော့ စာတွေ့မဟုတ်ဘဲ ကိုယ်တွေ့နဲ့ပြောရရင် သင်္ကြန်နဲ့ပတ်သက်တဲ့ တစုံစာအပြည့်ရှိတဲ့ ပွဲတော်လို့ ပြောရပါမယ်။
သင်္ကြန်အတွက် ပြင်ဆင်ကြခြင်း
မြန်မာတွေ သင်္ကြန်ကျမယ်ဆိုတာနဲ့ အိမ်တိုင်းလိုလို ပြင်ကြဆင်ကြရပါတော့တယ်။ အဲဒါတွေကတော့ ပထမတခုက အတာအိုးပါ။ ဗုဒ္ဓဘာသာဝင်တိုင်း မလုပ်မဖြစ် ပြင်ဆင်ကြလေ့ရှိပါတယ်။ နောက်တခုက ရေပက်ဖို့ပါ။
နောက်ပြင်ဆင်ရတာတော့ မဏ္ဍပ်ဆောက်တာ၊ ရေပက်ခံကား၊ သံချပ်ကား၊ အလှပြယာဉ်တွေအတွက် ကြိုတင် ပြင်ဆင်ရပါတယ်။ နောက် သင်္ကြန်တွင်း စတုဒီသာကျွေးဖို့ ဝယ်ရခြမ်းရ ပြင်ဆင်ရပါတယ်။ နောက်ဆုံး နှစ်ဆန်းတရက်နေ့ လမ်းအလိုက်၊ ရွာအလိုက် ပရိတ်ရွတ်ဖို့ ဘုန်းကြီးပင့်တာအထိ စီစဉ်ကြရပါတယ်။ ရေကစားတာအပြင် ဘာသာရေးအရ ထုံးတမ်းစဉ်လာတွေကိုလည်း တပါတည်း ဆောင်ရွက်ရပါတယ်။
နှစ်စဉ်သင်္ကြန်ကို အစပြုတာ သင်္ကြန်စာပါ။ သင်္ကြန်စာဆိုတာ လာမဲ့နှစ်သစ်အတွက် တနှစ်စာ ဟောစာတမ်း ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက မြန်မာလယ်သမားကြီးတွေဟာ သင်္ကြန်စာမှာပါတဲ့ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စော မစော၊ ကောင်း မကောင်းကိုကြည့်ပြီး လယ်ဆင်းဖို့ပြင်ရတဲ့အထိ ဩဇာကြီးခဲ့တယ် ဆိုပါတယ်။
သင်္ကြန်စာ
နှစ်စဉ်သင်္ကြန်ကို အစပြုတာ သင်္ကြန်စာပါ။ သင်္ကြန်စာဆိုတာ လာမဲ့နှစ်သစ်အတွက် တနှစ်စာ ဟောစာတမ်း ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက မြန်မာလယ်သမားကြီးတွေဟာ သင်္ကြန်စာမှာပါတဲ့ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စော မစော၊ ကောင်း မကောင်းကိုကြည့်ပြီး လယ်ဆင်းဖို့ပြင်ရတဲ့အထိ ဩဇာကြီးခဲ့တယ် ဆိုပါတယ်။ အခုတော့ အစဉ်အလာ ဟောစာတမ်းအဖြစ် သင်္ကြန်စာက ရပ်တည်နေဆဲ ဖြစ်ပါတယ်။
အတာအိုး
သင်္ကြန်ဆိုတာနဲ့ ပထမဆုံးကတော့ အိမ်တိုင်းမှာ အတာအိုး ထိုးကြတာပါပဲ၊၊ မြေအိုးအသေးလေးထဲမှာ ရေထည့်ပြီး အုန်းရွက်ညွန့်ကစလို့ ပန်းနဲ့ အရွက်ပေါင်းစုံထိုးပြီး အိမ်တိုင်းမှာ ထားကြတာ မြန်မာသင်္ကြန်ရဲ့ လက္ခဏာပေါ့။

ဘာနဲ့ ရေပက်ကြလဲ
မြန်မာသင်္ကြန်မှာ ရေခွက်နဲ့၊ နို့ဆီခွက်နဲ့ ပက်ကြသူလည်းရှိသလို ငွေဖလားနဲ့ ပက်တဲ့သူလည်းရှိပါတယ်။ ခုခေတ်မှာ အများစုကတော့ ရေပိုက်နဲ့ ပက်ကြပါတယ်။ ရေခွက်နဲ့ ရေဖလားနဲ့ ရေပက်တဲ့သူရှိသလို၊ ရေပုံးလိုက် လောင်းတဲ့သူလည်း ရှိပါတယ်။
နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်တဲ့သူရှိသလို ငွေဖလားထဲမှာ နံ့သာရည်၊ ခုခေတ်တော့ ရေမွှေးဖျန်းထားတဲ့ရေကို သပြေခက်နဲ့ပက်ပြီး ကဗျာဆန်တဲ့သူလည်း ရှိပါတယ်။ ရေပိုက်နဲ့ပက်တဲ့သူလည်း ရှိပါတယ်။ အခုနောက်ပိုင်း လမ်းလျှောက်သင်္ကြန် ဆိုတာမှာတော့ ရေပန်းတွေနဲ့ ဖျန်းပေးထားကြပါတယ်။
ကလေးတွေအတွက်က အရင်တုန်းကတော့ ရေပြွတ်ဝယ်ပေးရပါတယ်။ နောက်ပိုင်းတော့ ပလပ်စတစ်တို့၊ ကော်တို့နဲ့လုပ်တဲ့ ရေပက်ကစားစရာ သေနတ်တွေ ဝယ်ပေးကြရပါတယ်။ ရေထည့်ဖို့ ရေပုံးတို့၊ ရေပီပါတို့ကနေ ရေစုပ်စက်အထိလည်း ရေပက်ဖို့ ပြင်ကြဆင်ကြရပါတယ်။

မဏ္ဍပ်
အနိမ့်ဆုံးကတော့ သင်္ကြန်ရောက်တာနဲ့ အိမ်ရှေ့မှာ ရေပုံးချပြီး အိမ်မှာရှိတဲ့ ဆောင်းဘောက်နဲ့ သင်္ကြန်သီချင်းဖွင့်ပြီး သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်၊ ဆွေမျိုးသားချင်း၊ မောင်နှမ နှစ်ယောက်၊ သုံးယောက် ရေခွက်နဲ့ပက်ကြတာက စပါတယ်။
အများနဲ့စုပြီး ရေပက်ကစားကြတဲ့သူတွေအတွက် ရေပက်ခံမဏ္ဍပ်တွေ မြို့ရွာအနှံ့ ရပ်ကွက်တိုင်း လမ်းတိုင်းလိုလိုမှာ ထိုးကြပါတယ်။ အနည်းဆုံး အုန်းလက်နဲ့ထိုးတဲ့ မဏ္ဍပ်ကနေ တခမ်းတနားထိုးကြတဲ့ မဏ္ဍပ်အထိ မဏ္ဍပ်ပေါင်းစုံ ထိုးကြပါတယ်။ စင်နဲ့ထိုးတဲ့ မဏ္ဍပ်ရှိသလို စင်မရှိဘဲ လမ်းမဘေးမှာထိုးတဲ့ မဏ္ဍပ်လည်း ရှိပါတယ်။ ရပ်ကွက်ထဲ မြို့နယ်ထဲကလူတွေ စုပြီးထိုးကြတဲ့ မဏ္ဍပ်ရှိသလို ငွေကြေးတတ်နိုင်သူတွေက မတည်ပေးတဲ့ မဏ္ဍပ်တွေလည်း ရှိပါတယ်။ အစိုးရအုပ်ချုပ်ရေး ယန္တယားတွေက ကမကထပြုတဲ့ မဏ္ဍပ်တွေရှိသလို ကုမ္ပဏီတွေက မတည်တဲ့ မဏ္ဍပ်တွေလည်း ရှိကြပါတယ်။
နောက်ပိုင်းမှာတော့ မဏ္ဍပ်အကြီးတွေကို လမ်းမကြီးတွေ၊ လူစည်ကားတဲ့နေရာတွေ၊ ရေရှိဖို့ လွယ်တဲ့နေရာတွေမှာ ရွေးဆောက်လာကြပါတယ်။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်တွေဟာ မြန်မာပြည် မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ရှိပါတယ်။
ရိုးရိုး ရေပက်ကြတဲ့ မဏ္ဍပ်ရှိသလို နောက်ပိုင်း ရေပက်ခံမဏ္ဍပ်တွေမှာ တီးဝိုင်း၊ အဆိုတော်တွေနဲ့ ဖျော်ဖြေရေးပါတွဲပြီး ရေပက်ကြတာလည်း ရှိပါတယ်။ အဆိုအကတွေနဲ့ ဖျော်ဖြေကြရာမှာလည်း အချို့ ငွေကြေးတတ်နိုင်ကြတဲ့သူတွေက ပရော်ဖက်ရှင်နယ် အဆိုတော်တွေ၊ တီးဝိုင်းတွေ၊ အကသမားတွေ ငှားရမ်းကြပါတယ်။
တချို့ကတော့ ရပ်ကွက်ထဲ၊ လမ်းထဲ၊ ရွာထဲက ဝါသနာရှင်တွေနဲ့ ဖြေဖျော်ပါတယ်။ ဝါသနာရှင်တွေကတော့ တလလောက်ကြိုပြီး တီးမယ့်ခတ်မယ့်ပစ္စည်း၊ ဝတ်မယ့်စားမယ့်ပစ္စည်း ငှားရမ်းရပါတယ်၊ တီဝိုင်းတိုက်ရ၊ အဆိုကျင့်ရ၊ အကကျင့်ကြရပါတယ်။
တချို့မဏ္ဍပ်တွေကတော့ နေ့ပိုင်းမှာ ရေပက်ပြီး ညပိုင်းမှာ အဆိုအကအလှတွေနဲ့ ဖြေဖျော်ကြလို့ ဧည့်ခံမဏ္ဍပ်လို့ ခေါ်ကြပါတယ်။ ဒါ့ပြင် ဧည့်ခံမဏ္ဍပ်တွေမှာ မြို့နယ်ထဲက ဒါမှမဟုတ် မြို့နယ်အသီးသီးက လာရောက် ဖျော်ဖြေကြတဲ့ အဖွဲ့တွေကို မဏ္ဍပ်မှာရှိတဲ့ အကဲဖြတ်ဒိုင်တွေက အမှတ်ပေးဆုံးဖြတ်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေ၊ အထူးဆု၊ သံချပ်ဆု၊ အကအလှဆုစတဲ့ ဆုတွေကို တချို့က အတက်နေ့မှာ၊ တချို့က နှစ်ဆန်း တရက်နေ့မှာ ပေးလေ့ရှိကြပါတယ်။ အဲဒီမဏ္ဍပ်တွေကို ဆုပေးမဏ္ဍပ်လို့လည်း ခေါ်ကြပါတယ်။
နောက်တခုကတော့ စတုဒီသာမဏ္ဍပ်ပါ။ သင်္ကြန်မှာ လည်ကြပတ်ကြသူတွေကို အကျွေးအမွေးနဲ့ အခမဲ့ဧည့်ခံပြီး ဒါနပြုကြတဲ့မဏ္ဍပ်ပါ။ ထမင်းဟင်း၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံဟင်းခါး၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ မုန့်လက်ဆောင်း၊ အအေးစသဖြင့် ကျွေးမွေးအလှူအတန်း ပြုကြပါတယ်။ စတုဒီသာဆိုတဲ့အတိုင်း အစိမ်းအကျက်မရွေး လာသမျှလူကို ကျွေးမွေးဧည့်ခံကြတာပါ။ စတုဒီသာမဏ္ဍပ်တွေကို ရေပက်မဏ္ဍပ်၊ ဧည့်ခံမဏ္ဍပ်၊ ဆုပေးမဏ္ဍပ်တွေနဲ့ တွဲပြီးလုပ်လေ့ရှိသလို သီးခြားလည်း လုပ်လေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့ မဏ္ဍပ်အကြီးတွေကို လမ်းမကြီးတွေ၊ လူစည်ကားတဲ့နေရာတွေ၊ ရေရှိဖို့ လွယ်တဲ့နေရာတွေမှာ ရွေးဆောက်လာကြပါတယ်။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်တွေဟာ မြန်မာပြည် မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ရှိပါတယ်။ အကြီးအသေး ပဏာမသာ ကွာခြားမှုရှိပေမဲ့ မြန်မာပြည်အနှံ့ ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
ရေပက်ခံကား
သင်္ကြန်မှာ တမြို့လုံးအနှံ့ လည်ကြမယ့်သူတွေ စီစဉ်ကြတာကတော့ ရေပက်ခံထွက်ကြမယ့်သူတွေ စီးမယ့်ကားပါ။ အရင်ခေတ်များကတော့ ဂျစ်ကားက တန်းဝင်ရေပက်ခံကား ဖြစ်ပါတယ်၊၊ နောက်ပိုင်းတော့ နောက်ဖွင့် ပစ်ကပ်ကားတွေက သင်္ကြန်လည်သူတွေ အကြိုက်ပါ။
ကားပိုင်ရှိတဲ့သူတွေက ကိုယ့်ကားနဲ့ကို ကိုယ့်မိသားစု၊ ကိုယ့်ရောင်းရင်း သူငယ်ချင်းများနဲ့ ရေပက်ခံထွက်ဖို့ စီစဉ်ကြပါတယ်။ ကားပိုင် မရှိကြသူများကတော့ လူစုပြီး ကားငှားကြပါတယ်။ အရင်ခေတ်ကတော့ ရေပက်ခံကားတွေမှာလည်း သင်္ကြန်လည်တဲ့ ကားနာမည် ရေးကြတာရှိပေမယ့် နောက်ပိုင်း ရေပက်ခံကားတွေမှာတော့ နာည်ရေးထိုးပြီး ထွက်ကြတာ မရှိသလောက်ပါဘဲ။ ရေပက်ခံကားဆိုတာက သင်္ကြန်မှ ပါဝင်ဆင်နွှဲကြမယ့် သူတွေရဲ့ ကိုယ်ပိုင်အစီအစဉ် ဖြစ်ပါတယ်။
သံချပ်အဖွဲ့ကား
မြန်မာသင်္ကြန်ရဲ့ ထူးခြားချက်တခုကတော့ သင်္ကြန်သံချပ် ဖြစ်သလို သံချပ်အဖွဲ့တွေ ထွက်တာဖြစ်ပါတယ်။ သံချပ်ဆိုတာ အဖွဲ့လိုက် အတိုင်အဖောက်ညီညီ ရွတ်ဆိုကြတာပါ။ သံချပ်ဟာ ခေတ်စနစ်ရဲ့ အမှားတွေ၊ အလွဲတွေကို ထောက်ပြ သရော်လေ့ရှိတဲ့အတွက် မြန်မာလူထု သဘောကျ နှစ်သက်ကြပါတယ်။

ခေတ်ကာလနဲ့အညီ စီးပွားရေး ကျပ်တည်းတာ၊ ကုန်ဈေးနှုန်းတက်တာ၊ အစိုးရအရာထမ်းတွေ လာဘ်စားတာ၊ စတဲ့စတဲ့ အရာတွေကိုလည်း ထောက်ပြဝေဖန်တာ၊ သရော်တာ လုပ်တဲ့အတွက် စစ်အာရှင်တွေရဲ့ မျက်မုန်းကျိုးခြင်း၊ ဖမ်းဆီးဖိနှိပ်ခြင်းခံရပြီး နောက်ပိုင်းမှာတော့ သင်္ကြန်သံချပ်ကားတွေ မထွက်နိုင်သလောက်ပါဘဲ။
သင်္ကြန်သံချပ်ကားတွေမှာ သင်္ကြန်သံချပ်အဖွဲ့အမည်ကို ထင်ထင်ရှားရှား ရေးထိုးထားလေ့ ရှိပါတယ်။ တနှစ်မှတခါ သံချပ်ထွက်ပေမဲ့ သံချပ်နဲ့ နာမည်ကြီးတဲ့ အဖွဲ့တွေဆိုရင် လူထုက နှစ်စဉ် စောင့်မျှော်အားပေးလေ့ ရှိပါတယ်။
သံချပ်အဖွဲ့တွေဟာ ကားနဲ့ပတ်ရင်း သံချပ်တိုင်ကြသလို ဧည့်ခံမဏ္ဍပ်တွေမှာလည်း သံချပ်တိုင်ကြပါတယ်။ ဒါ့ပြင် မြို့ထဲရွာထဲ လူစည်ကားတဲ့နေရာတွေ၊ ပရိသတ် ပွဲတောင်းတဲ့နေရာတွေမှာပါ သွားရောက် သံချပ်တိုင်လေ့ ရှိပါတယ်။ တနှစ်တခါ အပျော်တမ်း သံချပ်အဖွဲ့တွေ ထွက်နိုင်ဖို့ တလလောက် ပြင်ဆင်လေ့ကျင်ကြရပါတယ်။ လောလောဆယ်တော့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကြောင့် သံချပ်ဟာ မြန်မာ့သင်္ကြန်ကနေ ပျောက်ကွယ်နေရပါတယ်။
အလှပြကား
အလှပြကားဆိုတာကတော့ မော်တော်ကားအကြီးတွေကို အသေအချာ ပြင်ဆင် အလှပြယာဉ်အဖြစ် ဖန်တီးပြီး တီးဝိုင်းတွေနဲ့ အဆို၊ အက၊ ယိမ်း၊ ပြဇာတ် စတာတွေနဲ့ ဖြေဖျော်တဲ့ကားတွေပါ။ တကားနဲ့တကား အပြိုင်အဆိုင် ပြင်ဆင်ကြပါတယ်။ ညဘက်မှာ လှည့်လည်ကပြဖို့ မီးစက်တင်တဲ့ကားနဲ့တွဲပြီး မီးဆင်ထားရပါတယ်။ အကုန်အကျများလို့ သူဌေးတွေရဲ့ အထောက်အပံ့လည်း လိုအပ်ပါတယ်။
အလှပြကားတွေဟာ ဧည့်ခံမဏ္ဍပ်၊ ဆုပေးမဏ္ဍပ်တွေသာမက လူစည်ကားရာ အရပ်တွေမှာပါ ဖြေဖျော်လေ့ရှိပါတယ်။ နေ့ပိုင်းမှာ ဖျော်ဖြေလှည့်လည်ကြသလို ညပိုင်းမှာလည်း လှည့်လည် ဖြေဖျော်ကြပါတယ်။ အလှပြယာဉ်တွေကိုတော့ ရေပက်လို့ မရပါဘူး။
အခုနောက်ပိုင်းတော့ အလှပြယာဉ်တွေလည်း ထွက်တာတော့ နည်းလာပါတယ်။ အလှပြယာဉ်တွေလည်း သံချပ်အဖွဲ့တွေလိုပဲ သင်္ကြန်မတိုင်မီ တလလောက်ကြိုပြီး အဆိုအကအတွက် လေ့ကျင့်ပြင်ဆင်ရသလို ကားကိုလည်း ပြင်ဆင်ရပါတယ်။
လမ်းလျှောက်သင်္ကြန်
ကားနဲ့ မလည်ကြဘဲ လမ်းလျှောက်ပြီး လည်ကြပတ်ကြသူတွေလည်း ရှိကြပါတယ်။ အခုနောက်ပိုင်း လမ်းလျှောက်သင်္ကြန်ဆိုပြီး လမ်းလျှောက်ရင်း ရေပက်ခံကြဖို့ လမ်းတွေပိတ်ပြီး သီးသန့် စီစဉ်လာကြတာ တွေ့ရပါတယ်။

အရင်ကတော့ လမ်းလျှောက်လည်ပတ်သူတွေဟာ မဏ္ဍပ်တွေကို လျှောက်လည်ကြရတာပါ။
သင်္ကြန် ပျော်ပွဲစား
သင်္ကြန်မှာ ကားနဲ့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်လို့ပဲဖြစ်ဖြစ် လည်ကြပတ်ကြတဲ့သူတွေဟာ တချို့တွေက စတုဒီသာ မဏ္ဍပ်တွေမှာစားကြပေမဲ့ တချို့ အိမ်ကချက်လာတာ၊ ဒါမှမဟုတ် ဆိုင်ကဝယ်လာတာကို ပန်းခြံတွေ အရိပ်ကောင်းကောင်း ရတဲ့နေရာတွေမှာ ဝိုင်းဖွဲ့ပျော်ပွဲစားထွက်ပြီး စားကြပါတယ်။ ပုံမှန်သင်္ကြန်ရက် နေ့လည် ၁၂ နာရီကနေ နှစ်နာရီအထိကတော့ ရေပက်နားကြပြီး စားကြသောက်ကြ သင်္ကြန် ပျော်ပွဲစားထွက်ကြတဲ့အချိန်တွေ ဖြစ်ပါတယ်။
သင်္ကြန်အလှူ
သင်္ကြန်မှာ စတုဒီသာအလှူပေးသလို လမ်းတိုင်းမှာလည်း အိမ်တိုင်းလိုလို မုန့်ပြုလုပ်ပြီး အိမ်ပေါက်စေ့ ဒါမှဟုတ် မိမိနဲ့ ရင်းနှီးသူအိမ်တွေကို ဝေငှကြပါတယ်။ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း စသဖြင့် နှစ်သက်ရာ ပြုလုပ်ပြီး အပြန်အလှန် ဝေငှကြတာ မြန်မာသင်္ကြန်ရဲ့ အလှူဓလေ့တခု ဖြစ်ပါတယ်။
ဒါကြောင့်လည်း သင်္ကြန်နီးလာပြီဆို အိမ်တိုင်းဟာ အနည်းနဲ့အများသာ ကွာပေမဲ့ အလှူလုပ်ဖို့အတွက် စားစရာသောက်စရာတွေကို ပုံမှန်ဝယ်နေကြထက် ပိုပြီးဝယ်ကြလေ့ရှိလို သင်္ကြန်နားနီးရင် ကုန်ဈေးနှုန်း တက်လေ့ရှိတာ သင်္ကြန်နဲ့တွဲပြီး မြန်မာပြည်မှာ ကြုံရလေ့ရှိပါတယ်။
သင်္ကြန်အစားအစာ
မြန်မာ့သင်္ကြန်မှာ သင်္ကြန်အစားအစာအဖြစ် ထူးထူးခြားခြား ညွှန်ပြလို့ရတဲ့ အစားအစာကတော့ သင်္ကြန်ထမင်းနဲ့ မုန့်လုံးရေပေါ်လို့ ဆိုရပါမယ်။
သင်္ကြန်ထမင်းဆိုတာက ဆန်ကောင်းကောင်းကို ပုံမှန်စားနေကျ ထမင်းထက်လည်း အနည်းငယ် ပျော့အောင်ချက်ရပါတယ်။ ပြီးရင် ထမင်းများကို ရေသန့်ရေအေးတို့ဖြင့် အထပ်ထပ်အခါခါ ရေဆေးပြီး ဆန်ကော၊ ဆန်ကာထဲသို့ ထမင်းများကို လောင်းထည့်ကာ ရေစစ်ထားရပါတယ်။ ထမင်းများ ရေစစ်သွားပါက သင်္ကြန်ထမင်းကို ရရှိပြီ ဖြစ်ပါတယ်။ အချို့ဒေသတွေမှာ ဖယောင်းအနည်းငယ် ထည့်ချက်ကြပါတယ်။
ဒါကြောင့်လည်း သင်္ကြန်နီးလာပြီဆို အိမ်တိုင်းဟာ အနည်းနဲ့အများသာ ကွာပေမဲ့ အလှူလုပ်ဖို့အတွက် စားစရာသောက်စရာတွေကို ပုံမှန်ဝယ်နေကြထက် ပိုပြီးဝယ်ကြလေ့ရှိလို သင်္ကြန်နားနီးရင် ကုန်ဈေးနှုန်း တက်လေ့ရှိတာ သင်္ကြန်နဲ့တွဲပြီး မြန်မာပြည်မှာ ကြုံရလေ့ရှိပါတယ်။
သင်္ကြန်ထမင်းကို ငါးခြောက်ကြော်၊ ငရုတ်သီးကြော်၊ သရက်ချဉ်တို့ တွဲစပ်ပြီး စားလေ့ရှိကြပါတယ်။ အိမ်မှာ မိသားစု ချက်စားကြတာထက် အလှူအတန်းအဖြစ် သင်္ကြန်အတွင်းမှာ အများနဲ့ စားလေ့ရှိကြပါတယ်။ သင်္ကြန်ထမင်းဆိုတာ မွန်အစားအစာက စခဲ့တာဖြစ်ပေမဲ့ ယခုတော့ မြန်မာပြည်ရဲ့ သင်္ကြန်ထမင်းဖြစ်နေတာ တွေ့ရပါမယ်။
မုန့်လုံးရေပေါ် ဆိုတာကတော့ ဆန်မုန့်နှစ်အထဲမှာ ထန်းလျက်ကို အဆာအဖြစ် အသုံးပြုပြီး လုပ်ကြတာပါ။ ဂေါ်လီလုံးခန့်အရွယ် မုန့်လုံးလေးတွေ ဖြစ်တဲ့အတွက် မုန့်လုံးရေပေါ် စတုဒိသာကျွေးရင် လူအများအပြား ဝင်ရောက် လုပ်ကိုင်ကြရပါတယ်။ သင်္ကြန်တွင်း အလှူလုပ်ရင်း အားလုံးရင်းရင်းနှီးနှီး ဖြစ်ကြတဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။ အဆာအဖြစ် ထန်းလျက်က်အစား အပျော်သဘော ငရုတ်သီးတောင့် ခိုးထည့်ကြလေ့ရှိပါတယ်။ ထန်းလျက်အဆာကြောင့် ချိုတယ်ထင်ပြီး အားရပါးရ ဝါးအစားမှာ ငရုတ်သီးဝါးမိလို့ စပ်ပြီး ရှုံ့မဲ့သွားရင် ဝိုင်းဝန်းရယ်မောကြရတာလည်း မြန်မာ့သင်္ကြန်မှာပဲ တွေ့ရတဲ့ ပျော်စရာသင်္ကြန်ဓလေ့တခုပါပဲ။

သင်္ကြန်သီချင်း၊ သင်္ကြန်အက
မြန်မာ့သင်္ကြန်မှာ သင်္ကြန်နဲ့ပတ်သက်တဲ့ သင်္ကြန်သီချင်းတွေ သီးသန့်ရှိကြပါတယ်။ နာမည်ကြီး သင်္ကြန်သီချင်းဟောင်းတွေလည်း နှစ်စဉ်ဖွင့်သလို သင်္ကြန်သီချင်းအသစ်တွေလည်း နှစ်စဉ်ထွက်ပါတယ်။ သင်္ကြန်မတိုင်မီ နှစ်လလောက်ကြိုပြီး တနိုင်ငံလုံးမှာ သင်္ကြန်သီချင်းဖွင့်ကြလို့ မြန်မာပြည် ဘယ်နေရာသွားသွား သင်္ကြန်သီချင်းကြားနေကြရပြီး သင်္ကြန်ပြီးမှပဲ အဖွင့်ရပ်ကြပါတော့တယ်။
သင်္ကြန်သီချင်းနဲ့အတူ သင်္ကြန်အကလည်း ရှိပါတယ်။ သင်္ကြန်အကတွေကတော့ အများအားဖြင့် ယိမ်းအကတွေ ဖြစ်ပါတယ်။ မြူးကြွတဲ့ သင်္ကြန်သီချင်းသံကြားရင် ကချင်ခုန်ချင်စိတ် ပေါ်ပေါက်လာကြတာကိုလည်း သင်္ကြန်ပိုးလို့ ဆိုကြပါတယ်။
သင်္ကြန်ပန်း
မြန်မာသင်္ကြန်ရဲ့ အထိမ်းအမှတ်ပန်းကတော့ ပိတောက်ပန်းပါ။ မြန်မာသင်္ကြန်ရဲ့ သင်္ကေတဟာ ပိတောက်ပါ။ ပိတောက်ဆိုတာ မိုးလေး တပေါက်နှစ်ပေါက်လောက်ကျမှ ပွင့်တတ်တော့ သင်္ကြန်တိုင်း ပိတောက်မပွင့်ပေမဲ့ သင်္ကြန်အတော်များများမှာ ပိတောက်ပွင့်ပါတယ်။ သင်္ကြန်ဝန်းကျင်မှာ ပိတောက်ပွင့်ပါတယ်။ ပိတောက်ပွင့်ပြီ ဆိုတာနဲ့ သင်္ကြန်လည်တဲ့ကားတွေ၊

မဏ္ဍပ်တွေနဲ့ အမျိုးသမီးကြီးငယ်တွေရဲ့ခေါင်းမှာ အဝါရောင် ပိတောက်ပန်းတွေနဲ့ သင်္ကြန်ကို ပိုပြီး တောက်ပစေပါတယ်။ အဲဒါ မြန်မာသင်္ကြန်ပါ။
သင်္ကြန်ဥပုသ်၊ သင်္ကြန်ဒုလ္လဘ
သင်္ကြန်မှာ တချို့က ဘုန်းကြီးကျောင်း နေ့စဉ်သွားပြီး ဥပုသ်စောင့်ကြပါတယ်။ တချို့ အမျိုးသားတွေကလည်း ဒုလ္လဘရဟန်းခံကြပါတယ်။ ဒုလ္လဘရဟန်းခံသူတွေက ဘုန်းကြီးကျောင်းပြင် မထွက်ပေမဲ့ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်သူတွေက ညနေစောင်းရင် အိမ်ပြန်လေ့ရှိကြပါတယ်။
သူတို့ပြန်ချိန် ရပ်ကွက်တွင်း ရေပက်နေတဲ့အဖွဲ့တွေ ရှိနေကြဆဲဖြစ်တော့ ဥပုသ်သည်ကို ရေမပက်ဖို့ လူကြီးတွေက ကလေးတွေကို တားမြစ်ဆုံးမကြပါတယ်။ အလားတူပဲ ကိုယ်ဝန်ဆောင်အမျိုးသမီး လာရင်လည်း ရေမပက်ဖို့ လူကြီးတွေက တားမြစ်ကြပါတယ်။ ဥပုသ်သည်နဲ့ ဗိုက်ကြီးသည်တွေကို ရေမပက်ဖို့ မျိုးဆက်အလိုက် တားမြစ်ကန့်သတ်လာကြတာကို မြန်မာ့သင်္ကြန်မှာ တွေ့နိုင်ပါတယ်။
အန္တရာယ်ကင်းပရိတ်
နှစ်ဆန်းတရက်နေ့ ညနေပိုင်းမှာတော့ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ရဟန်းသံဃာတော်တွေ့ ပင့်ဖိတ်ပြီး ပရိတ်ရွတ်ကြပါတယ်။ ပရိတ်ရွတ်မယ့်ညနေမှာ အိမ်တိုင်းက အတာအိုးကို လမ်းထိပ်က ပရိတ်ရွတ်မယ့်နေရာ သံဃာစင်ရှေ့ကို ပို့ကြပါတယ်။
သင်္ကြန်ကာလ ၄ ရက်ခန့်မှာ ခြောက်သွေ့နေတဲ့ အတာအိုးထဲက ပန်းတွေကို မနက်ကတည်းက လဲပြီးကြပါပြီ။ ပရိတ်ရွတ်ချိန် လူကြီးတွေလောက်ပဲ သွားကြပြီး လူငယ်တွေ၊ ကလေးတွေက သိပ်မသွားကြပါဘူး။ ပြီးရင် ကိုယ့်အတာအိုး ကိုယ့်အိမ်ပြန်ယူပြီး တနှစ်တာ သင်္ကြန်ကာလ အဆုံးသတ်ပါတယ်။ ပရိတ်ရွတ်လို့ နှစ်သစ်မှာ အန္တရာယ်ကင်းတာတာ၊ မကင်းတာထက် မိရိုးဖလာအရ အတာအိုးထိုးပြီး စခဲ့တဲ့ သင်္ကြန်ကို အန္တရာယ်ကင်းစေကြောင်း ဆုမွန်တောင်းပြီး အတာအိုးနဲ့ လက်စသတ်တာ မြန်မာ့သင်္ကြန်ရဲ့ ရိုးရာဓလေ့ပါပဲ။
မြန်မာသင်္ကြန်ဆိုသည်မှာ
မြန်မာသင်္ကြန်ဆိုတာ မြန်မာအားလုံး ပါဝင်ဆင်နွှဲကြတဲ့သင်္ကြန်၊ ရပ်ကွက်ကြို ရပ်ကွက်ကြား လမ်းကြိုလမ်းကြားမကျန် ရေပက်ကြတဲ့၊ ရေပက်ခံကြတဲ့ သင်္ကြန်ဖြစ်ပါတယ်။ သင်္ကြန်ရောက်ရင် အတာရေစိုမှ မင်္ဂလာရှိတယ်၊ ကျန်းမာတယ်လို့ ယူဆကြတဲ့ မြန်မာသင်္ကြန်ပါ။
ဒါကြောင့် မြန်မာ့သင်္ကြန်မှာ ရေပက်ကြတယ်၊ ရေကစားကြတယ်ဆိုတာအပြင် သင်္ကြန်စာ၊ အတာအိုး၊ ရေပက်မဏ္ဍပ်၊ ဧည့်ခံမဏ္ဍပ်၊ ဆုပေးမဏ္ဍပ်၊ ရေပက်ခံကား၊ သံချပ်အဖွဲ့ကား၊ အလှပြကား၊ သင်္ကြန်ပျော်ပွဲစား၊ သင်္ကြန်သီချင်း၊ သင်္ကြန်အက၊ သင်္ကြန်ပိုး၊ သင်္ကြန်စာ သင်္ကြန်ထမင်း၊ သင်္ကြန်ပန်းဖြစ်တဲ့ ပိတောက်ပန်း၊ သင်္ကြန်ကာလ ဥပုသ်သည်နဲ့ ဒုလ္လဘရဟန်းတို့အပြင် အရပ်လေးမျက်နှာမှာရှိတဲ့ အယုတ်အလတ်အမြတ်ရွေးကို ကျွေးမွေးတဲ့ စတုဒီသာအလှူကြီးတွေကနေ အရပ်ထဲလမ်းထဲမှာ အပြန်အလှန် ဝေငှလှူဒါန်းကြတဲ့ ချစ်စရာ အသွင်အပြင်တွေ အားလုံး စုပေါင်းပါဝင်တာဖြစ်ပါတယ်။ မြန်မာသင်္ကြန်ဆိုတာ ရေပက်ကြတယ်ဆိုတာထက် အများကြီးပိုပါတယ်။
မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။
ကိုဗစ်နိုင်တင်း ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် မြန်မာသင်္ကြန် မစည်ကားနိုင်တော့တာ ငါးနှစ်ရှိသွားပါပြီ။ မြန်မာပြည်နိုင်ငံရေး အကျပ်အတည်းများ ပဋိပက္ခများကြောင့် ကနေ့ကာလမှာ မြန်မာသင်္ကြန် အိမ်နိမ့်စံ ရောက်နေပေမဲ့လည်း မြန်မာသင်္ကြန် ပြန်လာပါလိမ့်မယ်။
(ဇေယျ (အညာ)သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)
ရေပွဲသဘင်၏ လက္ခဏာ သွင်ပြင် စစ်စစ်များ
ဇင်းမယ်သင်္ကြန် ပွဲတော်က မြန်မာ့ယိမ်း
ဒီနှစ် သိကြားမင်း ဒရုန်းစီး ဆင်းမည်
ရန်ကုန်နှင့် မြို့ကြီးများ၌ သင်္ကြန်ပွဲစည်ကားရန် စစ်ကောင်စီ စီစဉ်