လာမည့် သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့များ၌ စည်ကားစေရန် စစ်ကောင်စီက စီစဉ် နေရာ ရေကစားမဏ္ဍပ်များဆောက်လုပ်ပါက အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု စည်းရုံးမှုနေကြောင်း သိရသည်။
သင်္ကြန်ပွဲတော်အတွက် သက်ဆိုင်ရာ တိုင်း/ပြည်နယ်အလိုက် မတ်လဆန်းပိုင်းမှစ၍ ပြင်ဆင်နေရာ မန္တလေး၌ ကျုံး ပတ်လည်နှင့် စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၆ ခု၌ အခွန်ဆောင်ရန်မလိုဘဲ ရေကစားမဏ္ဍပ်များကို ဦးရာလူစနစ် ဖြင့် ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ရာ ဧပြီ ၁၀ ရက် အထိ လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အမည်မဖော်လိုသူတဦးက “ဒီနှစ်က ကျုံးတောင်ဘက်ခြမ်းအတွင်း လမ်းမှာ ရေကစားမဏ္ဍပ်တွေ ထားမယ်။ အပြင်လမ်းပေါ်မှာ လမ်းလျှောက်သင်္ကြန်ပေါ့။ ကျုံးအနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ မိသားစုလိုက် ကိုယ်ပိုင်ရေစုပ်တွေနဲ့ ရေကစားတာတွေကိုလည်း အခမဲ့ ခွင့်ပြုပေးသွားမှာပါ” ဟု ပြောသည်။
ထိုသို့ ခွင့်ပြုရာတွင် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ လမ်းလျှောက်သင်္ကြန်၊ ကျုံးအရှေ့ ဘက်ခြမ်း ၆၆ လမ်းပေါ်၌ ရေကစားမဏ္ဍပ်များကို အခမဲ့ တည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်သလို ဈေးချို၊ ကမ်း နားလမ်း၊ မင်္ဂလာမန္တလေး စသည့်နေရာတို့တွင်လည်း ကျင်းပခွင့် ပေးသွားမည်ဟု သိရသည်။
မန္တလေးသင်္ကြန်ကို စည်ကားစေရန် ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ ကျုံးမြောက်ဘက်၊ အနောက်နှင့် အရှေ့ဘက် များတွင် စီးပွားရေး DJ မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည်ဖြစ်သလို ယခုနှစ်အတွက် အနောက်ကမ်းနားလမ်း ၃၅ လမ်းမှ ၂၆ လမ်းအထိပါ မဏ္ဍပ်များ ဆောက်လုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။
မန္တလေးမြို့ခံတဦးက “DJ မဏ္ဍပ်တွေ စီးပွားရေး မဏ္ဍပ်တွေကိုပါ အကုန်ပြန်ပြီး ခွင့်ပြုပေးမယ်ဆိုတာက ဟိုတုန်းကလို ရေပက်ခံကားတွေ ကျပ်ညှပ်တဲ့အထိ ဖြစ်ခဲ့တဲ့သင်္ကြန်ပုံစံမျိုးဖြစ်အောင် ပြန်လုပ်နေတာပါ၊ လက်ရှိမှာ တနိုင်လုံးနီးပါး စီးပွားရေး မပြေလည်ကြဘူး။ ဒီလိုအချိန်မျိုး မဏ္ဍပ်ဆောက်မယ်ဆိုရင် ဟိုတုန်းကလို အမြတ်ရဖို့ မဖြစ်နိုင်ဘူး၊ အခွန် မကောက်ဘူးဆိုရင်တောင် ဒီနှစ်က စီးပွားဖြစ် မဏ္ဍပ်ကတော့ မရှိသလောက်ကို နည်းမယ်လို့ ထင်တယ်”ဟု ပြော သည်။
ဦးသိန်းစိန်အစိုးရလက်ထက်က မန္တလေးသင်္ကြန် ကျင်းပရာတွင် ကျုံးဘေးပတ်လည်၌ ပေ ၁၀၀ နှင့် ၂၅ ပေရှိ မဏ္ဍပ် များကို အနည်းဆုံး ကျပ်သိန်း ၁၀၀ နှုန်း လေလံစနစ်ဖြင့် ချထားပေးခဲ့ပြီး၊ NLD အစိုးရလက်ထက် လမ်းလျှောက် သင်္ကြန်အဖြစ် ကျင်းပစဉ် မဏ္ဍပ်နေရာ ၁၀ ပေ ပတ်လည်ကို ကျပ် ၅ သိန်း၊ ပေ ၂၀ မဏ္ဍပ်တခု ၁ဝ သိန်း၊ ပေ ၃၀ မဏ္ဍပ်တခု ကျပ် ၁၅ သိန်း အခွန်ကောက်ပြီး ဆောက်လုပ်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်တဲ့မြို့ကြီးတွေမှာ သင်္ကြန် ကို စည်ကားအောင်လုပ်ဖို့ ကြိုးစားကြမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ပွဲရွှင်ပွဲတွေ ဘယ်လိုပဲ ဖန်တီးပေးနေပါစေ ပြည်သူ လူထု ပါဝင်မှု အတော်နည်းတာကို တွေ့ရတယ်” ဟု ပြောသည်။
စစ်ကောင်စီဝန်ကြီးဌာနများ အခြေစိုက်ရာ နေပြည်တော်သင်္ကြန်ပွဲတော်ကို ဇုန် ၄ ခုဖြင့် ကျင်းပရန် စီစဉ်ထားသလို လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-pop အနုပညာရှင်များ လာရောက် ဖျော်ဖြေမည်ဟု ပြီးခဲ့ သည့်အပတ်က နေပြည်တော်လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးတွင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုသည်။
ထို့အတူ ရန်ကုန်မြို့တွင်လည်း မြို့တော်ဝန် မဏ္ဍပ်ဆောက်လုပ်နေသလို လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီကလည်း သင်္ကြန် မဏ္ဍပ် ဆောက်လုပ်လိုသူများ အနေဖြင့် အခွန်ပေးဆောင်စရာမလိုဘဲ ဦးရာလူစနစ်ဖြင့် ဆောက်လုပ်ခွင့်ပြုသွားမည်ဟု ကြေညာထားသည်။
ရန်ကုန်မြို့တွင်နေထိုင်သူ တဦးက “ပြီးခဲ့တဲ့နှစ်ကတောင် အရင်တုန်းကလို ရေကစားကြတာမျိုး မတွေ့ရဘူး။ ပြီးတော့ လမ်းတွေပိတ်တဲ့အထိ တန်းစီ ရေပက်ခံတာမျိုးလည်း အတော်နည်းခဲ့တယ်။ လူအများစုက ကိုယ်နဲ့မဆိုင်သလို နေကြ တာများတယ်၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေပါ စိတ်ဖိစီးသောကတွေနဲ့ဆိုတော့ ဒီနှစ် သင်္ကြန်က ပျော်မယ့်သူ အတော် နည်းသွားနိုင်တယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကို အာရုံလွှဲလိုမှုနှင့် တည်ငြိမ်အေးချမ်းသည်ဆိုသော ပုံရိပ် ပြသလိုခြင်း များကြောင့် စစ်ကောင်စီက ၂၀၂၂ ခုနှစ်တွင်သင်္ကြန်ပွဲတော်ကို ပြန်လည် ကျင်းပခဲ့သော်လည်း ပြည်သူအများစုက တော်လှန်သင်္ကြန်အဖြစ် ပါဝင်ခဲ့ကြသဖြင့် လူထု ပါဝင်မှု နည်းပါးပြီး ခြောက်ကပ်တိတ်ဆိတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အထူး နှိမ်နင်းရေးအထူးတပ်ဖွဲ့ Pyin Oo Lwin SSTF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဂျိုကာက “ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ မလုပ်မနေရ အမိန့်နဲ့လုပ်နေတဲ့ သင်္ကြန်ပွဲဟာ အတုအယောင်သာလျှင် ဖြစ်ပါမယ်။ ဒီနှစ်သင်္ကြန်မှာ ဖျော်ဖြေကြမယ့်သူအားလုံးကို ဖက်ခွက်စား အနုပညာသမားတွေလို့ သတ်မှတ်ပြီး တော်လှန်ရေး အလွန်ကာလတွေမှာ Boycott လုပ်သင့်ပါတယ်။ သွေးစွန်းတဲ့သင်္ကြန်ရေနဲ့ ပျော်ပါးမယ်ဆိုတဲ့သူတွေကလည်း စစ် ကောင်စီဘက်က လူတွေအများစုနဲ့ ပုဇွန်ခေါင်းလို လူမျိုးတွေပဲဖြစ်မယ်” ဟု ပြောသည်။
စစ်တပ်အာဏာမသိမ်းမီက ရန်ကုန်မြို့တွင် နှစ်စဉ် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၀၀ ကျော်ထိရှိခဲ့ပြီး အာဏာသိမ်း ပြီးနောက် ကျင်းပသည့် ၂၀၂၂ သင်္ကြန်မှ စ၍ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုများ အလွန်နည်းပါးခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် ရန်ကုန်သင်္ကြန်တွင် စစ်ကောင်စီပြုလုပ်သည့် မဏ္ဍပ်များ အနီးဝန်းကျင် ၌ လုံခြုံရေးများ ဖြင့်လည်ပတ် သူများကို စစ်ဆေးမှုများ ပြုလုပ်ကာ ကျင်းပခဲ့ရကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ နေပြည်တော်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်နှင့်အတူ မြို့တော်ခန်းမမှ စည်ပင်ရိပ်သာအထိ မဏ္ဍပ် များ ရှိခဲ့သော်လည်း စစ်ကောင်စီ မျှော်မှန်းသလောက် စည်ကားမှုမျိုး မရရှိသဖြင့် ဝန်ကြီးဌာနတခုလျှင် လူဦးရေ ၆၀ မဖြစ်မနေ တက်ရန်၊ မလိုက်နာပါက ရုံးတွင်းပြစ်ဒဏ် (သို့မဟုတ်) ဒဏ်ငွေဆောင်ရန် ညွှန်ကြားခဲ့ရသလို သင်္ကြန်ရက် များ အတွင်း ဌာနဆိုင်ရာဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် မဖြစ်မနေပါဝင်ရန် ခိုင်းစေမှုများရှိခဲ့သည်။
ယခင်နှစ် မန္တလေးသင်္ကြန်တွင် ကျုံးတောင်ဘက်ခြမ်းရှိ မြို့တော်ဝန်မဏ္ဍပ်နှင့် (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက်သင်္ကြန်၊ ၇၃ လမ်း မန္တလာသီရိ အားကစားကွင်းအနောက်ဘက်ရှိ မင်္ဂလာမန္တလေးမဏ္ဍပ်၊ မန္တလေးဈေး ချိုတော် နာရီစင်အနီးတွင် မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တူရိယာအသင်းနှင့် တွဲဖက်၍ ဈေးချိုသူမဏ္ဍပ်များ ပါဝင်ခဲ့ သော်လည်း သင်္ကြန်လည်သူ၊ ရေကစားပျော်ပါးသူ မရှိသလောက် နည်းပါးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
၂၀၂၃ ခုနှစ်ကလည်း စစ်ကောင်စီ ပြုလုပ်မည့်သင်္ကြန်ပွဲတော်တွင် ပြည်သူများ မပါဝင်ကြရန်နှင့် သပိတ်မှောက်ရန် အတွက် မြို့ပြပြောက်ကျားအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ လှုံ့ဆော်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြသည်။
You may also like these stories:
သင်္ကြန်ပွဲတော်စည်ကားရေး ခရိုနီများကိုပါ စစ်ကောင်စီတွန်းအားပေး
သီးသန့်ပါတီသင်္ကြန်ပွဲ တချို့ ကျင်းပဖို့ စီစဉ်နေ
စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို