ထိုင်းမြောက်ပိုင်းတခွင် ဆိုးရွားစွာ ခံစားနေရသော မီးခိုးမြူ ပြဿနာကြောင် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ပြောင်းတင်သွင်းခွင့် တားမြစ်ချက်ကို ထိုင်းအစိုးရဖွဲ့က မတ်လ ၁၉ ရက်က အတည်ပြုခဲ့ပြီး ယခုနှစ်မှစ၍ အသက်ဝင် မည်ဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။
လေထုညစ်ညမ်းအခြေအနေ စောင့်ကြည့်လေ့လာသည့် IQAirs ဝက်ဘ်ဆိုက်၏ စာရင်း၌ ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် မတ်လ ၁၆ နှင့် ၁၇ ရက် နှစ်ရက်ဆက်တိုက် ကမာ္ဘ့လေထု အညစ်ညမ်းဆုံး မြို့အဖြစ် ထိပ်ဆုံးရောက်ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်၏ ချင်းမိုင်ခရီးစဉ်အပြီး ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ တင်ပို့မည့် ပြောင်းစိုက်ပျိုးရန် မြန်မာ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ လယ်ယာမြေများ မီးရှို့မှုကြောင့် နှစ်စဉ် ထွက်ပေါ်နေသည့် မီးခိုးမြူပြဿနာကို လျှော့ချရန် ရည်ရွယ်၍ ထိုင်းအစိုးရအဖွဲ့က ထိုသို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ဆိုသည်။
ယင်းမီးရှို့မှုများကို သက်သေပြရန်အတွက် ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောင်းစိုက်ခင်းဧရိယာများကို ဂြိုဟ်တု ဓာတ်ပုံများအသုံးပြု၍ မြေပုံများနှင့် နှိုင်းယှဉ်ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း ပြောသည်။
သို့သော် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းကမူ ထိုင်းနိုင်ငံသို့ ပြောင်းတင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ကို ဖေဖော်ဝါရီမှ ဩဂုတ်လအထိ ခွင့်ပြုထားသဖြင့် ဤဆုံးဖြတ်ချက်သည် ယခုနှစ်ပြောင်းရာသီအတွက် အကောင်အထည် ဖော်ရန် မမီနိုင်ကြောင်း၊ ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်သို့ တရားဝင်စာပို့ အကြောင်းကြားခြင်း မရှိသေး ကြောင်း ဆိုသည်။
မြန်မာ့ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတဦးက “ဒီနှစ်တော့ ပိတ်မှာ မဟုတ်ဘူး။ နောက်နှစ်မှာ လုပ်မှာပေါ့။ ပိတ် တာကလည်း ဖေဖော်ဝါရီမှာ တင်သွင်းခွင့် စပြုတဲ့အစား ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ သုံးလလောက် ထပ်ပိတ်မယ့် သဘောဖြစ် ပါတယ်။ အဲဒီတော့ မေလနဲ့ ဇွန်လ လောက်မှာမှ ပြန်ဖွင့်မှာပေါ့။ အဓိကတော့ တောမီးရှို့လို့၊ လေထုညစ်ညမ်းလို့ ပိတ် တာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြောင်းတင်ပို့ခွင့်ပိတ်ပင်မှုကို ရာသီတခုလုံးပိတ်ခြင်း မဟုတ်ဘဲ လအနည်းငယ်သာ တင်ပို့ခွင့်ပိတ်မည်ဆိုပါက ထိခိုက်မှု နည်းနိုင်သော်လည်း ကာလရှည် ပိတ်မည်ဆိုပါက ထိခိုက်မှုရှိနိုင်ကြောင်း ပြောင်းကုန်သည်များက သုံးသပ်ပြောသည်။
ထိုင်းနိုင်ငံသည် ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့(WTO) အဖွဲ့ဝင်နိုင်ငံဖြစ်၍ မည်သည့် သွင်းကုန်တားမြစ်ချက်မဆို သက်ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ လက်ရှိပြဌာန်းချက်သည် ယခုနှစ်အတွင်း စီစဉ်ထားသော သန့်ရှင်းသောလေ ဥပဒေအား စောင့်ဆိုင်းရဦးမည် ဖြစ်ကြောင်း Bangkok Post သတင်းက ဆိုသည်။
ပြောင်းကုန်သည် တဦးက “ဒီနှစ်ကတော့ လွတ်လွတ်လပ်လပ် ပို့လို့ရတယ်။ နောက်နှစ်ကျရင်တော့ ဖေဖော်ဝါရီမှာ မဖွင့်ဘဲနဲ့ ဧပြီနဲ့ မေလောက် ဖွင့်မှာပေါ့။ အခု ကမ္ဘာ့ပြောင်းဈေးလည်းကျတော့ ပြည်တွင်းဈေးလည်း ဆက်တိုက်ကျ နေတယ်၊ နောက်တခု မြန်မာမှာက နိုင်ငံခြားငွေ မူဝါဒက ရှိသေးတော့ ပိုဆိုးတာပေါ့။ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ အတွက်ကတော့ တော်တော်လေး အကျိုးမရှိတဲ့ ဈေးတွေ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည့် မြဝတီနယ်စပ်ဂိတ်သွားရာ လမ်းတလျောက် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ လမ်းများ ပိတ်ခြင်းတို့ကြောင့် ကုန်သွယ်ရေးတွင် အခက်အခဲများ ရှိသလို စစ်ကောင်စီ၏ ပို့ကုန်သွင်းကုန်မူဝါဒဖြစ်သည့် ပြောင်း တင်ပို့သည့် ပို့ကုန်ရငွေမှ ၃၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြင့် ဖြတ်ယူပြီး ကျန် ၇၀ ရာခိုင်နှုန်းကိုလည်း စစ်ကောင်စီက ၃,၁၅၀ ကျပ်နှင့် ဖြတ်ယူခြင်းကြောင့် ကုန်သည်လုပ်ငန်းရှင်များအတွက် တွက်ခြေ မကိုက်သည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ပြင်ပဒေါ်လာလဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ၃,၇၀၀ ကျပ်ကျော်ဖြစ်နေသောကြောင့် စစ်ကောင်စီဖြတ်ယူသည့် ဈေးနှင့် နှိုင်းယှဉ်ပါက ၅၀၀ ကျော်ကွာဟနေသည်။
မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး စိုက်ပျိုးဧက ၇ သိန်းကျော်အထိရှိကာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စိုက်ပျိုးကြသည်။
မြန်မာ့ပြောင်းကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အများဆုံးတင်ပို့ပြီး ပင်လယ်ရေကြောင်းမှလည်း အိန္ဒိယ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများသို့ တင်ပို့ကာ တလလျှင်ခန့်မှန်းခြေ မတ်ထရစ်တန်ချိန် ၁ သိန်းနှင့် ၂ သိန်းကြားတင်ပို့ လျက်ရှိပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာမှ လက်ရှိကာလအထိ ပြောင်းတန်ချိန် ၁ သန်း နီးပါး တင်ပို့ထားကြောင်း အသင်းမှ သိရသည်။
ထိုင်းနိုင်ငံ၏ ဈေးကွက်ဝယ်လိုအားမှာ နှစ်စဉ် ပြောင်းတန်ချိန် ၈ ဒသမ ၉ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တနှစ်လျှင် တန်ချိန် ၄ ဒသမ ၉ သန်းခန့်သာရှိသောကြောင့်မြန်မာအပါအဝင် အိမ်နီးနိုင်ငံများမှ ပြောင်းတန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်သွင်းနေကြောင်း၊ မြန်မာနိုင်ငံမှ တန်ချိန် ၆ သိန်းမှ ၇ သိန်း၊ လာအိုနိုင်ငံမှ တန်ချိန် ၃ သိန်းမှ ၄ သိန်းနှင့် ကမော္ဘဒီးယားနိုင်ငံမှ တန်ချိန် ၁ သိန်းခန့် တင်သွင်းလျက်ရှိကြောင်း Bangkok Post တွင် ဖော်ပြထားသည်။
ပြောင်းကုန်သည်တဦးက “ဒီနှစ်က မြဝတီလမ်းကြောင်းမကောင်းတော့ တာချီလိတ်ဘက်က သွားကြတယ်။ ပုံမှန်ဆို ဒီနား ပတ်ဝန်းကျင်မှာ စိုက်ကြတဲ့ ရှမ်းအရှေ့နဲ့ ရှမ်းတောင်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း က ပြောင်းတွေပဲ တာချီလိတ်က သွားတာ ဒီနှစ်က ဘယ်မှ သွားမရတဲ့အတွက် တာချီလိတ်က သွားကြတာ ရှိတယ်။ ထိုင်းလည်း သူတို့နိုင်ငံရဲ့ ကျန်းမာရေးအရ ပြောပေမယ့်လည်း တဖက်ကလည်း သူတို့နိုင်ငံရဲ့ လိုအပ်ချက် ရှိကောင်းရှိနိုင်တဲ့အတွက် ထိုင်းက ပြောင်းဝယ် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေက ပြေလည်အောင် ပြန်ညှိရမှာပေါ့။ လုံးလုံး မဝယ်လို့တော့ မရပါဘူး” ဟုဆိုသည်။
ယင်းကဲ့သို့ ပြောင်းတင်သွင်းခွင့် ပိတ်ပင်မှုနှင့် ပတ်သက်၍ ထိုင်းအစိုးရအဖွဲ့အတွင်း သဘောကွဲလွဲမှုများရှိနေပြီး ထိုင်း နိုင်ငံသည် အခြားနိုင်ငံများ၏ လယ်ယာမြေ မီးရှို့ခြင်းကို ရပ်တန့်ရန် ရည်ရွယ်ပါက မိမိနိုင်ငံအတွင်း၌လည်း မီးရှို့မှုကို ရပ်တန့်ရန် လိုအပ်သည်ဟု ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Napintorn Srisanpang က ပြောကြောင်း Bangkok Post သတင်းက ဆိုထားသည်။
You may also like these stories:
ချင်းမိုင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်မည်ဟု ထိုင်း ဝန်ကြီးချုပ်ပြော
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR