ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေး ၄ ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ စီးနင်းထိန်းချုပ်ထားပြီး ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဂုတ်တွင်းတံတားကိုပါ သိမ်းပိုက်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ ဖြစ်တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် အစောပိုင်းမှာပဲ နောင်ချိုမြို့နဲ့ ၃ မိုင်ခန့်သာကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
TNLA နဲ့ MDY-PDF တို့က မြို့အနီးကို ထိန်းထားတာကြောင့် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ မြို့ပေါ် ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ နောင်ချို-ရပ်စောက်လမ်းပိုင်းပေါ်က ဒုံးတပ်တပ်စခန်းတခုထဲ တိမ်းရှောင်ထွက်ပြေးကုန်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နောင်ချိုမြို့ခံ အမျိုးသမီးတဦးက “တမြို့လုံး ရဲရော စစ်တပ်ရော မရှိတော့ဘူး။ အချုပ်သားတွေကို ၁၂ ဘီးကားတွေနဲ့ ထည့်ပြီး ပြေးကုန်ကြတာ။ TNLA နဲ့ PDF တွေက မြို့ပတ်ပတ်လည်မှာပဲ“ လို့ ဧရာ၀တီကို ပြောပါတယ်။
TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

တချိန်ထဲမှာပဲ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ဖြတ်တောက်နိုင်တဲ့ အချက်အချာကျရာ နောင်ချို-ကျောက်မဲလမ်းပေါ်က ဂုတ်တွင်းတံတားရှိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ ဂုတ်တွင်းတံတားကို ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး ပြည်ထောင်စုလမ်းမကြီး အသုံးပြုခွင့်ကိုတော့ ပိတ်ဆို့ထားကာ ကုန်ကားအများအပြား ပိတ်မိနေပါတယ်။
ဒါအပြင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိန်းထားတဲ့ သိန္နီမြို့မှာ မြို့အဝင် တံတားကို ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
သိန္နီမြို့အဝင် တံတားဟာလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ လမ်းကြောင်းပေါ်က လားရှိုး-မူဆယ်လမ်းပိုင်းနဲ့ လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းရဲ့ ဖြတ်တန်းသွားလာရမယ့် တခုတည်းသော အချက်ချာကျတဲ့ တံတားတဆင်းဖြစ်ပါတယ်။

ဒီတံတားကနေ ချင်းရွှေဟော်ကို MNDAA က သိမ်းပိုက်ထားချိန်မှာ စစ်ကောင်စီက မြေပြင်ကနေ စစ်ကူတွေ ပို့နေမှုကိုလည်း ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်း က “စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေကတော့ လက်ဆက်ဖြစ်ပွားနေပါတယ်။ သိန္နီမြို့နယ် အားလုံးကို လုံး၀ သိမ်းပိုက်သွားတဲ့ အနေအထားတော့ မရှိသေးပါဘူး“ လို့ ဧရာ၀တီကို ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သိန္နီမြို့အနီးမှာ အထိုင်ချထားတဲ့ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းတွေနဲ့ တရုတ်-မြန်မာ သွင်းကုန်ပို့ကုန် ရေပူစစ်ဆေးရေးဂိတ်ရှိ စစ်တပ်စခန်းတွေကို ဆက်လက်စီးနင်းတိုက်ခိုက်နေတဲ့အကြောင်း သူကဆိုပါတယ်။
လားရှိုးမြို့နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ နမ့်ပေါင်တိုက်နယ်ရှိ ရဲစခန်းတခုကိုလည်း ပူးပေါင်းတပ်တွေက မနေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဒီကနေ့ မနက်ပိုင်းမှာတော့ လားရှိုး-တန့်ယန်း လမ်းပိုင်းပေါ်က နမ္မဗောဒရွာ တံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကို အစွဲပြုလို့ (၁၀၂၇ စစ်ဆင်ရေး) အဖြစ် မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ဟာ စစ်ကောင်စီကို စစ်ကြောညာခဲ့ပြီး စစ်တပ်စခန်း အများအပြားနဲ့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံပန်းတွေကိုလည်း ဖမ်းဆီးရမိထားကြောင်း ရုပ်သံ၊ ဓာတ်ပုံ မှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။