ကျနော်နဲ့ အမျိုးသမီး ဘန်ကောက်ကို ပြောင်းလာတာ တနှစ်ကျော်ပြီ။
ဘန်ကောက်၏ ဆူညံသော အသံများ၊ လမ်းဘေး ဈေးသည်များ၏ ဈေးရောင်းသံများ၊ မော်တော် ဆိုင်ကယ် Taxi သမားများနဲ့ ဈေး အညှိအနှိုင်း အသံများ၊ BTS ကောင်းကင် ရထား ဖြတ်မောင်းသံများကို ယဉ်ပါးစ ပြုလာပါပြီ။
ကျနော်တို့ ဘန်ကောက်မှာ Retirement Visa (အငြိမ်းစား ဗီဇာ) လျှောက်ပြီး နေကြသည်။ တိုက်ခန်းလေး တခန်း ဝယ်လိုက်သည်။ မြန်မာတွေ ဖွင့်ထားသော ဆိုင်တွေမှာ သွားပြီး စားကြ သောက်ကြသည်။ အဆင်ပြေပါသည်။
ဒီလို သွားရင်း လာရင်း စားရင်း သောက်ရင်း နှင့် အသိမိတ်ဆွေ အသစ်တွေ တိုးလာသည် ဆိုသော ဇာတ်လမ်း လေးတွေလည်း ကြားလာရသည်။
အတော်ကို သန့်ရှင်းသပ်ရပ်ပြီး လူလတ်တန်းစားများ အိန္ဒြေ သိက္ခာ ရှိရှိ ထိုင်စားနိုင်သော မြန်မာဆိုင် ၂ ဆိုင်လောက် ဘန်ကောက်မှာ ကျနော်တို့ တွေ့ခဲ့သည်။ အဲဒီမှာ စားရင်း စားပွဲထိုးလေးတွေနဲ့ ရင်းနှီး ခင်မင်သွားတော့သည်။
ပြီးတော့ ရန်ကုန်၊ မန္တလေးကနေ လာပြီး နေသူများ၊ ရန်ကုန် တဝက် ဘန်ကောက် တဝက် နေသူများနှင့် ရင်းနှီး သွားရင်း သတင်းစကားလေးတွေ စုံတော့သည်။
မြန်မာပြည်က ခရိုနီကြီးတွေရဲ့ တစွန်းတစ သတင်းများကို သူတို့ဆီက ကျနော် ကြားရသည်။
“အာဏာ သိမ်းပြီးပြီးချင်း အဲဒီလူက အမေရိကားကို သွား နေတာ၊ သူ့သားက ဆန်ဖရန်စ္စကိုမှာ ကျောင်းတက်နေတာ”
“အိမ်တောင် ဝယ်လိုက်သေးတယ်၊ မြန်မာပြည်က ကျွန်းတွေ ပို့ပြီး စားသောက်ဆိုင် ဖွင့်မလို့ ဆိုပြီး…”
သူတို့ ပြောသော ထိုခရိုနီသည် တကယ်တော့ နေပြည်တော်ကို ပြန်သွားပါပြီ။ မနှစ်ကတောင် မြိတ်ကျွန်းစု ဘက်ကို စမောလေး ခေါ်သွားပြီး ကျွန်းတွေ လိုက်ဝယ်နေသည်ဟု သတင်း ထွက်လာပါသေးသည်။
သူလည်း သစ်ပင်တွေ လှဲပြီး ခိုဆိုး လုယက်ပြီး ကြီးပွားလာသည့် မှောင်ခို ခရိုနီ တဦးပင် ဖြစ်သည်။
နောက် ခရိုနီ တဦးကတော့ စားပွဲထိုးတွေ ပြောပြတဲ့ ခရိုနီ တဦး။ သူက ဆိုင်ထဲကို ဝင်လာလျှင် ခြေသံ မကြားရ။ သူ့ ရှေ့တော်ပြေးတွေက မီးစိမ်း အရင်ပြရသည်။ ဆိုင်ရဲ့ ထောင့်မှာ ရွေးထိုင်သည်။
သူ့ ရဲ့ မျက်လုံးတွေက ဟိုပြေး သည်ပြေး။ စားပွဲထိုးလေးတွေ ပြာယာခတ်။
“အစ်ကို ဒီဘိုးတော်ကတော့ သိုင်းလောကမှာ ဆရာကြီးပဲ”
ခရိုနီ ကျွမ်းကျင် အဆင့်ရှိသူ မိတ်ဆွေ တဦးက ပြောပြသည်။
သိုင်းလောကရဲ့ ဆရာကြီး ဆိုတော့ ကိုယ်ပျောက် သိုင်းတွေ ကျွမ်းကျင်ပုံ ရသည်။ သူ့ ဓာတ်ပုံကို ရှာမရ။ Google မှာတောင် ရှားရှားပါးပါး။ မြန်မာ အစိုးရပိုင် သတင်းစာတွေမှာလည်း မရှိ။ ဒါပေမယ့် သူက ခေါင်းကိုင်။
ခရိုနီ အကြီး၊ အလတ်၊ အသေး၊ Baby ခရိုနီလေးတွေ အဆုံး သူက လက်သပ် မွေးပေးထားသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း သူအတော် ဝမ်းသာသွားသည်ဟု ပြောကြသည်။ သူ့ရဲ့ ဘဏ်က ပြန်မဆပ်တဲ့ အကြွေးတွေ (NPL ဟုခေါ်ကြသည်) ရဲ့ ကိစ္စ ပြေလည်သွားသည်။
သူတို့ ဘဏ်နဲ့ မတည့်သော စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင် တချို့ကို ဖမ်းဆီးဖို့ အတွက် စစ်ကောင်စီကိုတောင် သတင်း ကြိုပေးခဲ့သည်ဟု သိရသည်။
အဲဒီ သူတွေ အခုတော့ ထောင်ထဲမှာဟုလည်း သိရပါသည်။
နိုင်ငံခြားသား စီးပွားရေး ပညာရှင်က မြန်မာပြည်က ထွက်လာပြီး သူ့အတွေ့အကြုံတွေကို စာအုပ်ရေးတော့ သိုင်းလောက ဆရာကြီးရဲ့ ရှေ့နေတွေက မရေးဖို့ ခြိမ်းခြောက်သည်ဟု ကြားလိုက်ရသည်။
သူတို့ကြောင့် မိသားစု တော်တော်များများ ဒုက္ခရောက်သွားကြသည်။ သူ့ရဲ့ အကြီးတန်း ဝန်ထမ်းများကလည်း PDF/CDM လှူဒါန်းသူတွေကို သတင်းပေးခဲ့ဖူးသည်ဟု သိရသည်။
ဒါပေမယ့် ဒီရှောင်လင် ခရိုနီကြီးကတော့ တမျိုး။ သူသည် စစ်တပ်နှင့် တသက်လုံး အလုပ် လုပ်ခဲ့သူ ဖြစ်သော်လည်း သူ့ကိုယ်သူ ဘယ်ဘက်မှ မလိုက်သော စီးပွားရေး လုပ်ငန်းရှင်ဟု စိတ်ထဲက အထင်ပေါက်နေပုံ ရသည်။
စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။
အရပ်သား အစိုးရနှင့် နီကပ်သွားသော ခရိုနီ သူဌေးကြီးများကို စစ်တပ်က ဖမ်းဆီး စစ်ဆေးတော့ ထိုရှောင်လင် ခရိုနီကြီးများက ဘာပြောလဲ ဆိုတော့…
“သူတို့က ဟိုဘက်နဲ့ သွားကပ်တာကိုး ကျနော်တို့လိုမှ မနေတာ”
ဗိုလ်ချုပ်ကြီးတွေနဲ့ အိပ်ရာ တခုတည်းမှာ၊ ခြင်ထောင် တမိုးထဲမှာ အိပ်နေတဲ့ သူတွေ ပြောစကား။
ဒီလိုနဲ့ ကျနော်လည်း ဟိုသတင်း ဒီသတင်း ဟိုအတင်း ဒီအတင်းတွေ အငြိမ်းစား ဘဝမှာ နားထောင်ရင်း ကျနော် မသိခဲ့တာတွေ သိလာရသည်။ ပညာတွေ ရလာသည်။
ဘန်ကောက်က သန်းကြွယ် သူဌေးများသာ ဝယ်ယူနေထိုင်နိုင်သော Ratchadamri ၊ Sukhumvit နဲ့ Chidlom လို နေရာမျိုးတွေမှာ မြန်မာတွေ ဝိုင်းဖွဲ့ကြသည်။ သူတို့ သုံးနိုင်ကြသည်။
သူတို့ကို ကြည့်လျှင် မိဘ လက်ငုတ် လက်ရင်းနှင့် ချမ်းသာလာသူများတော့ မဟုတ်တာ သေချာသည်။
မြန်မာပြည်မှာ လူပျံတော် ပတ္တမြား သွေးဆေး၊ အရီးတောင်း လက်ဖက် နှင့် တောင်ကြီး မောက်မယ် သနပ်ခါး တို့လိုမျိုး ရောင်းပြီး ချမ်းသာလာသူက ၃ ယောက် ၄ ယောက်ပဲ ရှိပါသည်။
နောက်တယောက်ကတော့ –
ဘန်ကောက်မှာ သွားရင်း လာရင်း ကော်ဖီဆိုင် ထိုင်ရင်း ဆိုင်ရဲ့ထောင့်မှာ တွေ့ရတတ်တာက အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်ပြီး လူပေါ် လူဇော် လုပ်နည်း စာအုပ် ကျမ်းကျေသူ မြန်မာ ခရိုနီကြီး တဦး ဖြစ်သည်။
သူကတော့ ခရိုနီတွေကို သူ့လောက် သိသည်၊ တတ်သည်ဟု မထင်။ အထင်အမြင် သေးသည်ဟု ကြားရသည်။
သူသည် အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်နှင့် တဦးချင်း တွေ့ဆုံခွင့်ရအောင် ကြိုးစားခဲ့သူဟု သတင်းများ ထွက်ခဲ့ဖူးသည်။
အရပ်သား အစိုးရ လက်ထက်ကလည်း နိုင်ငံတော် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာ အတူတူ စားနိုင်သူ ဖြစ်သည်။
ဘာပညာမှ ကောင်းကောင်း မတတ်သော ဗိုလ်ချုပ်ကြီးတွေကို သူက ဟိတ်နဲ့ ဟန်နဲ့ ကိုယ်ရည် သွေးပြသည်။ ပြီးတော့ စစ်ခေါင်းဆောင် ကြိုက်တတ်တဲ့ ဈေးအကြီးဆုံး ဝီစကီများ၊ ဝိုင်များ။
နောက်တော့ ဘန်ကောက်က ထိုင်ပြီး စစ်ကောင်စီ အတွက် ထိုင်း နှင့် ပေးချေစရာ ရှိသည်များကို သူက ကြားခံ လုပ်ပေးသည်။
စစ်ကောင်စီ ဆန်ရှင်အတွက် ပူစရာ မလိုတော့ဟု ကြားရသည်။ Transaction ကို ထိုင်း ဘတ် နှင့် လုပ်ပေးလိုက်ခြင်းဟု နားလည်ရသည်။ ဒီလို ဆိုတော့ စစ်ကောင်စီ အတွက် အသက်ရှု ချောင်သွားရပြီ။
မြန်မာပြည်က ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာမှာ လူတော မတိုးသူများ ဖြစ်သည်။ သူတို့ကိုယ် သူတို့ သိသညိ။
ဒါကြောင့် နိုင်ငံတကာ နှင့် အိမ်နီးချင်းက လက်ခံသော ပညာတတ် ခရိုနီ သူဌေးကြီး၊ သူဌေးငယ်တွေကို ကြားခံ ပွဲစား အဖြစ် ခိုင်းတတ်သည်။ မွေးစားကြသည်။
ထို လက်ကျဲသော ပွဲစားကြီးတွေက တဆင့် သူတို့ စစ်တပ် အတွက် လိုအပ်သော ပစ္စည်း ကိရိယာတွေ၊ လက်နက် အစိတ်အပိုင်းတွေ ငွေပေးချေမှု လုပ်ငန်းတွေကို လုပ်ကြသည်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ် ကတော်တွေ၊ သားသမီးတွေ ဘန်ကောက်မှာ အိမ်ခြံမြေ ဝယ်ရောင်း ကိစ္စတွေကိုလည်း ကြားခံ စီစဉ်ပေးသည်။
ထို သူဌေးကြီးများ ဝင်ထွက် စားသောက်တတ်သော Premium ထိုင်း စားသောက်ဆိုင်တွေ ရှိသလို သန့်ရှင်း သပ်ရပ်သော မြန်မာဆိုင် တချို့မှာလည်း သူတို့ကို တွေ့ရတတ်သည်။
သူတို့သည် အုပ်စုလိုက် တွေ့ရတတ်သလို ဘန်ကောက် မြန်မာ သံရုံးမှ သံအမတ်၊ သံမှူးတို့နဲ့လည်း ခိုးကြောင် ခိုးဝှက် နှင့် လာထိုင်တတ်သည်ကို တွေ့ရသည်။
အာဏာသိမ်းပြီး နွေဦးတော်လှန်ရေး အရှိန်တက်နေချိန်တွင် ထိုသူတွေ အိမ်တွင်းပုန်း လုပ်ကြသည်။ သူတို့ သိပါသည်။
ထိုခရိုနီကြီးများ ညနေခင်း ညစာ စားတတ်သော ဆိုင်ကို ဖြတ်သွားဖူးသည်။ ကျနော် အနားမကပ်နိုင်ပါ။ မိန်းမကို လက်တို့ပြီး ဒီလူတွေကို ရန်ကုန်မှာ တွေ့ဖူးလားဟု မေး။ မိန်းမက ခေါင်းခါပြ။
ခရိုနီကြီး တဦးက သူ့ရဲ့ ညစာကို စားလိုက်ချိန်မှာ မြန်မာ စားပွဲထိုးလေးတွေ ကျနော့်ကို ပြောဖူးသော စကားကို အမှတ်ရနေသည်။
“ကျနော်တို့ကတော့ အဲဒီ အုပ်စုတွေလာရင် သူတို့ အစားအသောက်ထဲမှာ Chef ရဲ့ ခံတွင်းထဲက ဟာတွေပါ ထည့်ပေးလိုက်တယ်။ သူတို့ အားရပါးရ စားတာကြည့်ပြီး ကျနော်တို့နဲ့ Chef တွေက ပြုံးစိ ပြုံးစိပေါ့”
ခရိုနီ ရဲ့ ညစာ မြိန်မည်ဟု ထင်ရပါသည်။ ။













