စစ်ကောင်စီက မြန်မာကို ထိန်းချုပ်လိုက်ပြီး သုံးနှစ်ကြာသောအခါ ထိုကြမ္မာငင်သောနေ့၏ တုန်လှုပ်စရာ ရိုက်ခတ်မှုများကို ဒေသတခုလုံးတွင် ခံစားနေရဆဲဖြစ်သည်။
လူငယ် အမျိုးသားများနှင့် အမျိုးသမီးများကို စစ်သားစုဆောင်းရန် ဆယ်စုနှစ်သက်တမ်း တခုရှိပြီဖြစ်သော ဥပဒေတခုကို အသက်သွင်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလလယ်တွင် ကြေညာသည်။
ထိုဆုံးဖြတ်ချက်ကြောင့် နိုင်ငံတဝန်း၊ အထူးသဖြင့် မကြာမီ စစ်သားစုဆောင်းခံရနိုင်သူများ အကြားတွင် ကျယ်ပြန့်သော တုန်လှုပ်မှုဖြစ်စေသည်။ “အမျိုးသားကာကွယ်ရေးတာဝန်” ထမ်းဆောင်ရန် လစဉ် အရေအတွက်အဖြစ် ထိုလမှစတင်ပြီး လူ ၅,၀၀၀ ခန့်ကို စစ်တပ်သို့ ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူတဦးက ပြောသည်။
ယခုနှစ်အတွင်း အမျိုးသားနှင့် အမျိုးသမီး ၄၀,၀၀၀ ခန့်ကို စစ်သားစုဆောင်းနိုင်သည်။
ထိုသတင်း မသီရိထံ ရောက်လာသောအခါ ငြိမ်းချမ်းသော အနာဂတ်အတွက် တခါက အိပ်မက်များ ချက်ချင်းဆိုသလို ပြိုကွဲသွားသည်။
“အဲဒီ ဥပဒေအရ အမျိုးသားတွေရော အမျိုးသမီးတွေပါ စစ်တပ်ထဲဝင်ရမှာမို့ အဲဒီသတင်းကို ကြားတော့ ကျမ ကြောက်လန့်သွားတယ်” ဟု ABC သတင်းဌာနသို့ ပြောသည်။
“ဒီစစ်မှုမထမ်းမနေရ ဥပဒေက ကျမအပေါ် သက်ရောက်မှု တစုံတရာရှိမယ်ဆိုတာ ကျမ သဘောပေါက်တယ်။ ကျမကိုယ်တိုင်ထက် ကျမချစ်သူအတွက် ပိုမိုစိုးရိမ်တယ်” ဟုလည်း ၎င်းကပြောသည်။
သူ့မင်္ဂလာဆောင်နေ့သည် မိတ်ဆွေများ၊ မိသားစုများနှင့် အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနား ဖြစ်မည်ဟု တချိန်က ထင်ခဲ့ဖူးသည်။
သို့သော် စိတ်ဖိစီးစရာကောင်းသော စစ်၏ ပကတိအခြေအနေနှင့် ရှေ့တန်းစစ်မျက်နှာတွင် ပါဝင်ပတ်သက်နိုင်သည့် အလားအလာ ပေါ်ပေါက်လာသောကြောင့် ထိုစိတ်ကူး ပျောက်ပျက်သွားသည်။

အတင်းအကျပ် စစ်သားစုဆောင်းရာတွင် သံဃာတော်များ၊ အိမ်ထောင်ရှင်အမျိုးသမီးများနှင့် မသန်စွမ်းသူများကို ကင်းလွတ်ခွင့် ပြုထားသည်။
“အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေကို ရှောင်ဖို့ အခွင့်အလမ်းကောင်းအောင် ကျမတို့ မဖြစ်မနေ လက်ထပ်လိုက်တာ” ဟု မသီရိက ပြောသည်။
“ကျမတို့က စာချုပ်လေးတခုပဲ လက်မှတ်ထိုးပြီး လက်ထပ်လိုက်တာ။ မိတ်ဆွေတွေနဲ့ ဘာအခမ်းအနားမှ မစီစဉ်နိုင်ခဲ့ဘူး” ဟုလည်း ၎င်းကပြောသည်။
“အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေကို ရှောင်ဖို့ အခွင့်အလမ်းကောင်းအောင် ကျမတို့ မဖြစ်မနေ လက်ထပ်လိုက်တာ” ဟု မသီရိက ပြောသည်။
“အခုအချိန်က ဘာအခမ်းအနားမှ ကျင်းပလို့ကောင်းတဲ့ အချိန်မဟုတ်ဘူး” ဟု မသီရိက ပြောသည်။
မသီရိသည် စစ်တပ်တွင် ပါဝင်တိုက်ခိုက်ရခြင်းကို ရှောင်ရှားနိုင်ရန် အပြင်းအထန် လုပ်ဆောင်ခဲ့ရသည့် လူငယ်အများအပြားအနက် တဦးသာဖြစ်သည်။
ဖေဖော်ဝါရီလမှစတင်ပြီး တနိုင်ငံလုံးမှ နိုင်ငံကူးလက်မှတ်ရုံးများနှင့် သံရုံးများတွင် လျှောက်လွှာများဖြင့် ပြည့်လျှံနေပြီး အကူအညီပေးရေး ဖုန်းလိုင်းများ မနိုင်မနင်းဖြစ်နေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားသောကြောင့် လူငယ် ဒါဇင်ပေါင်းများစွာ အဖမ်းခံရသည်။
စစ်မတိုက်ရစေရေးအတွက် မသန်စွမ်းသူ စာရင်းဝင်စေရန် ၎င်းတို့ကိုယ်၎င်းတို့ ဒဏ်ရာရအောင်လုပ်ရန် သို့မဟုတ် ရဟန်းဝတ်ရန် လူငယ်များ စဉ်းစားကြသည်ဆိုသည့် သတင်းများလည်း ရှိသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှုအတွက် အရွေးခံရပြီးနောက် လူငယ်တဦး သူ့ကိုယ်သူ သတ်သေသည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
စစ်သားစုဆောင်းမှုတွင် လူငယ်များ ပိတ်မိနေ
ထိုအတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ယခင်စစ်အုပ်စုက ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း မည်သည့်အခါကမှ ကျင့်သုံးခြင်း မရှိပေ။
ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် အရေးပေါ်အခြေအနေတွင် ငါးနှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်သည်။
ဆရာဝန်များ၊ အင်ဂျင်နီယာများနှင့် ပညာရှင်ဟုဆိုသည့် လျော့လျဲစွာ သတ်မှတ်ထားသည့်အုပ်စုတွင် ပါဝင်သူများအတွက် နောက်ဆုံး ကန့်သတ်ချက်မှာ အမျိုးသမီးများအတွက် ၃၅ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၄၅ နှစ် ဖြစ်သည်။

အတင်းအကျပ် စုဆောင်းခံရသူများ ငြင်းဆန်ပါက ထောင် ငါးနှစ်အထိ ချနိုင်သည်။
မသီရိသည် အင်ဂျင်နီယာ ပညာရပ် လေ့လာထားသူဖြစ်ပြီး လက်ထပ်စာချုပ် ရှိသော်လည်း သူနှင့် သူ့ခင်ပွန်း ဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေရသည်။
“အိမ်ထောင်ပြုပြီးသွားတာတောင်မှ အဲဒီစိုးရိမ်မှုက ပျောက်ကွယ်မသွားဘူး။ အိမ်ထောင်ပြုလိုက်တာဟာ များသောအားဖြင့် အမျိုးသမီးတွေကို ဘေးကင်းစေပေမယ့် အမျိုးသားတွေအတွက် ဘာအပြောင်းအလဲမှ မဖြစ်စေဘူး” ဟု မသီရိက ပြောသည်။
နောက်တနေ့တွင် ဘာဖြစ်မည်ကို မည်သူမှ မသိသောကြောင့် အနာဂတ်တွင် မည်သို့ ဖြစ်မည်ကို မစဉ်းစားမိရန် ကြိုးစားကြောင်း မသီရိက ပြောသည်။
“ဘာမဆို အရာရာဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။
“ပေါ်တာဆွဲပြီး အထမ်းသမားအဖြစ် ခိုင်းနိုင်တယ်။ အချိန်မရွေး စုံစမ်းစစ်ဆေး ဖမ်းဆီးခံရနိုင်တယ်” ဟု ပြောသည်။
မြန်မာစစ်တပ်သည် အရွယ်ရောက်ပြီးသူများကို အတင်းအကျပ် လုပ်အားခိုင်းစေရန် အသုံးပြုပြီး ကလေးငယ်များကို လူသစ်စုဆောင်းသည့် ရှည်လျားသောသမိုင်းရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောသော်လည်း စစ်ကောင်စီထိန်းချုပ်ဒေသများမှ ဥပဒေနှင့်မညီသည့် အလေ့အထနှင့် ပတ်သက်သည့် လတ်တလော သတင်းများကို ရရန်ခက်ခဲသည်။
လက်နက်ခဲယမ်း အပါအဝင် ထောက်ပံ့ရေးပစ္စည်းများကို တောတွင်းတွင် အချိန်ကာလ အကန့်အသတ်မရှိ သယ်ဆောင်ရန်အတွက် ထိုအထမ်းသမား ပေါ်တာများကို ယခင်က လိုအပ်ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောသည်။
မသီရိသည် သူစိုးရိမ်ပူပန်သောကိစ္စများ အမှန်တကယ် ဖြစ်မလာမီ ထွက်ပြေးလွတ်မြောက်ရန် မျှော်လင့်သော်လည်း နောက်တွင် ချန်ထားခဲ့ရမည့်သူများ အတွက်လည်း စိုးရိမ်ရသေးသည်။
“နိုင်ငံကနေထွက်သွားဖို့ ကျမ စီစဉ်ထားတယ်။ ဒါပေမယ့် ကျမမိဘတွေက အသက်အရွယ်ကြီးနေလို့ သူတို့အတွက် စိုးရိမ်ရတယ်” ဟုလည်း ၎င်းကပြောသည်။
အလျင်အမြန် လက်ထပ်ခြင်းမှသည် နိုင်ငံမှ ထွက်ပြေးခြင်းအထိ
သူ မယုံကြည်သော စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းမှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် မစနိုးသည်လည်း အိမ်ထောင်ပြုရန် စဉ်းစားသည်။
သို့သော် ထိုသို့ တရားဝင် အိမ်ထောင်ပြုခြင်းသည်ပင် သူ့ကိုလုံခြုံအောင် လုပ်မပေးနိုင်ကြောင်း အသက် ၂၆ နှစ်ရှိပြီဖြစ်သော မစနိုးက ပြောသည်။ “အခု ကျမတို့တွေ တရားဝင်လက်မှတ်ထိုး အိမ်ထောင်ပြုရင်တောင်မှ ဘာမှ အာမ မခံနိုင်ဘူး” ဟု ပြောသည်။
“အခု မိန်းမတွေ၊ ကလေးတွေနဲ့ အိမ်ထောင်ရှင် အမျိုးသားတွေတောင်မှ အတင်းအကျပ် စစ်သားစုဆောင်း ခံရမယ့် စာရင်းမှာ ပါနိုင်တယ်” ဟု ၎င်းကပြောသည်။
သို့သော် ထိုသို့ တရားဝင် အိမ်ထောင်ပြုခြင်းသည်ပင် သူ့ကိုလုံခြုံအောင် လုပ်မပေးနိုင်ကြောင်း အသက် ၂၆ နှစ်ရှိပြီဖြစ်သော မစနိုးက ပြောသည်။ “အခု ကျမတို့တွေ တရားဝင်လက်မှတ်ထိုး အိမ်ထောင်ပြုရင်တောင်မှ ဘာမှ အာမ မခံနိုင်ဘူး” ဟု ပြောသည်။
သို့သော် နောက်ဆုံးတွင် စစ်ပွဲကြောင့် လက်ထပ်ရသည်ဆိုသည့် အကြောင်းရင်းကိုလည်း သူ မနှစ်သက်ပေ။
“ဒီလိုပုံစံမျိုးက ကျမတို့ လက်ထပ်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး” ဟု ပြောသည်။
“ကျမတို့က အခမ်းအနားအသေးစားနဲ့ ကျမတို့အသိုက်အဝန်းက ရင်းနှီးချစ်ခင်သူတွေနဲ့အတူ အခမ်းအနား ကျင်းပ ပျော်ရွှင်ချင်တာ” ဟု မစနိုးက ပြောသည်။
“ကျမတို့က ကျမတို့အဆင့်သင့်ဖြစ်တဲ့ အချိန်မှသာ လက်ထပ်မယ်လို့ မျှော်လင့်ထားကြတာ” ဟု ပြောသည်။ သို့သော် သူ၏ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်သည် မည်သူ့ကိုမှ စောင့်နေမည် မဟုတ်သလို စစ်တပ်ဘက်မှ ပါဝင်တိုက်ခိုက်ရခြင်းကို ရှောင်ရှားရန် မစနိုး သိသည့်သူတိုင်း တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်နေကြသည်။
“မြန်မာပြည်မှာ ရှင်သန်ရတဲ့ ဘဝက ပိုမိုခက်ခဲလာတယ်” ဟု မစနိုးက ပြောသည်။ “ချမ်းသာတဲ့ မိသားစုကလူတွေအတွက် နိုင်ငံခြားသွားတာ လွယ်ကူတာပေါ့။ ဒါပေမယ့် ကျမက ကာယလုပ်သားဖြစ်ပြီး ကျမမိသားစုက မချမ်းသာလို့ ကျမ ဒီနိုင်ငံမှာပဲ ဆက်လက် နေထိုင်နေရတယ်” ဟု ပြောသည်။
“ဒီတော့ ဒီကိစ္စကို ရင်ဆိုင်ရုံကလွဲပြီး ဘာမှမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို စတင်ကြေညာပြီးနောက်ပိုင်း နှစ်လအတွင်း တနိုင်ငံလုံးတွင် အကြောက်တရားလှိုင်းကို ဖြစ်စေပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရနိုင်သူများသည် လူအများ မုန်းတီးသည့် စစ်တပ်က ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် ပါဝင်ရန် အတင်းအကျပ် စေခိုင်းခံရမည်ကို စိုးရိမ်ထိတ်လန့်ကြသည်။
အထက်ပါ ကြေညာချက် စတင်ထုတ်ပြန်သည်နှင့် အမ်ကေသည် နိုင်ငံမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာခဲ့သည်။
“ကျနော် အသေးစိတ် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူး။ ဒီအတိုင်းပဲ ထွက်ပြေးလာတာ” ဟု ၎င်းကပြောသည်။
“သူတို့က ကျနော့်ကို လိုက်ရှာဖမ်းနေလို့ ထွက်ပြေးလာတာ မဟုတ်ဘူး။ ဒါပေမယ့် တနိုင်ငံလုံးက အကြောက်တရားနဲ့ တုန်လှုပ်နေပြီ” ဟု အမ်ကေက ပြောသည်။သူ့ကို ဖမ်းဆီးခေါ်ဆောင်ပြီး ရှေ့တန်းတွင် လူသားဒိုင်းအဖြစ်သုံးမည်ကို စိုးရိမ်ထိတ်လန့်သည်။
“ကျနော့်မှာ အဲဒီလို အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ ဖုံးလွှမ်းနေတယ်” ဟု ၎င်းကပြောသည်။
ရလဒ်အဖြစ် နိုင်ငံသည် မျိုးဆက်တခုလုံးကို ဆုံးရှုံးသွားနိုင်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော သုတေသီ ဒေးဗစ် စကော့ မက်သီဆင်က ပြောသည်။
“ဒါဟာ စီးပွားရေးကိုသာမက မြန်မာလူ့အဖွဲ့အစည်း တခုလုံးကိုပါ ထိခိုက်စေမယ့် အလုံးအရင်း ထွက်ခွာမှုဖြစ်တယ်” ဟု ၎င်းကပြောသည်။
“မျိုးဆက်တခုလုံးက ဘယ်သူ့ကိုမှ၊ ဘယ်လို အင်စတီကျုးရှင်းမျိုးကိုမှ ယုံကြည်အားထားနိုင်ခြင်း မရှိတော့ဘဲ၊ ဒီမိုကရေစီမရှိ၊ လွတ်လပ်တည်ငြိမ်တဲ့ မြန်မာနိုင်ငံဖြစ်လာမယ့် အလားအလာကို စိတ်ပျက်တယ်” ဟုလည်း ၎င်းကပြောသည်။
ထွက်ခွာလာသော လူငယ်များ အခြားပြဿနာများ ရင်ဆိုင်ရ
ကိုထွန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာမှထွက်ပြေးလာပြီး ကျောင်းသားဗီဇာဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်နေသည်။
ယခုအခါ သူ၏ သူငယ်ချင်းများ အားလုံးနီးပါးသည်လည်း အလားတူလုပ်ရန် ကြိုးစားနေကြောင်း အသက် ၃၂ နှစ်အရွယ် ကိုထွန်းက ပြောသည်။
“စစ်သားသစ် စုဆောင်းဖို့ အရွေးခံရရင် ငရဲကို ရောက်မှာသေချာတယ်” ဟု ပြောသည်။
“စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ရင် အရာရာဖြစ်နိုင်တယ်။ အသက်ပါ ဆုံးရှုံးနိုင်တယ်” ဟု ၎င်းကပြောသည်။
“မသေရင်တောင်မှ ဘဝက ကြေကွဲပျက်စီးသွားပြီ” ဟုလည်း ပြောသည်။
ချစ်သူသက်တမ်း လေးနှစ်ရှိပြီဖြစ်သော သူ၏ ချစ်သူသည် ထိုင်းနိုင်ငံသို့ လိုက်လာသော်လည်း ထိုင်းတွင် အလုပ်လုပ်ခွင့်၊ ရေရှည်နေထိုင်ခွင့်ရရန် ပြည်ဝင်ခွင့် ဗီဇာရရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။
သူ့အတွက် ဗီဇာခွင့်ပြုချက်မရပါက မြန်မာသို့ ပြန်ရမည်ဖြစ်သည်။
ချစ်သူသက်တမ်း လေးနှစ်ရှိပြီဖြစ်သော သူ၏ ချစ်သူသည် ထိုင်းနိုင်ငံသို့ လိုက်လာသော်လည်း ထိုင်းတွင် အလုပ်လုပ်ခွင့်၊ ရေရှည်နေထိုင်ခွင့်ရရန် ပြည်ဝင်ခွင့် ဗီဇာရရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်သည်။
“အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရမှာ ကြောက်လို့ သူ ထွက်လာတာ။ ဒါပေမယ့် ဒီမှာ ရှင်သန်ရပ်တည်ဖို့ ဘာမှ မပြင်ဆင်ထားရသေးဘူး” ဟု ကိုထွန်းက ပြောသည်။
“သူက မြန်မာကို ပြန်ဖို့စဉ်းစားနေတယ်။ ဒါပေမယ့် အတင်းအကျပ် စစ်သားစုဆောင်းခံရနိုင်တယ်။ အတင်းအကျပ် ဖမ်းဆီးခံရနိုင်တယ်။ ဒါကြောင့်မို့ အချိန်ယူ စဉ်းစားနေတာ” ဟု ၎င်းကပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ကြေညာချက်သည် နိုင်ငံ၏ စီးပွားရေး ကမောက်ကမ အခြေအနေကို ပိုမိုဆိုးရွားသွားစေကြောင်းလည်း ပြောသည်။
“စစ်မှုမထမ်းမနေရဥပဒေ ထွက်လာကတည်းက မြန်မာနိုင်ငံအခြေအနေက လုံးဝ ဖရိုဖရဲ ဖြစ်သွားတယ်။ ရန်ကုန်က စီးပွားရေးတွေနဲ့ လုပ်ငန်းတွေမှာ အလုပ်သမား မလုံမလောက်ဖြစ်နေပြီ” ဟု ကိုထွန်းက ပြောသည်။
“အခု ကျနော့်သူငယ်ချင်းတွေနဲ့ ညီအကိုမောင်နှမ ဝမ်းကွဲတွေက သူတို့အလုပ်ကထွက်ပြီး နိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြပြီ” ဟု ပြောသည်။
စစ်သားစုဆောင်းမှုကို အာခံခြင်း
မကြာသေးမီ လများအတွင်း စစ်တပ်သည် မခိုင်မာသော အာဏာချုပ်ကိုင်မှုအတွက် အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။
စစ်ကောင်စီသည် ၎င်းတို့အုပ်ချုပ်ရေးကို လက်နက်ကိုင်ပုန်ကန်မှုအား ထိန်းချုပ်ရန် ကြိုးစားနေရသည်။ ထိုပုန်ကန်မှုကို စစ်တပ်အား နှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုက ဦးဆောင်သည်။
ယခုလ အစောပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် ထိုင်း-မြန်မာနယ်စပ် အဓိကကျသည့်မြို့ မြဝတီကို သိမ်းပိုက်လိုက်သောကြောင့် စစ်တပ်အတွက် လွန်စွာပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ဟုခေါ်သည့် တော်လှန်ရေး အင်အားစုများ၏ ညှိနှိုင်းတိုက်ခိုက်မှုများကြောင့် စစ်တပ်သည် အဓိကကျသည့် ပိုင်နက်များတွင်၊ အထူးသဖြင့် တရုတ်နယ်စပ်တွင် တပ်ရင်းလိုက် လက်နက်ချရသည့် ဆိုးရွားလှသော စစ်မြေပြင် ဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

တိုင်းရင်းသား မဟာမိတ်များသည် ထိုထိုးစစ်ဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ မြို့ပေါင်း ၃၅ မြို့ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီစစ်သား ထောင်နှင့်ချီ လက်နက်ချသည့် အရှက်တကွဲမြင်ကွင်းများကို ဖြစ်စေသည်။
ထိုသို့အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် သေဆုံးမှုများ၊ ဘက်ပြောင်းမှုများ ရင်ဆိုင်နေရချိန်တွင် အင်အားဖြည့်တင်းရန်နှင့် သူတို့ကိုယ်သူတို့ စစ်တပ်ပီသသော စစ်တပ်အဖြစ် ပုံဖော်ရန် အင်အားချိနဲ့သွားသည့် စစ်တပ်တခု၏ မျှော်လင့်ချက် ကင်းမဲ့ခြင်းကို ပြသနေကြောင်း မစ္စတာ မက်သီဆင်က ပြောသည်။
“ဒါဟာ အရိုင်းအစိုင်းဝါဒ။ အလယ်ခေတ်ပုံစံ ဖြစ်တယ်။ ဒါပေမယ့် အာဏာကို ချုပ်ကိုင်ထားချင်တဲ့ စစ်ကောင်စီအတွက် ယုတ္တိရှိတယ်။ ဒီလိုအချိန်မှာ ဒီလိုပဲ လုပ်ဖို့ရှိတယ် ” ဟု ၎င်းကပြောသည်။
ထိုသို့အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် သေဆုံးမှုများ၊ ဘက်ပြောင်းမှုများ ရင်ဆိုင်နေရချိန်တွင် အင်အားဖြည့်တင်းရန်နှင့် သူတို့ကိုယ်သူတို့ စစ်တပ်ပီသသော စစ်တပ်အဖြစ် ပုံဖော်ရန် အင်အားချိနဲ့သွားသည့် စစ်တပ်တခု၏ မျှော်လင့်ချက် ကင်းမဲ့ခြင်းကို ပြသနေကြောင်း မစ္စတာ မက်သီဆင်က ပြောသည်။
လူငယ်များကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုများထံသို့ တွန်းပို့နေသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် စစ်ကောင်စီအတွက် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ပြောသည်။
“လူငယ်တွေ အဲဒီကို သွားနေကြတာ ဘယ်လောက်များပြီလဲ။ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပူးပေါင်းမယ်။ ဒီလူတွေကသာ တရားသောစစ်ကို တိုက်နေတာဖြစ်တယ်လို့ ပြောတဲ့သူ ဘယ်လောက်များနေပြီလဲ” ဟု မစ္စတာ မက်သီဆင်က ပြောသည်။
ထိုအဖွဲ့အစည်းများတွင် ဝင်ရောက်ခြင်းသည် စစ်တပ်ဘက်က ပါဝင်တိုက်ခိုက်ခြင်းထက် လူမှုအရ ဂုဏ်ယူနိုင်သည့်အရာဖြစ်သည်ဟု မြင်ကြကြောင်း ၎င်းကပြောသည်။
အမ်ကေသည် တနေ့တွင် မြန်မာသို့ ပြန်ရန် မျှော်လင့်သော်လည်း ထိုနေ့သည် မည်သည့်အချိန် ဖြစ်နိုင်သည်ကို မသိပေ။
“အခြေအနေက ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး” ဟုလည်း ၎င်းကပြောသည်။ စစ်ကောင်စီကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရကို ခန့်အပ်ပြီးရင်တောင် ပြန်လည် ထူထောင်ရေးအတွက် အချိန်ယူရလိမ့်မယ်။ တော်လှန်ရေး ပြီးရင်တော့ ကျနော် သေချာပေါက်ပြန်မယ်” ဟု အမ်ကေက ပြောသည်။
(အမည်များကို လုံခြုံရေးအတွက် ပြောင်းလဲအသုံးပြုထားပါသည်။)
(ABC ပါ Lauren Day, Supattra Vimonsuknopparat နှင့် မြန်မာရှိ ABC ဝန်ထမ်းများ၏ In Myanmar, young people are fleeing the country or hastily arranging shotgun weddings to avoid conscription ကို ဘာသာပြန်သည်။)
You may also like these stories:
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ