• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ

by ဧရာဝတီ
18 March 2024
in ဆောင်းပါး
A A
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ

၂၀၂၄ခု ဖေဖေါ်ဝါရီ ၁၀ရက် ပြန်လည်အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအတွက် ယခုဆိုလျှင် ရန်ကုန်အပါ အဝင် မြို့ကြီးတချို့တွင် လူစာရင်းကောက်ယူခြင်း၊ မဲနှိုက်၍ လူရွေးခြင်းများ စတင်နေပြီဖြစ်သည်

7.4k
VIEWS
Share on FacebookShare on Twitter

အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများအတွက် စစ်မှုထမ်းဥပဒေက ဖိစီးမှုဖြစ်လာပြီး စစ်ခေါင်းဆောင်၏ ထိုဥပဒေ အသက်သွင်းရန် ကြိုးပမ်းမှုအပေါ် ဝေဖန်မှုများနှင့်အတူ ပြည်သူတို့ စိုးရိမ်နေကြသည်။

နိုင်ငံတဝန်း စစ်မျက်နှာများ ဖွင့်ထားရကာ စစ်ရှိန်မြင့်၍ ဆုံးရှုံးမှုဖြင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥပဒေပြုခဲ့သည့် စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ပြန်လည်ဖော်ထုတ် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

ဘယ်သူတွေ စစ်မှုထမ်းရမလဲ

ထိုဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်။ အမျိုးသားများ အသက် ၁၈ နှစ်မှ ၃၅ နှစ် မပြည့်မီ အထိ၊ အမျိုးသမီး များ ၁၈ နှစ်မှ ၂၇ နှစ်အထိ သတ်မှတ်ထားသည်။ အတတ်ပညာ တခုခု ကျွမ်းကျင်ပါက အမျိုးသားများ အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီးများ ၁၈ နှစ် မှ ၃၅ နှစ်အထိ သတ်မှတ်ထား၏။ စစ်မှုထမ်းကာလ ၂ နှစ်၊ စက်မှုလက်မှု ပညာသည်များ၊ ကျွမ်းကျင်သူများအဖြစ် ဆင့်ခေါ်ခံရပါက ၃ နှစ်၊ အရေးပေါ် အခြေအနေတွင် ၅ နှစ်အထိ တာဝန်ထမ်း ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဆောက်လုပ်ရေး ကုမ္ပဏီတခု၌ လုပ်ကိုင်နေသော အသက် ၃၀ ကျော်အရွယ် ကိုခိုင်မြဲက “ကျနော်က BE နဲ့ ကျောင်း ပြီးထားတာဆိုတော့ သူတို့သတ်မှတ်တဲ့ ကျွမ်းကျင်ဆိုတာနဲ့ အကျုံးဝင်နေတယ်။ တကယ်လို့ သူတို့ အတင်း အကျပ် လုပ်လာရင် မရရတဲ့နည်းနဲ့ ထွက်ပြေးမှာ။ ဘာအကြောင်းနဲ့မှ ကျနော်ရဲ့ ပညာနဲ့ လုပ်အားတွေ သူတို့အတွက် ပေးဆပ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ကိုခိုင်မြဲကဲ့သို့ လူငယ်လူရွယ်များသည် အာဏာရှင်အောက် စစ်မှုမထမ်းလို၍ တိမ်းရှောင်မည့်သူများ၊ တော်လှန်ရေး အဖွဲ့များသို့သာ ဝင်ရောက်ရန် ကြံစည်သူများလည်း ရှိနေသည်။

ကိုယ်ကျိုးရှာနိုင်သည့် စစ်မှုထမ်းဥပဒေ

ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သတ်မှတ်ချက်များကို မလိုက်နာပါက ထောင် ၃ နှစ်မှ ၅ နှစ်ထိ ကျခံရမည်၊ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သီးခြား အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ စစ်မှုထမ်းရမည် မဟုတ်ဟု ပါရှိသည်။

ထို့အတွက် ကင်းလွတ်ခွင့်ပြုစာရင်း၌ ပါရန် ငွေကြေးရယူမှုများ ဖြစ်လာနိုင်ပြီး၊ ချမ်းသာသူများ၊ စစ်ခေါင်းဆောင်နှင့် နှီးနွှယ်ပတ်သက်သူများ၊ စစ်တပ်၌ တာဝန်ထမ်းဆဲ ဒုဗိုလ်မှူးကြီး အဆင့်မှစ၍ အရာရှိကြီး အဆင့်ဝင်သားသမီး ဆွေမျိုး များအား ကင်းလွတ်ခွင့်ပြုခြင်းများ ဖြစ်လာနိုင်သည်ဟု CDM စစ်တပ် အသိုင်းအဝိုင်းက ဝေဖန်ထောက်ပြကြ သည်။

CDM ဗိုလ်ကြီး ထက်မြတ်က “စစ်မှုမထမ်းချင်ရင် ဘယ်လောက်ဆိုတဲ့ ဈေးတန်းတခုနဲ့ ငွေကြေးတတ်နိုင်သူတွေ ရှောင်ရှားနိုင်ဖို့ ဈေးကွက်တခုလိုမျိုး ဖြစ်လာနိုင်တယ်။ လက်ရှိမှာကို စစ်မှုမထမ်းချင်ရင် အနည်းဆုံး သိန်း ၂၀ ပေးရ တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီ။ အခုရက်ပိုင်း ကြားနေရတဲ့သတင်းတွေ အခြေခံပြီး ပြောရရင် အောက်ခြေမှာ ငွေရှာလို့ကောင်းအောင် လုပ်ပေးလိုက်တဲ့ ဥပဒေတခုလို့ မြင်တယ်” ဟု ပြောသည်။

တာမွေမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေလက်ကမ်းစာစောင်များ လိုက်ဝေနေစဉ်(Myanmar National Post)

လတ်တလော ခရီးသွားသူများအနက် အသက် ၁၅ နှစ်ခန့်မှ အသက် ၄၀ ဝန်းကျင် အမျိုးသားများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးမေးမြန်းမှုများကို ပိုမိုလုပ်ဆောင်နေပြီး စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ လူငယ် များအား ပေါ်တာဆွဲခြင်း၊ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်းများ ရှိလာကြောင်း၊ စစ်တပ်နှင့် ရဲအပြင် အခြားဌာနဆိုင်ရာ များကလည်း ရသည့်နည်းဖြင့် ငွေကြေးရှာဖွေများ ပြုလုပ်လာကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေအတွက် စစ်ကောင်စီ ဘာတွေလုပ်နေလဲ

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဗဟို)ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် ကာကွယ်ရေးဝန်ကြီးက ဦးဆောင်၍ အဖွဲ့ ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ပြည်နယ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များထိ ဆက်တိုက်ဖွဲ့စည်းနေရာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ စစ်မှုထမ်းလျှောက်လွှာများ ရောက်နေပြီ ဖြစ်သလို မြို့နယ်တချို့ တွင် မဲနှိုက်၍ ရွေးချယ်မှုများပြုလုပ်နေသည်။ စစ်မှုထမ်းရန် စာရင်းပါသူများအနေဖြင့် သင်္ကြန်အပြီး၌ ကျန်းမာရေး စစ် ဆေးရမည်ဖြစ်သလို၊ ခရီး မသွားကြလာရန်၊ အရေးပေါ် ခရီးသွားမည်ဆိုပါက ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အကြောင်း ကြားရမည်ဟု အသိပေးထားရာ မိဘများမှာ မိမိတို့ သားသမီးများအတွက် စိုးရိမ်ပူပန်လျှက်ရှိသည်သည်။

“ဒီသတင်းထုတ်ပြန်တဲ့ ညကဆိုရင် တော်တော်လေးကို ရှော့ခ်ရခဲ့တယ်။ တညလုံး အိပ်မရခဲ့ဘူး၊ ကိုယ့်ကလေးက လည်း သူတို့ သတ်မှတ်ချက်နဲ့ ငြိနေတဲ့အရွယ်ဆိုတော့ စိတ်ပူနေရပြီ၊ အခုက သူတို့လုပ်ချင်ရင် ဘာမဆို ဖြစ်သွား နိုင်တဲ့ အခြေအနေမို့ ဖြစ်လာသမျှကို ရင်ဆိုင်နိုင်အောင်ပဲ ပြင်ဆင်ထားတော့တယ်”ဟု မန္တလေးမြို့နေ အသက် ၁၈ နှစ်ပြည့်ပြီးသော သား ၃ ယောက် ဖခင်တဦးက ပြောသည်။

စစ်မှုထမ်းရန် ၁ နှစ်လျှင် အင်အား ၅ သောင်းနှုန်း ခေါ်ယူပြီး သင်တန်း တပတ်စဉ်၌ လူဦးရေ ၅ ထောင်နှုန်းသာ ခေါ်ယူ သွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံး အပတ်စဉ်ကို ဧပြီလနောက်ပိုင်း ခေါ်ယူမည်ဖြစ်ပြီး အဆင့်အလိုက် အရည်အချင်း အလိုက် လစာ၊ ရိက္ခာ ခံစားခွင့်ပြုပေးမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း လူငယ်များ နိုင်ငံခြားထွက်ခွာမှု ပိုများကာ မဖြစ်မနေ စစ်မှုထမ်းရပါက စစ်ကောင်စီဘက် သေနတ် ပြောင်းများ ပြန်လှည့်နိုင်သည့် အခြေအနေများရှိနေကြောင်း ဆိုသည်။

လူငယ်နှင့် စစ်မှုထမ်းဥပဒေ

စစ်မှုထမ်းဆင့်ခေါ်ရေး အောက်ခြေအဖွဲ့များက အိမ်တိုင်ရာရောက် လိုက်လံစာရင်းကောက်နေမှုကို ကာတွန်းဖြင့် ဤသို့ သရော်ခဲ့သည်(ဧရာဝတီ)

စစ်တပ်အတွင်း၌ လည်း ဝေဖန်မှု များနေပြီး အရာရှိများ၏ သားသမီးအချို့ ပြည်ပနိုင်ငံများသို့ တိတ်တဆိတ် ထွက်ခွာမှု များလည်း ရှိနေသလို တာဝန်ထမ်းဆောင်ဆဲ Non CDM ဝန်ထမ်းများလည်း သားသမီးများ စစ်မှုထမ်းရမည်ကို စိုးရိမ် မှုများ ဖြစ်နေကြောင်း သိရသည်။

ကျန်းမာရေးဌာန Non CDM ဝန်ထမ်းတဦးက သမီးဖြစ်သူအား တိုင်းရင်းသား လက်နက်ကိုင်များ၏ လွတ်မြောက် နယ်မြေတခုသို့ ပို့ဆောင်ခွင့်ရရန် ဆက်သွယ်လာခဲ့ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က လူမှုကွန်ရက်တွင် ပြောဆို ထားသည်။

စစ်မှုမထမ်းမနေရ စနစ်ကြောင့် လူငယ်အများစု ပြည်ပသို့ ထွက်ခွာသူများ၊ ထွက်ခွာကြရန် ကြိုးစားနေသူ များလည်း ရှိပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် စာရင်းပေးသူဦးရေလည်း တိုးလာကြောင်း တော်လှန်ရေး တပ်ဖွဲ့များ က ထုတ်ပြန်ထားသည်။

CDM ဗိုလ်ကြီး ထက်မြတ်က “လူငယ်တွေကို အတင်းအဓမ္မ ဖိနှိပ်လို့ မရဘူး၊ အရာရာ ကျော်လွှားနိုင်မယ့် နည်းလမ်း တွေကို စဉ်းစားနိုင်ကြတယ်၊ ခံယူချက် စိတ်ဓာတ်တွေ ပြင်းထန်တဲ့အတွက် လူငယ်တွေကို စစ်မှုထမ်း ဥပဒေနဲ့ ထိန်း ချုပ်ဖို့ ကြိုးစားတာက အကြမ်းဖက်စစ်တပ် က မဟာအမှားကြီးတခု ကျူးလွန်လိုက်တာနဲ့ အတူတူပါပဲ” ဟု ပြောသည်။

တော်လှန်ရေးအရွေ့တခုသို့ ဦးတည်နေသည့် စစ်မှုထမ်းဥပဒေ

၂၀၂၃ အောက်တိုဘာ ၇ ရက်က စခဲ့သော ရှမ်းမြောက်တိုက်ပွဲများနှင့် ရခိုင်ပြည် တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံး၍ စစ်သည်အင်အားပြုန်းတီးမှု များနေချိန် စစ်တပ်၌ လက်ရုံးတပ်များမပါ တိုက်ခိုက်ရေးစစ်သည် ၇ သောင်း ခန့်ရှိနိုင် သည်ဟု စစ်ရေး နိုင်ငံရေးလေ့လာ သူများက ခန့်မှန်းထားကြသည်။

“၁၀၂၇ စစ်ဆင်ရေးက စစ်တပ်မှာ အင်အား ၅ သိန်းရှိတယ်တို့ ဘာတို့ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာ မြင်သာ ဖြစ်ပေါ်လာစေတာပဲ။ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ခြင်းဟာ စစ်တပ်မှာ အဲဒီလောက်ထိ အင်အား မရှိဘူးဆို တာကို ပေါ်လွင်စေတာပဲ၊ ခေတ်အဆက်ဆက် စစ်တပ်က စာရင်းအလိမ်တွေနဲ့ တိုင်းပြည်ဘဏ္ဍာကို ရယူခဲ့ကြတယ် ဆိုတာကိုပါ ထင်သာမြင်သာ ရှိလာတယ်” ဟု နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး တဦး က ပြောသည်။

မန္တလေးမြို့ပြည်သူ့စစ်သင်တန်း ပေးနေစဉ်/ CJ

စစ်တပ်အနေဖြင့် အာဏာမသိမ်းခင်က စစ်သည်အင်အားပြုန်းတီးမှုရှိခဲ့သော်လည်း မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်များမှ မိမိဆန္ဒအလျှောက် ဝင်သည့်လူငယ်များအပြင် တပ်သားသစ် စုဆောင်းရေး တာဝန်ခံများ၏ စည်းရုံးပြောဆိုမှုကြောင့် အတိုင်းအတာတခုအထိ ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် စစ်သည်အင်အား စုဆောင်းမရနိုင်အောင်ထိ ဖြစ်ခဲ့သည်။

“လက်ရှိမှာ ရိုးရိုးစစ်သား မပြောနဲ့ အရင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ DSA ဗိုလ်သင်တန်းတောင် လျှောက် တဲ့သူ မရှိတော့ဘူး၊ ဒါတွေဟာ စစ်တပ်အတွက် အဓိကကျတဲ့ လူသားအရင်းမြစ်တွေ ဆုံးရှုံးလာတာကြောင့် မဖြစ်မနေ ဖြည့်ဖို့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးတာပဲ” ဟု စစ်ရေး လေ့လာသုံးသပ်သူတဦးက ပြော သည်။

ယခုအခါ စစ်တပ်သမိုင်း၌ မကြုံဖူးခဲ့သည့် သက်တမ်းရှည် တပ်စွဲထားသည့် အရေးပါသော ဗျူဟာကုန်းများ၊ စခန်းများ နှင့် နယ်မြေဆုံးရှုံးမှုများကို ရင်ဆိုင်နေရပြီး စစ်သည်အင်အားလျော့နည်းလာခြင်းကြောင့် စစ်မှုထမ်းဟောင်းများ၊ ပြစ်ဒဏ်ခံ စစ်ပြေးများကိုပါ ပြန်လည်ခေါ်ယူ၍ တိုက်ခိုက်ရေး၌ ထည့်သွင်းအသုံးပြုနေခြင်းများလည်း ရှိ သည်။

ရှမ်းမြောက်၌ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်ရင်း၊ တပ်မများ အလိုက် အလံဖြူထောင် လက်နက်ချ အညံ့ခံမှု၊ စစ်မြေပြင် ထိခိုက်သေဆုံးမှုများ၊ တပ်ပြေးများကြောင့် အင်အားပြုန်းတီးမှု မြင့်မားနေသလို တာဝန်ထမ်းဆဲ စစ်သည်များမှာလည်း စိတ်ဓာတ်များ ကျဆင်းနေ၍ တိုက်ခိုက်ရေး အင်အားကျဆင်းနေကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့မှ နိုင်ငံရေးသုတေသီနှင့် မြန်မာ ဆိုင်ရာ အကြံပေး မစ္စတာ ရစ်ချတ် ဟော်ဆီက Reuters ပါ Will Jackson ၏ ဆောင်းပါးတွင် သုံးသပ်ပြောဆို ထားသည်။

စစ်ကောင်စီက စစ်သည်လိုအပ်ချက်ကြောင့် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ရသော်လည်း စစ်တပ်အပေါ် ပြည်သူ များ၏ နာကျည်းမုန်းတီးမှုကို သိထားသဖြင့် စစ်မှုထမ်းဥပဒေအရ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည့် သူများကို လက်နက်တပ်ဆင်ပေးခြင်းမျိုး မရှိနိုင်ဟုလည်း စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။

စစ်မှုထမ်းဥပဒေနှင့် ကုန်ထုတ်စွမ်းအား ကျဆင်းလာနိုင်မည့် အခြေအနေ

နိုင်ငံ့စီးပွားလုပ်ငန်းများလည်း စစ်မှုထမ်း ဥပဒေကြောင့် ကျဆင်းလာနိုင်ခြေရှိနေပြီး လုပ်သားရှားပါးမှုနှင့်လည်း ရင်ဆိုင် ရနိုင်ဖွယ်ရှိသည်ဟု လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

မတ် ၁၅ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပဲခူးတိုင်းရှိ ပြည်သူ့စစ် တို့နှင့် တွေ့ဆုံစဉ်(CINCDS)

၂၀၁၉ ခု ကြားဖြတ် သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေ ၅၅ သန်း၌ လုပ်သားအင်အား ၃၃ ဒသမ ၉၃၄ သန်း ရှိပြီး အမျိုးသားဦးရေ ၁၅ ဒသမ ၅၅၃ သန်း၊ အမျိုးသမီး ၁၈ ဒသမ ၃၈၃ သန်းအနက် လက်ရှိလုပ်ငန်းခွင်များ၌လုပ်ကိုင် နေမှုမှာ ၂၁ ဒသမ ၇၉ သန်းရှိကြောင်း၊ လုပ်ငန်းခွင်ဝင် လုပ်သားအင်အားများ၌ စစ်မှုထမ်းဥပဒေအရ အကျုံး ဝင်သူ အမျိုးသား ၄ ဒသမ ၂ သန်းကျော်၊ လူငယ်အမျိုးသမီး ၃ ဒသမ ၅ သန်းကျော် စုစုပေါင်း ၈ သန်းခန့်ရှိကြောင်း သိရ သည်။

စီးပွားရေးပညာရှင် ဦးစိန်ဌေးက “နောက်ဆုံး သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်တဲ့အရွယ် လူ ၁၀၀မှာ ၆၅ လောက် အလုပ်လုပ်နေကြတာပေါ့၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား ဆုံးရှုံးနိုင်တယ်။ တိုင်းပြည်အတွက် လူသား အရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်တယ်၊ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်လည်း လုပ်သားရှားပါးမှုတွေ ရင်ဆိုင်ရနိုင်တယ်” ဟု ထောက်ပြ ပြောဆို သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းအတွင်းနေထိုင်ပြီး မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်း ၁၂ ရာ ခိုင်နှုန်း၊ ရှမ်းပြည်နယ်၌ ၁၁ ရာခိုင်နှုန်း၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့၌ ၁၀ ရာခိုင်နှုန်း၊ မကွေးတိုင်းတွင် ၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၆ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ၄ ရာခိုင်နှုန်း၊ တနသာ်ရီတိုင်းနှင့် ကချင်၊ ကရင်ပြည်နယ်များတွင် ၃ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၂ ရာခိုင်နှုန်း၊ ကယားနှင့် ချင်းပြည်နယ်များတွင် ၁ ရာခိုင်နှုန်းစီ နေထိုင်ကြကြောင်း သိရ သည်။

စစ်ကောင်စီအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့တွင် အပြည့်အဝ စိုးမိုးထားနိုင်ဆဲ ဖြစ်၍ လုံလောက်သည့် စစ်သားစုဆောင်းနိုင်မည့်အခြေအနေ ရှိနေသလို မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် မွန်၊ ကရင်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ ၎င်းတို့ စိုးမိုးဆဲနေရာများ၌သာ စစ်သားစုဆောင်း၍ ရနိုင်မည့် အခြေအနေ တွင် ရှိကြောင်း သိရ သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

စစ်တပ်ထောက်ခံသူများလည်း စိုးရိမ်

စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP)နှင့် စစ်တပ်ထောက်ခံသူများ၊ အမျိုးသားရေးသမားများက စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒပြပွဲများ ပြုလုပ်နေကြသော်လည်း ဆန္ဒပြပွဲ လိုက်ပါသူများ၏ နာမည်စာရင်းများအား စစ်ကောင်စီက တောင်းယူ နေသဖြင့် စိုးရိမ်နေကြောင်း သိရသည်။

“ဆန္ဒပြပွဲကို လိုက်တယ်၊ စစ်တပ်ကို ထောက်ခံတယ်ဆိုတိုင်း စစ်မှုထမ်းချင်လို့မှ မဟုတ်တာဗျာ၊ ဒီကြားထဲ ပါတီဥက္ကဋ္ဌ ကြီး ဦးခင်ရီကလည်း အင်အား ၅ သောင်းပေးမယ်ဆိုပြီး ပြောထားတယ်၊ ပါတီကို ဝင်တယ်ဆိုတာက နိုင်ငံရေးအရ ဝင် ရောက် လှုပ်ရှားတာမျိုးလေ၊ စစ်မှုထမ်းချင်မှတော့ စစ်တပ်ထဲပဲ ဝင်မှာပေါ့၊ အများနည်းတူမဟုတ်ဘဲ စစ်မှုထမ်းဖို့ ခေါ် မယ်ဆိုရင်တော့ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်”ဟု မန္တလေးမြို့ခံ USDP ပါတီဝင်တဦးက ပြောသည်။

ထို့ပြင် စစ်တပ်ထောက်ခံသူများက စစ်မှုထမ်းဥပဒေကို မင်းနှင့်ပြည်သူ ချစ်ကြည်ဖြူသည့် ကာလတွင်သာ လုပ်ဆောင် သင့်ပြီး ယခုအချိန် ပြန်လည် အသက်သွင်းခြင်းမှာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ရာကျကြောင်း ပြောဆိုထားကြ သလို အနုပညာရှင်များနှင့် ဆယ်လီများကိုပါ စစ်မှုထမ်းရန် လှုံ့ဆော်ထားကြပြီး၊ နာမည်ကြီး အနုပညာရှင်များအနေ ဖြင့် ဦးစီး ဦးဆောင်ထမ်းရွက်မှုပြုကြရန်၊ နယ်လှည့်ဖျော်ဖြေရေးများတွင်ပါ တာဝန်ထမ်းဆောင်နိုင်ကြောင်း ရေးသား ကြသည်။

တာမွေမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေလက်ကမ်းစာစောင်များ လိုက်ဝေနေစဉ်(Myanmar National Post)

“စစ်တပ်ထောက်ခံတဲ့သူတွေလည်း လေနဲ့ပဲ ထောက်ခံကြတာ၊ တကယ်တမ်း စစ်တပ်အတွက် အလုပ်လုပ် ပေးရတော့ မယ်ဆိုရင် ဘယ်သူမှ လုပ်ပေးကြမှာ မဟုတ်ဘူး၊ လက်ရှိ စစ်တပ်ထောက်ခံသူတွေနဲ့ Non CDM တွေရဲ့ ပေါက်ကွဲသံ တွေ လည်း ကြားလာရပြီ၊ စစ်မှုထမ်းဥပဒေက ကြားနေဆိုတာတွေ ပျောက်သွားပြီး ရှင်းရှင်းပြတ်ပြတ် ဖြစ်သွားစေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီး ထက်မြတ်က ပြောသည်။

ရှမ်းပြည်က EAO များ၏ လူသစ်စုဆောင်းမှုများ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်မှုဖြင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်နေချိန်မှာပင် ရှမ်းပြည် နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) ၏ စစ်သားစုဆောင်းနေမှုများကြောင့် တိုင်းရင်းသားလူမျိုးများ အနေဖြင့် အပိုဆောင်းသောကများလည်း ခံစားနေကြရကြောင်း သိရသည်။

“လူသစ်စုဆောင်းတာကတော့ EAO တွေလည်း စုဆောင်းတယ်၊ EAO အချို့က အဓမ္မ နည်းလမ်းတွေ သုံးနေတာမျိုး လည်းရှိတယ်၊ အခု စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ပြည်နယ်အတွင်းက မျိုးနွယ်စု အလိုက် လက်နက်ကိုင်အဖွဲ့တွေထဲကို လိုလိုချင်ချင် ဝင်သွားတာမျိုးတွေ ဖြစ်စေလိမ့်မယ်၊ စစ်ကောင်စီ ထုတ်ပြန်တာ က တိုင်းရင်းသား နယ်မြေတွေအတွက် အလွန်အကျိုးရှိသွားလိမ့်မယ်လို့ မြင်တယ်” ဟု စစ်ရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် မည်သူမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ လူမျိုးမရွေး ကျား၊ မ မရွေး ရှမ်းပြည်အမျိုးသားရေးအတွက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ရောက်ရှိနေသူများလည်း ပြန်လာ၍ စစ်မှုထမ်းရမည်ဖြစ်သလို နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လျှင် ကျန်ရှိသည့် နေအိမ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်သွားမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။

RCSS အဖွဲ့သို့ ဝင်ရောက် စစ်မှုထမ်းလျှင် စစ်ကောင်စီ၏ စစ်သားစုဆောင်းသော စစ်မှုထမ်းဥပဒေမှ ကင်းလွတ်နိုင်မည် ဟု RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးခမ်းစံက ရှမ်းပြည်နယ်သတင်းများ အထူးပြုဖော်ပြနေသည့် သျှမ်းသံတော်ဆင့် သတင်းဌာနကို ဖြေဆိုထားသည်။

ထို့အတူ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကလည်း စစ်မှုထမ်းရန် နှိုးဆော်မှုများရှိနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာများမှ ဒေသခံ အင်းတိုင်းရင်းသားများကိုလည်း PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ကာ စစ်သား အတင်းအဓမ္မ စုဆောင်းနေကြောင်း၊ စုဆောင်း ခံရသည့် လူငယ်များကို တိုက်ပွဲဖြစ်ပွားရာ ဆီဆိုင်မြို့သို့ ပို့ဆောင်ခြင်များရှိသည်ဟု ဒေသခံများက ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် PNO/PNA သည် စစ်ကောင်စီ လက်အောက်ခံအဖွဲ့တခုဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်က ဆီဆိုင် တိုက် ပွဲ၌ စစ်တိုက်ရန် ငြင်းဆိုခဲ့သည့် ပအိုဝ်းလူငယ် ၁၂ ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၃ ရက်က ဆီဆိုင်တိုက်ပွဲ စတင် ပြီးနောက် ပအိုဝ်းဒေသနှင့် PNA စိုးမိုးထားသော ကျေးရွာများတွင် အဓမ္မ တပ်သား စုဆောင်းနေခြင်းကြောင့် ပအိုဝ်း လူငယ်အများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်းနှင့် လီဆူတိုင်းရင်းသားများ နေထိုင်ရာ ရွာများသို့ ညအချိန်ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးပြီး အသက် ၁၈ နှစ် ပြည့်ပြီးသည့် လူငယ်များနှင့် လူစားထိုး လဲလှယ်ခိုင်းခြင်းမျိုးဖြင့် တပ်သားသစ်စုဆောင်းခြင်းများ ပြု လုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုလူသစ်စုဆောင်းမှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကာ တရွာလျှင် အနည်းဆုံး လူသစ် ၄ ဦးထိ ပေးနေ ရပြီး ကျေးရွာများအတွင်းသို့ ယူနီဖောင်းဝတ် လက်နက်အပြည့်အစုံဖြင့် တပ်ခွဲမှူးအဆင့်မှ ဦးဆောင်ကာ အင်အား ၁၀ ဦးခန့်ဖြင့် ဝင်ရောက်ကာ တအိမ်တက် တအိမ်ဆင်း တွေ့ရာလူကို ဆွဲခေါ်နေကြခြင်းမျိုးဟု သိရသည်။

SSPP အနေဖြင့် ယောက်ျားလေးကိုသာ ဦးစားပေးရွေးခေါ်နေကြခြင်းဖြစ်ကာ မိသားစုတစုတွင် သားယောက်ျားလေး ၂ ဦး၊ ၃ ဦး ပါလျှင် တဦး မဖြစ်မနေ ပေးနေရကြောင်း၊ ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုခေါ်ယူခဲ့ ကြသော်လည်း ပြန်လည်ရောက်ရှိလာသူ အလွန်နည်းသည်ဟု ဒေသခံများက ဆိုသည်။

“ကျနော်တို့လည်း ရှမ်းလူမျိုးတွေပါ၊ ကိုယ့်အမျိုးကို ချစ်ပါတယ်၊ လူစုတာလည်း စုပါ၊ အခုလိုမျိုး ပြန်ပေးဆွဲသလို အချိန်မတော် ဝင်ပြီး နှိပ်စက်တာတော့ မကောင်းဘူးပေါ့။ အခုလို ဖြစ်နေတာကို တိုင်ကြားစရာနေရာလည်း မရှိဘူး၊ စစ် နယ်မြေလို ဖြစ်နေတော့ မငြိမ်မသက်အပြင် လမ်းပန်းဆက်သွယ်ရေးတွေကလည်း ခက်ခဲတော့ ဘယ်သူ့ကို တိုင်ရမှန်း လည်း မသိဘူး” ဟု နောင်ချိုမြို့နယ် အင်းမရွာခံတဦး က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်းက ပြည်သူ့စစ်သင်တန်း ပေးနေစဉ်/CJ

လူသစ် စုဆောင်းခံရမှုများအား နယ်မြေတွင် ရှိနေသည့် တအာင်းတပ်များ၊ PDF အဖွဲ့များထံသို့ တိုင်ကြား အကူအညီ တောင်းခံခြင်းများ ရှိသော်လည်း နိုင်ငံရေး၊ စစ်ရေးများအရ ဝင်ရောက်ဖြေရှင်းပေးနိုင်ခြင်းမျိုး မရှိဟု သိရသည်။

ရှမ်းပြည်နယ်တွင် အင်အားတောင့်တင်းသော SSPP/SSA နှင့် RCSS တို့က လူသစ် စုဆောင်းမှုများ ပြုလုပ်နေသော် လည်း လက်ရှိအချိန်ထိ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်လာခြင်း မရှိသေးသလို စစ်ကောင်စီဖြင့် ပူးပေါင်းကာ စစ်တပ်အလိုကျ လိုက်ပါ ဆောင်ရွက်နေကြောင်း သိရသည်။

လက်နက်ကိုင်တော်လှန်ရေးသည် လူတိုင်းနှင့် ကိုက်ညီမှု မရှိနိုင်သဖြင့် ကိုယ်တိုင်ခံယူချက်နှင့် ပိုင်းဖြတ်မှု မရှိလျှင် စစ်မှုထမ်းဥပဒေကို ရှောင်ရှားနိုင်စေရန် သက်သက်ဖြင့် လက်နက်ကိုင်အဖွဲ့များထံ ဝင်ရောက်ခြင်း မပြုသင့်ဟု စစ် အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (AJMM)၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) စသည့် သပိတ်ကော်မတီ ၃ ခု ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၃ ရက် က အရေးပေါ် ထုတ်ပြန်သတိပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ၌ အရပ်သားပြည်သူများကို စစ်ကောင်စီအပါအဝင် လက်နက် ကိုင် အဖွဲ့အစည်းအားလုံး အဓမ္မစစ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေမှုသည် စိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) တို့က ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသလို စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေမှုကို လည်း စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်။

ပြည်တွင်းစစ်ဖြစ်နေသည့် နိုင်ငံတွင် စစ်သားစုဆောင်းနိုင်ရေးအတွက် ဥပဒေများ၊ စနစ်များ ချမှတ်လုပ်ဆောင်နေမှု သည် အကောင်းထက်အဆိုးဘက်ကိုသာ ပိုသွားလိမ့်မည်ဟု HRW အဖွဲ့မှ သုတေသီတဦးဖြစ်သူ Manny Maung က ပြောသည်။

“စစ်မှုထမ်း ဥပဒေက ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စစ်ကောင်စီက လာမယ့်ကာလတွေမှာ သွေးထွက်သံယိုမှု တွေ ပိုများလာအောင် အခုထက်ပိုပြီး ရက်စက်ကြမ်းကြုတ်လာနိုင်တယ်။ ပိုပြီး ဖျက်အားပြင်းမယ်ဆိုတာကို ပြသနေ တဲ့အပြင် စစ်တပ်ရဲ့ ပြိုကွဲမှုကို ပြသတဲ့ လက္ခဏာမျိုးပဲ။ ပဋိပက္ခတွေက တနိုင်ငံလုံးကို ဝါးမြိုဖျက်ဆီးသွားနိုင်တယ်” ဟု Manny Maung က ပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံ၏ ဖြစ်ထွန်းမှုလမ်းကြောင်းတခုလုံး မျိုးဆက်နှင့်ချီ၍ အနုတ်လက္ခဏာအရွှေ့ ဖြစ်သွား နိုင်ခြေ ရှိသည်ဟု သုတေသန အဖွဲ့အစည်းတခုဖြစ်သည့် ISP Myanmar က သုံးသပ်ထားသည်။

ပြုန်းတီး စစ်အင်အားကို ဖြည့်နိုင်ရန် ကြံစည်နေသည့် စစ်ကောင်စီသည် လက်ရှိတွင် စစ်မှုထမ်းရန် မြေပြင်ကွင်းဆင်း ၍ စာရင်းကောက်၊ မဲနှိုက်မှုများ စတင်နေပြီ ဖြစ်ရာနိုင်ငံတဝှမ်းတိုက်ပွဲများအတွင်း အထိနာနေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ မည်သို့ မည်ပုံအလုပ်ဖြစ် မဖြစ်နှင့် မည်မျှထိ ခရီးပေါက်နိုင်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦး မည် ဖြစ်သည်။ ။

Your Thoughts …
Tags: Sliderစစ်ကောင်စီစစ်မှုထမ်းဥပဒေတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖျောက်ဖျက်ရန် မလွယ်ကူသော (ရုပ်/သံ)

ဖျောက်ဖျက်ရန် မလွယ်ကူသော (ရုပ်/သံ)

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved