ကျက်သရေတုန်းများ တစခန်း ထလာပြန်သည်။
နှစ်ပေါင်းများစွာ မကျင့်သုံးဘဲထားခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့်သုံးမည်ဟု စစ်ကောင်စီက မကြာသေးမီက ကြေညာခြင်းသည် လူငယ်များနှင့် မိသားစုအများအပြားကို နိုင်ငံမှ မောင်းထုတ်မည် ဖြစ်သည်။
ထိုကိစ္စသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ နိုင်ငံသားများကို မောင်းထုတ်သည့် ဒုတိယလှိုင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် များပြားလှသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်သားများနှင့် အရပ်သားများ မြန်မာမှ ထွက်ပြေးလာကြသည်။ အချို့မှာ ဖိနှိပ်မှုကြောင့် ထွက်ပြေးလာသူများဖြစ်ကာ အချို့မှာ စစ်ကောင်စီကို လက်နက်စွဲကိုင် ပုန်ကန်ရန် ထွက်ပြေးလာခြင်း ဖြစ်သည်။ အများအပြားသည် အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံသို့ ထွက်လာသလို အချို့သည် နယ်စပ်မှ တိုင်းရင်းသားပြည်နယ်များတွင် နေထိုင်ကြပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲကြသည်။
ယခုတကြိမ်တွင်မူ လူငယ် အများအပြားသည် ပြည်ပတွင် ပိုမိုကောင်းမွန်သော ဘဝများကို ရှာဖွေနေထိုင်ရေးအတွက် ထွက်ခွာသွားရန်နှင့် အချိန်ကာလတခုအထိ ပြန်လာရန် မရည်ရွယ်ကြောင်း ထင်ရှားသည်။
စစ်မှုမထမ်းမနေရ ဥပဒေကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ် အရွယ်အထိ အမျိုးသမီးများအတွက် ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ထိုသူများသည် နှစ်နှစ်အထိ စစ်တပ်တွင် အမှုထမ်းရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။
သို့သော် ယခုအချိန်တွင် ဖြစ်ပေါ်နေသည့် အရေးပေါ်ကာလတွင် အကျုံးဝင်သူများသည် ၅ နှစ်အထိ စစ်မှုထမ်းရမည် ဖြစ်သည်။ ၎င်းတို့သည် အချိန်ဖြုန်းခြင်း မရှိပေ။ အတင်းအကျပ် စစ်မှုထမ်းစေခြင်းကို လာမည့်လတွင် စတင်မည်ဖြစ်ပြီး ထိုအချိန်တွင် လူ ၅,၀၀၀ ကို စတင်ခေါ်ယူမည် ဖြစ်သည်။ စစ်ကောင်စီသည် သမားတော်များ၊ အင်ဂျင်နီယာများနှင့် သတင်းနှင့်နည်းပညာ ပညာရှင်များကိုလည်း ပစ်မှတ်ထားပြီး ၎င်းတို့သည် ၂ နှစ်ထက်မက ပိုမို စစ်မှုထမ်းရမည်ဟုလည်း ပြဋ္ဌာန်းသည်။ ထိုမျှ မိုးမှောင်ကျသည့် ကံကြမ္မာကို ရှောင်ရှားရန် ပညာရှင်လူငယ် အများအပြားသည် နိုင်ငံမှ ထွက်ခွာကြသည်။
စီပွားရေးသမားများ၊ စက်ရုံပိုင်ရှင်များနှင့် ဟိုတယ်ပိုင်ရှင်များသည် ၎င်းတို့ အလုပ်သမားငယ်များ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး မည်သို့ရှေ့ဆက်ရမည်ကို စဉ်းစားနေ၊ အထုပ်အပိုး ပြင်ဆင်နေသည်ကို တွေ့နေရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် အနှစ်သက်ဆုံး ခရီးပန်းတိုင် ဖြစ်နေသည်မှာ အံ့သြဖွယ် မဟုတ်သလို ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းသို့ဝင်ရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသား အရေအတွက် မကြာမီက ရုတ်တရက် မြင့်မားလာကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် အနှစ်သက်ဆုံး ခရီးပန်းတိုင် ဖြစ်နေသည်မှာ အံ့သြဖွယ် မဟုတ်သလို ထိုင်းဝန်ကြီးချုပ်ကလည်း ထိုင်းသို့ဝင်ရောက်ရန် ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသည့် မြန်မာနိုင်ငံသား အရေအတွက် မကြာမီက ရုတ်တရက် မြင့်မားလာကြောင်း ပြောသည်။
“သူတို့ ကျနော်တို့နိုင်ငံကို တရားဝင်လာရင် ကြိုဆိုတယ်။ ဒါပေမယ့် သူတို့ တရားမဝင် ခိုးဝင်လာရင် ဥပဒေအရ အရေးယူမယ်။ ဒီကိစ္စကို လုံခြုံရေးဌာနတွေနဲ့ ကျနော် ဆွေးနွေးပြီးပြီ” ဟု ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီဆင်က ပြောသည်။ သို့သော် ၎င်းတို့တွင် စာရွက်စာတမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာပြည်သူများသည် ထိုင်းနိုင်ငံသို့ ဦးတည်နေပြီဖြစ်သည်။ လူကုန်ကူးသူများနှင့် ၎င်းတို့၏ အပေါင်းအပါများသည် ပိုမို အလုပ်များလာမည်ဟု ယူဆနိုင်မည် ဖြစ်သည်။
တိုင်းရင်းသားပြည်နယ်များ၊ အထူးသဖြင့် ထိုင်းနယ်စပ် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်များသည် လူသစ်စုဆောင်းမှု အရှိန်မြှင့်တင်လာကြပြီး ပဋိပက္ခ ပိုမိုမြင့်မားလာကာ ရှမ်းပြည်နယ်မှ မိသားစုအများအပြား နယ်စပ် သို့မဟုတ် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းစေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ပြီးလျှင် ရှမ်းပြည်နယ်၏ ဒုတိယမြို့တော် ဖြစ်လာသည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးချိန်သည် ထိုင်းနိုင်ငံက စစ်ဒဏ်ခံနေရသော မြန်မာနယ်စပ် တလျှောက်တွင် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟစ်ဒါ နုကာရသည် မဲဆောက်နယ်စပ်မြို့ကို သွားရောက်စစ်ဆေးပြီးနောက် ဝါရှင်တန်သို့သွားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်နှင့် ဆွေးနွေကာ ထိုအစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုသည်။ ထိုင်းအစိုးရသစ်သည် စစ်အုပ်စုနှင့် ရင်းနှီးသည်ဟု အမြင်ခံရသည့် ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် ယခင်အစိုးရနှင့် မတူသည့် မူဝါဒသစ်ကို ချမှတ်ရန် ကြိုးစားနေသည်။
ထိုသို့သော ဖရိုဖရဲအခြေအနေများတွင် စိတ်ဝင်စားစရာကောင်းသော ရလဒ်မှာ ထိုင်းနိုင်ငံသည် မြန်မာမှ ချမ်းသာသော မိသားစုများနှင့် လူလတ်တန်းစား မိသားစုများအတွက် နေအိမ်ဖြစ်လာပြီး ထိုင်း အိမ်ခြံမြေဈေးကွက်အတွက် သတိပြုစရာ ဖြစ်လာသည်။ မြန်မာတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသားများသည် ထိုင်းတွင် ကွန်ဒိုအခန်းများနှင့် အိမ်ခြံမြေများကို ဝယ်ပြီး ဘန်ကောက်တွင် စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်လာကာ ချင်းမိုင်နှင့် ဖူးခက်သို့ပင် ချဲ့ထွင်လာသည်။
လွန်ခဲ့သောအပတ်က ဘန်ကောက်ပို့စ် သတင်းခေါင်းစဉ်က “မြန်မာဝယ်ယူသူများသည် ဘန်ကောက်ကို ကျော်လွန် ရှုမြင်လာသည်” ဟုရေးသည်။
“နိုင်ငံရေး မတည်ငြိမ်မှုနောက်ပိုင်း မြန်မာဝယ်ယူသူတွေ အရမ်းများလာတယ်” ဟု Colliers Thailand မှ လက်ထောက် မန်နေဂျင်းဒါရိုက်တာ ကာလို ပိုဘရီကပြောပြီး ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာ၏ စိတ်ဝင်စားမှုသည် ရင်းနှီးမြှုပ်နှံမှုမှ အပန်းဖြေရေးအထိ ကျယ်ပြန့်ကြောင်း ပြောသည်။
“နိုင်ငံရေး မတည်ငြိမ်မှုနောက်ပိုင်း မြန်မာဝယ်ယူသူတွေ အရမ်းများလာတယ်” ဟု Colliers Thailand မှ လက်ထောက် မန်နေဂျင်းဒါရိုက်တာ ကာလို ပိုဘရီကပြောပြီး ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာ၏ စိတ်ဝင်စားမှုသည် ရင်းနှီးမြှုပ်နှံမှုမှ အပန်းဖြေရေးအထိ ကျယ်ပြန့်ကြောင်း ပြောသည်။
အိမ်ခြံမြေလုပ်ငန်းသည် မြန်မာမှ ကြွယ်ချမ်းသာသူများကို ဆွဲဆောင်သည့် တခုတည်းသော လုပ်ငန်း မဟုတ်ပေ။ အနည်းဆုံး လွန်ခဲ့သော နှစ် ၂၀ အတွင်း ဘန်ကောက်သည် ဆေးကုသမှုခံယူသည့် မြန်မာနိုင်ငံသားများအကြား အဓိကနေရာ ဖြစ်လာသည်။ ဥမာအားဖြင့်ဆိုပါက ဘန်ကောက်မှ ဘွန်ရမ်ဂရက်ဆေးရုံတွင် မြန်မာလူနာများအတွက် အထပ်တထပ်ရှိပြီး စကားပြန်များလည်း ခန့်ထားသည်။ ချင်းမိုင်တွင် ပုဂ္ဂလိကဆေးရုံ အားလုံးသည် မြန်မာနှင့် ရှမ်း စကားပြန်များ ခန့်ထားပြီး ၎င်းတို့သည် အလွန်အလုပ်များသည်။
မြန်မာမှ ဝယ်ယူသူ ပထမလှိုင်းသည် အဓိကအားဖြင့် ဘန်ကောက်မှ အိမ်ခြံမြေများကို ၎င်းတို့အသုံးပြုရန်၊ သားသမီးများ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခြေခံအဖြစ် ဝယ်ယူခြင်းဖြစ်သည်ဟု ပိုဘရီက ပြောသည်။
တိုက်ခန်းဈေးနှုန်းများသည် သောင်လော၊ အာဆွတ်၊ ဖရန်ဖောင်၊ နာနာနှင့် ပလိုရန်ချစ် စသည့် နေရာများ၊ ဆေးရုံ၊ ဈေးဝယ်စင်တာများနှင့် အနီးအဝေးပေါ် မူတည်ပြီး ဘတ်သန်း ၂၀ မှ ၇၀ (ဒေါ်လာ ၅၅၅,၀၀၀ မှ ၁ ဒသမ ၉၄ သန်း) အထိ ရှိသည်။ မြန်မာလူသတ်ဂိုဏ်းချုပ်ကြီး မင်းအောင်လှိုင်၏ သားနှင့် သမီးသည် ဘန်ကောက်မှ အကောင်းဆုံးနေရာများတွင် ဇိမ်ခံကွန်ဒိုတိုက်ခန်းများ ဝယ်ယူထားသူများထဲ ပါဝင်သည်မှာ အံ့သြဖွယ် မဟုတ်ပေ။
ထို့အပြင် လူလတ်တန်းစား မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့် ချင်းမိုင်တွင် ကွန်ဒိုနှင့် တိုက်ခန်းများ ဝယ်ယူပြီး အငှားချထားကြသည်။ သက်ကြီးရွယ်အို မိဘများနှင့် ချမ်းသာကြွယ်ဝသော အငြိမ်းစားများသည် ထိုင်းတွင် ကျန်းမာရေးဝန်ဆောင်မှုနှင့် အပန်းဖြေမှုရသောကြောင့်၊ အထူးသဖြင့် ငြိမ်းချမ်းသောကြောင့် မြန်မာမှ ထွက်ခွာပြီး ထိုင်းတွင်နေထိုင်ကြသည်။
အထက်လွှာ ရွှေ့ပြောင်းအခြေချများကို ကြိုဆိုသည့်ကိစ္စအတွက် ထိုင်းတွင် ပြဿနာမရှိပေ။
ဘန်ကောက်၊ ဟွာဟင်၊ ဖူးခက်နှင့် ချင်းမိုင်မှ ပုဂ္ဂလိကကျောင်းများတွင် မြန်မာကျောင်းသားငယ်များ ပိုမို မှတ်ပုံတင်လာသည်ကို တွေ့လာရသည်။
ထိုင်းနိုင်ငံပိုင် တက္ကသိုလ်များမှ ပညာသင်ဆု အစီအစဉ်များတွင် မြန်မာလူငယ်ကျောင်းသားများနှင့် ပြည့်နေသောကြောင့် အွန်လိုင်းဖြင့် လျှောက်ထားခြင်းများကို မကြာသေးမီက ရပ်ဆိုင်းရသည်အထိ ဖြစ်လာသည်။
မြန်မာမှ ထိုင်းနိုင်ငံသို့ ဝင်လာသူတိုင်းသည် အခြေချနေထိုင်သည် မဟုတ်ပေ။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အနောက်နိုင်ငံများသို့ သွားရန် ကြားစခန်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ ရေကြည်ရာမျက်နုရာ ရှာဖွေရင်း ထိုအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေမည် ဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားမည်မျှ ထိုင်းတွင် နေထိုင်လုပ်ကိုင်နေသည်ကို သိရန်ခက်ခဲသည်။ ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၁ သန်းရှိသော်လည်း အမှန်တကယ် အရေအတွက်သည် ၃ သန်းမှ ၅ သန်းအထိ ရှိသည်ဟု ခန့်မှန်းကြသည်။
“အပြုံးများ၏ နိုင်ငံ” ဆိုသည့် ဂုဏ်သတင်းနှင့်အညီ အချို့သော ထိုင်းနိုင်ငံရေးသမားများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ပါလီမန်ကိုယ်စားလှယ်များက အတင်းအကျပ် စစ်မှုထမ်းခိုင်းသောကြောင့် မြန်မာမှ ထွက်ပြေးလာသော လူငယ်များကို အလုပ်အကိုင်နှင့် ပညာသင်ကြားခွင့်ပေးရန် အစိုးရကို တောင်းဆိုကြသည်။
ထိုင်းစစ်ဘက်နှင့် လုံခြုံရေးအရာရှိများသည် ထိုသို့ဖြစ်လာသည့် အခြေအနေများကို တုန်လှုပ်ခြောက်ခြားစွာ စောင့်ကြည့်နေမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်မည်ဖြစ်သည်။ သို့သော် ထိုင်းစီးပွားရေးကဏ္ဍက ကွဲပြားခြားနားစွာ ရှုမြင်မည်ဖြစ်သည်။
ထိုင်းစစ်ဘက်နှင့် လုံခြုံရေးအရာရှိများသည် ထိုသို့ဖြစ်လာသည့် အခြေအနေများကို တုန်လှုပ်ခြောက်ခြားစွာ စောင့်ကြည့်နေမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်မည်ဖြစ်သည်။ သို့သော် ထိုင်းစီးပွားရေးကဏ္ဍက ကွဲပြားခြားနားစွာ ရှုမြင်မည်ဖြစ်သည်။ မြန်မာမှ ချမ်းသာကြွယ်ဝသူများနှင့် လူလတ်တန်းစားသည် ငွေကြေးသုံးစွဲနိုင်သည့် စွမ်းအားရှိပြီး မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ လုပ်သား မလုံလောက်မှုကို ဖြည့်ဆည်းပေးမည် ဖြစ်သောကြောင့် ယခု အကျပ်အတည်းတွင် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများလည်း ရှိနေသည်။
ဆင်းရဲသော မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအတွက် မည်သို့ရှိမည်နည်း။ နယ်စပ်တွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများ ရှင်သန်တိုးတက်ရန် လိုအပ်သည့် အလုပ်အကိုင်၊ စီးပွားရေး၊ အသက်မွေးဝမ်းကြောင်းနှင့် ပညာရေး၊ အများပြည်သူကျန်းမာရေးတို့ကို ပံ့ပိုးပေးရန် ဒေသခံမြန်မာ၊ တိုင်းရင်းသားများနှင့် အတူတကွ လုပ်ဆောင်သင့်သည်။ ဒုက္ခသည် စခန်းများ မရှိသင့်တော့ပေ။
နောက်ဆုံးတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေသည် မြန်မာအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။ မြန်မာသည် ဆယ်စုနှစ်ပေါင်းများစွာသော ဦးနှောက်ယိုစီးမှု၊ လုပ်အားပြုန်းတီးမှု၊ အခွင့်အလမ်း ဆုံးရှုံးမှုများကို ခံစားနေရပြီးဖြစ်သည်ကို ကျက်သရေတုန်းများ သို့မဟုတ် နေပြည်တော်မှ စိတ္တဇ စစ်ခေါင်းဆောင်များ သဘောပေါက်ရမည် ဖြစ်သည်။ စစ်ကောင်စီတွင် အာဏာရှိနေသမျှ ထိုဖြစ်ရပ်များ ရပ်ဆိုင်းမည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ၎င်းတို့သားများ၊ သမီးများအတွက် မြန်မာမိဘများ၏ အမှာစကားမှာ ရိုးရှင်းပြီး ဝမ်းနည်ဖွယ်ကောင်းသည်။ “ပြန်မလာကြနဲ့” ဆိုသည့် သတင်းစကားသာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Myanmar’s Youth Flee—and They Aren’t Looking Back ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ (ရုပ်/သံ)
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ