ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် က ဖေဖေါ်ဝါရီ ၁၉ ရက်က သတိပေး ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်က အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် စစ်ကောင်စီက အတည်ပြုခဲ့သည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေသည် လာမည်ဧပြီလတွင် စတင်မည်ဖြစ်ရာ ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာလျှောက်ထားသူ အလွန်များပြားနေသည့်အပေါ် ထိုင်းဝန်ကြီးချုပ်က ရည်ညွှန်း၍ ပြောခြင်းဖြစ်ကြောင်း Bangkok Post သတင်းက ဆိုသည်။
မစ္စတာ ဆရီထာ ထာဝီဆင်က “ နိုင်ငံထဲကို တရားဝင် လာတယ်ဆိုရင် ကြိုဆိုတယ်။ တရားမဝင် ခိုးဝင်လာတယ် ဆိုရင် တော့ ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရလိမ့်မယ်။ ဒီအရေးနဲ့ ပတ်သက်လို့ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးပါပြီ” ဟု ပြောသည်။
မြန်မာနိုင်ငံသားများ အနေဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲရန် လတ်တလော ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခြင်း ဖြစ်ကြောင်း ဆိုလိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများကြောင့် ထိုင်းနိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်လာနိုင်သည့် စိုးရိမ်မှုနေမှုအပေါ် နှစ်သိမ့် စကားဆိုခဲ့သည်။
ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်တွင်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမား အများအပြားလိုနေ သော်လည်း ပြောင်းရွှေလာသူများအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် သတ်မှတ်ထားသော စည်းမျဉ်း လုပ်ငန်းစဉ် များကို လိုက်နာ ရ မည်ဟု သူက ပြောကြောင်း Bangkok Post က ရေးသားသည်။
စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာ လာကြရာ ဖမ်းဆီးခံရသူ ဦးရေမှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ၁၀၀ ခန့် ရှိကြောင်း ဧရာဝတီမှကောက်ယူ ထားသည့် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသား အများအပြားသည် ပွဲစားများအား ငွေကြေးအမြောက်အမြား ပေး၍ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်နေ ကြရာ တပ်ခ်ခရိုင်ရှိ ဖုဖရ၊ ကန်ချနဘူရီ၊ ရနောင်းနှင့် ချွန်ဖော်စသည့် နေရာများတွင် ထိုင်းနယ်ခြားစောင့်တပ်များက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် ထိုင်း လူကုန်ကူးမှုဥပဒေအရ ထောင်ဒဏ် ၄ လ မှ ၆ လအထိ ချမှတ်ခံရနိုင်ပြီး တရားမဝင်နယ်စပ် ဖြတ်ကျော်မှုအတွက် ထောင်ဒဏ် ၄၅ ရက်မှ ၃ လအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ် က “အာဏာသိမ်းပြီးခါစတုန်းကလည်း လူတွေက ထောင်နဲ့သောင်းနဲ့ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်။ နေ့တဓူဝ ဝင်လာတာတွေ လည်း ရှိတယ်။ အာဏာမသိမ်းခင်ကရှိတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ အာဏာသိမ်းပြီးမှရှိတဲ့ ရွှေ့ပြောင်းလုပ်သားက ပိုများနေ တာမျိုးရှိတယ်။ အစိုးရိမ်ဆုံးကတော့ နောက်ဆက်တွဲဖြစ်စဉ်အနေနဲ့ လူကုန်ကူးမှုတွေပါ ရှိလာနိုင်တယ်” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် မြန်မာနိုင်ငံရှိလူငယ်များမှာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ ရရာနည်းလမ်းများဖြင့် ထွက်ခွာရန် ပြင်ဆင်လျက်ရှိနေပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်သူဦးရေမှာ ပိုများလာနိုင်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားရေးဆောင်ရွက်နေသူများက ဆိုသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ၌လည်း လုံခြုံရေးများ တိုးမြှင့်ချထားသလို တံတားဂိတ်များမှ ဖြတ်သန်းရာတွင် ခိုင်လုံသည့် အကြောင်းပြချက်ရှိမှ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
Labour Rights Foundation မှ ဦးအောင်ကျော်က “စစ်မှုမထမ်းလိုတဲ့အတွက် အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ထွက်လာဖို့ ကြိုးစားမှာပဲ။ နယ်စပ်တွေမှာလည်း လုံခြုံရေးအခြေအနေတွေက တင်းကျပ်တဲ့အနေအထားတွေ ကြားနေရတော့ ဒီထက် ပိုပြီး ဆိုးရွားတဲ့အခြေအနေ ဖြစ်လာဦးမှာလို့ ခန့်မှန်းမိပါတယ်။ လက်ရှိကတော့ ထိုင်းအစိုးရက ကြေညာထားတဲ့အတိုင်း နယ်စပ်နယ်နိမိတ်တွေကို အထူးကြပ်မတ်ထားပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယခုရက်ပိုင်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားသည့် အတွက် တနေ့ လျှင် လျှောက်ထားသူ ၄၀၀ သာ လက်ခံတော့မည်ဟု ဖေဖော်ဝါရီ ၁၄ ရက်က တရားဝင် ထုတ်ပြန်ခဲ့သလို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မဟာချူလာလောင်ကွန်း တက္ကသိုလ်အတွက် မြန်မာကျောင်းသားခေါ်ယူရာ လျှောက်ထားသူ များပြားလွန်း သဖြင့် ခေါ်ယူမှု ရပ်ဆိုင်းလိုက်ရသည်။
ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ လာရောက်လျှောက်ထားသူ နေ့စဉ် တထောင်ကျော်ရှိကြောင်း၊ ၁၄ရက် နေထိုင် ခွင့်ရသော ဆိုက်ရောက်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ကြောင်း Bangkok Post သတင်းက ဆိုသော် လည်း ယင်းဗီဇာအမျိုးအစားမှာ နောက်ထပ် ၇ ရက်သာ သက်တမ်းတိုးခွင့် ရှိသဖြင့် ရေရှည်နေထိုင်၍ မရပေ။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီး သား၊ သမီးရှိသော မိဘများအနေဖြင့် ၎င်းတို့ရင်သွေး များကို စစ်တပ်ထဲသို့ မပို့လို၍ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိရာ တတ်နိုင်သည့် ငွေကြေးပမာဏဖြင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ပြည်ပသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိသည်။
တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်မှ အလုပ်အကိုင်ရှိရာ ဘန်ကောက်၊ ချင်းမိုင်စသည့် မြို့များသို့ သွားမည်ဆိုပါက ထိုင်း ဘတ် ၁ သောင်းဝန်းကျင်ခန့် ပေးရပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပြီးနောက် ယခုရက်ပိုင်း ထိုင်းသို့ လာမည့်သူမှာ ၂ဆ ခန့် မြင့်လာကြောင်း သိရသည်။
ယင်းသို့ ပြည်ပသို့ပို့ဆောင်ရန်ကြိုးစားရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အနီးဆုံး ဖြစ်ရာ ထိုင်းနိုင်ငံ အနေဖြင့်လည်း အရှိန် အဟုန်ဖြင့် ဝင်လာမည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန် ထိုင်းဝန်ကြီးချုပ်က သတိပေးထား သလို မြန်မာအရေးနှင့် ပတ်သက်၍ ပြောဆိုလေ့ရှိသူ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က လည်း ယင်းသို့ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများကို အလေးထားရန် တိုက်တွန်းပြော ဆိုထား သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်း ဝန်းကျင်ထိရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် ၃ နှစ် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော်ရှိကြောင်း နှင့် တရားမဝင် ဝင်ရောက်သူများမှာလည်း သိန်းနှင့်ချီ ရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများ ထံမှ သိရသည်။
You may also like these stories:
စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား
“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”
အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု
အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေ၏ အဓိကအချက် ၆ ချက်
NUG နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စစ်သားစုဆောင်းမှု ဥပဒေကို ရှုတ်ချ