ကရင်ပြည်နယ်မှ စစ်ရှောင်ကြရသည့် ကော့ကရိတ်ဒေသခံများ မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ကြရန် စစ်ကောင်စီ ဖိတ်ခေါ်သော်လည်း စစ်ရေးနှင့် လုံခြုံရေး အခြေအနေကြောင့် မပြန်ရဲကြောင်း မြို့ခံများက ပြောသည်။
ကော့ကရိတ်မြို့တွင်း၌ အေးချမ်းနေပြီဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးများ ပြုလုပ်နေပြီဖြစ်သောကြောင့် ဧပြီ ၂၇ ရက်ထိ ပြန်လည်နေထိုင်သူ ၅၀၀ ကျော်ထိ ရှိနေပြီဟု စစ်ကောင်စီဘက်က ထုတ်ပြန်သော်လည်း ယမန် နေ့နှင့် ယနေ့တွင်မူ မြို့ခံများမှာ မိမိတို့ နေအိမ်များကို သွားရောက်ကြည့်ရှု့ပြီး ကျန်ရှိ ပစ္စည်းများကို ရသလောက်သယ် ၍ တိမ်းရှောင်နေသည့် နေရာများကိုသာ ပြန်သွားကြောင်း သိရသည်။
အမှတ် ၁ ရပ်ကွက်မှ ပြန်ဝင်ကြည့်သူအမျိုးသားတဦးက “မြို့ထဲကနေ ပြန်ထွက်တာ ခွင့်ပြုထားတယ်။ သူတို့တောင် မြို့ထဲ မအိပ်ရဲဘူး တပ်ထဲပြန်အိပ်တယ်ဆိုတော့ လူထုတွေ ပြန်ထွက်ကြတာ” ဟု ပြောသည်။
မြို့ထဲသို့ ဝင်ရောက်လာသူများကို စစ်ကောင်စီ အမည်၊ ရပ်ကွက်၊ လူဦးရေ စသည့် အချက်အလက်များ စာရင်းပေးရပြီး ပြန်ထွက်ချိန်၌လည်း ထပ်မံ စစ်ဆေးသည်ဟု သိရသည်။
ယမန်နေ့က ပြန်ဝင်ရောက်ကာ နေအိမ်များကို လာကြည့်ကြသည့်ဒေသခံများအား ဓာတ်ပုံများရိုက်ပြီး ကော့က ရိတ်မြို့ ထဲ ဒေသခံအများအပြားပြန်နေထိုင်နေပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ၌ ဖော်ပြထားကြသည်။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတချို့ ရှင်းလင်းရေးများပြုလုပ်နေပြီး ဌာနဆိုင်ရာလုပ်ငန်းများ ရက်ပိုင်းအတွင်း ပြန်လည်ပတ်တော့မည်ဟု မြို့ခံများကို ပြောဆိုနေကြောင်း သိရသည်။
ပုလဲဖြူလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက “ဒီမနက်မြို့ထဲဝင်သွားတော့ လမ်းမှာ အာဏာပိုင်အဖွဲ့တွေ၊ စည်ပင်တွေ၊ ဆောက်လုပ်ရေး ဝန်ထမ်းတွေနဲ့ ရှင်းလင်းရေးတွေလုပ်နေတာ တွေ့ရတယ်။ အခြားဝန်ထမ်းတွေလည်း ပြန်ခေါ်ထားပြီး ဌာနဆိုင်ရာတွေ ရက်ပိုင်းအတွင်း ပြန်လည်ပတ်မယ်လို့ ပြောတယ်” ဟု ပြောသည်။
ကော့ကရိတ်မြို့ရှိ နေအိမ်အဆောက်အအုံများမှာ မီးရှို့ခံရမှု၊ ဗုံးကြဲခံရမှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် မြို့၏ တဝက် နီးပါးခန့် ပျက်စီးခဲ့ရသည်ဟု မြို့ခံများက ပြောဆိုသည်။
စစ်ရှောင်များကိုကူညီနေသူ ကော့ကရိတ်မြို့ခံ အမျိုးသားတဦးက မြို့တွင်းလိုက်လံလှည့်ပတ်ကြည့်ရှုခဲ့သည့် အခြေ အနေအား “ပျက်စီးမှုကတဝက်လောက်တော့ အနည်းဆုံးပဲ၊ ကျော်ရင်ကျော်ဦးမှာ။ တချို့လမ်းကြားတွေက ခြုံတွေ ပိတ်နေလို့ ဝင်ကြည့် မရဘူး။ ၇၅ ရာခိုင်နှုန်းတော့ ပျက်စီးမှု ရှိနိုင်တယ်။ လက်နက်ကြီးထိမှန်တဲ့ အိမ်တွေ အများကြီး ဆိုတော့” ဟု ပြောသည်။
နေအိမ်များ မရှိတော့သည့်သူများကို စစ်ကောင်စီက စာရင်းများကောက်ခံနေသော်လည်း မလိုအပ်သော အချက် များကို ပါ တောင်းခံနေကြောင်း တံတားဦးရပ်ကွက်မှ အမျိုးသမီးက ပြောသည်။
၎င်းက “သက်ဆိုင်ရာက မီးသင့်နေအိမ်ပိုင်ရှင်ကိုယ်တိုင် ဒေါနခန်းမမှာ စာရင်းပေးသွင်းခိုင်းပါတယ်။ သင့်တင့်လျောက် ပတ်သလို ထောက်ပံ့ပေးသွားဖို့ဆိုပြီး ပြောပါတယ်။ သူတို့က စာရင်းယူပြီးမှ ၁၈ နှစ်အောက် ဘယ်နှယောက်ရှိလဲ။ ၁၈ နှစ်အထက် ဘယ်နှယောက်လဲမေးတော့ စိတ်ထဲက မတင်မကျ ဖြစ်မိတယ်” ဟု ဧရာဝတီကို ပြောသည်။
ကော့ကရိတ်မြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူး ပေါင်းတပ်များက ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်တွင် မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲခဲ့ပြီး မြို့တွင်းနေရာအများစုကို ထိန်း ချုပ်နိုင်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသောကြောင့် ဧပြီလတတိယအပတ် တွင်း၌ မြို့တွင်းနေရာများမှ ယာယီဆုတ်ခွာပေးခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများက ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများ၏ ဒေသဆိုင်ရာအချက်အလက်များကို စုစည်းဖော်ပြထားသည့် Myanmar Information Management Unit စာရင်းအရ ကော့ကရိတ်မြို့တွင် ရပ်ကွက် ၇ ခု၊ အိမ်ခြေ ၆၁၃၀ နှင့် လူဦးရေ ၃၇၉၄၁ ဦး ရှိကြောင်း ဖော်ပြထားသည်။
You may also like these stories:
BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်
အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ
မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော
ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်