ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်တွင် ဖွင့်လှစ်ထားသော COSTEC International ကုမ္ပဏီမှ အထည်ချုပ်စက်ရုံ အလုပ် သမားများက လုပ်ခလစာများ မူလအတိုင်းပြန်လည်ရရှိရေးနှင့် ဖြတ်တောက်ခံရသည့်လစာများ ပြန်ရရှိရေး တောင်းဆို မှု ၉ ရက်မြောက်နေ့၌ စက်ရုံဘက်မှ ဒေးကြေးပြန်တိုးမြှင့်ပေးရန် ကနဦးသဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက် ညနေပိုင်း၌ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန်ညှိနှိုင်းရေး ကော်မတီရုံးတွင် ညှိနှိုင်းဆွေးနွေးပြီးနောက် သဘောတူညီချက်ရရှိခဲ့ခြင်းဟု အလုပ်သမားတဦးက ပြောသည်။
၎င်းက “ရွှေပြည်သာစက်မှုဇုန် ညှိနှိုင်းရေးကော်မတီရုံးမှာ စက်ရုံက တာဝန်ရှိသူတွေ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ စက်ရုံအလုပ်သမားတွေကြား ညှိနှိုင်းဆွေးနွေးပြီး ကနဦး သဘောတူညီချက် ရရှိပါတယ်။ ဇန်နဝါရီ ၁၀ ရက် နေ့လယ်မှာ လက်ခံမခံ အကြောင်းပြန်ပေးရပါမယ်” ဟု ဆိုသည်။
ထိုသို့ဆွေးနွေးညှိနှိုင်းရာတွင် စက်ရုံဘက်မှ ဒေးကြေး ၇,၈၀၀ ကျပ်နှင့် နောက်တိုး ၅၀၀ ကျပ်၊ ရက်မှန်ကြေး ၃ သောင်း ကျပ်နှင့် ထပ်ပေါင်း ၁ သောင်းကျပ် တိုးမြှင့်ပေးမည်ဖြစ်ပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များအတွက် လုပ်ခကို ၈,၃၀၀ ကျပ် ပေးမည်ဟု သဘောတူညီခဲ့ကြောင်း သိရသည်။
ယင်းစက်ရုံမှ လုပ်သား ၁,၀၀၀ ကျော်မှာ ယခင်လစာငွေအတိုင်း ပြန်လည်ရရှိရေးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက် နေ့မှစတင်ကာ စက်ရုံအတွင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့စဥ် စက်ရုံဘက်မှ ရက်မှန်ကြေးဖြတ်တောက်မှု ထပ်မံပြုလုပ်ခဲ့ ကြောင်း သိရသည်။
COSTEC အထည်ချုပ်စက်ရုံလုပ်သားများအနေဖြင့် အခြားစက်ရုံများတွင် Day ကြေး ၁၂,၀၀၀ ကျပ်ရနေချိန် ၇,၈၀၀ ကျပ်ဖြင့်သာ လုပ်ကိုင်နေခဲ့ကြရကြောင်းနှင့် ထိုသို့လုပ်ကိုင်နေသည့်ကြားမှ လုပ်ခလစာငွေများ အပြည့်အဝ မရရှိသည့် အတွက် ယခုကဲ့သို့ တောင်းဆိုကြရခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
မူလရရှိခဲ့သည့် Day ကြေး ပြန်လည်ပေးအပ်ရေး၊ Day ကြေး ၁၂,၀၀၀ ကျပ် သတ်မှတ်ပေးရေး၊ အိုတီကြေး၊ ရက်မှန် ကြေး၊ ဂရိတ်ကြေးများကို မူလအတိုင်း ပြန်လည်ပေးအပ်ရေး၊ လစာ၊ အထည်ကြေးများ အပြည့်အဝ အချိန်မီပေးအပ် ရေး၊ အထည်ကြေးကို တပတ်တကြိမ် စနစ်တကျရှင်းလင်းပေးရေးနှင့် ယူနီဖောင်းပေးအပ်ရေးတို့ အဓိက တောင်းဆို ခြင်းဟု ဆိုသည်။
COSTEC အထည်ချုပ်စက်ရုံအမည်မှ JOC ဟု ပြောင်းလဲထားသည့် ယင်းစက်ရုံ၌ LC Wakiki၊ X Shelter၊ ZERO STAGE နှင့် Colopuca စသည့် အမှတ်တံဆိပ်များ ချုပ်လုပ်ကြောင်း သိရသည်။
You may also like these stories:
ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်
အလုပ်သမားတို့ ကြံ့ဖွံ့ကို မဲပေးဖို့ အလုပ်ရှင်များ စည်းရုံး
ကျမတို့ကို ထောင်ထဲ ထည့်လိုက်တယ်ဆိုတာ ပါးစပ်ပိတ်လိုက်တဲ့သဘော














