ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၄၈ ဦး အထုတ်ခံခဲ့ရသည့် အမှု ၇နှစ်ကျော်ကြာ တရားရင်ဆိုင်ပြီးနောက် အလုပ်သမားများက နစ်နာကြေား ကျပ်သိန်း ၈သောင်းကျော် ရရန် စက်ရုံအပေါ် တောင်းဆိုထားကြောင်း သိရသည်။
အမှုမှာ ၂၀၁၇ ခုနှစ် ဇွန်လက အလုပ်သမားအခွင့်အရေး တောင်းဆိုသည့် ၄၄၈ ဦးကို စက်ရုံမှ အလုပ်ထုတ်လိုက်ပြီး ကူညီဆောင်ရွက်ပေးခဲ့သည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM)မှ ဒေါ်မျိုးမျိုးအေးကို ရာဇသတ်ကြီး ပုဒ်မ ၆၆(ဃ)၊ တရားမနစ်နာ ကြေး(ကျပ်သိန်းပေါင်း ၁ သောင်း ၈ ထောင်ကျော် ရလိုမှု)ဖြင့် စက်ရုံဘက်မှ တရားစွဲ ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၀၂၅ ခု ဇန်နဝါရီ ၂၂ရက်၌ စက်ရုံဘက်မှ အမှုကို ပိတ်သိမ်းလိုက်ရာ တရားရင်ဆိုင်ခဲ့ရသည့် ၇နှစ်ကျော် အတွင်း ထိခိုက်နစ်နာခဲ့ရမှုများအတွက် အလုပ်သမားများနှင့် ဆွေးနွေး၍ ယခုကဲ့သို့ နစ်နာကြေး တောင်းရ ခြင်းဖြစ် ကြောင်း STUM မှ ဒေါ်မျိုးမျိုးအေးက ပြောသည်။
၎င်းက “အမှုကို ပိတ်သွားတာနဲ့တင် ပြီးသွားတာမဟုတ်ဘူး။ ကျမကို ၇ နှစ် ၈ နှစ် စိတ်ဒုက္ခရောက်အောင် လုပ်ထားတဲ့ အတွက်ရယ်၊ အလုပ်သမားတွေအတွက်ရယ် ပြန်လည်တောင်းဆိုတဲ့ တောင်းဆိုမှု ဆက်လုပ်တာပါ။ လုံခြုံရေးအရ အရမ်းကို ထိလွယ်ရှလွယ်တဲ့အချိန်မှာ တရားရုံးကို တလမှာ နှစ်ကြိမ်သွားနေရတာ” ဟု ပြောသည်။
ယခုတောင်းဆိုထားသည့် နစ်နာကြေး ကျပ်သိန်းပေါင်း ၈ သောင်းကျော်မှာ ၂၀၁၇ ခုနှစ်က Honeys အထည်ချုပ် စက်ရုံ ၁ နှင့် ၂ မှ အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၄၄၈ ဦးအတွက် နစ်နာကြေးအပြင် တရားစွဲခံရသည့် STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအတွက် လူမှုရေးနစ်နာကြေး သိန်းပေါင်း သုံးသောင်းခုနစ်ထောင်ကျော်အပါ သိန်းပေါင်း ရှစ်သောင်းကျော် တောင်းဆိုထားခြင်း ဖြစ်သည်။

တောင်းဆိုချက်ထဲတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လိုသည့် အလုပ်သမားများရှိပါက ကြားကာလ နစ်နာကြေး ပေး၍ လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့်ပြုရမည်ဟူသောအချက်လည်း ပါဝင်ကြောင်း သိရသည်။
ဒေါ်မျိုးမျိုးအေးက “ကျမတို့ အခုတောင်းဆိုထားတာ ငွေကြေးပါ။ အလုပ်သမားကတော့ လုပ်ငန်းခွင်ထဲ ပြန်ဝင်ချင်တဲ့ အလုပ်သမားရှိရင် ကြားကာလနစ်နာကြေးပေးပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ဖို့ရယ်၊ မဝင်ဘဲ လျော်ကြေးယူမယ့် အလုပ် သမားအတွက်က လျော်ကြေးရယ်ပေါ့။ ကျမကတော့ ကျမကို သူတို့တောင်းထားတဲ့ ငွေရဲ့နှစ်ဆပါ။ ဒီတောင်းဆိုမှုက အလုပ်သမားတွေနဲ့တွေ့ပြီး တောင်းဆိုထားတဲ့ တောင်းဆိုချက်ပေါ့။ သူတို့ ထုတ်လိုက်တဲ့ အလုပ်သမား အရေအတွက် အလိုက် လျော်ကြေးတောင်းတာပါ” ဟု ပြောသည်။
ထိုသို့ အလုပ်သမားများ နစ်နာကြေးတောင်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ Honeys အထည်ချုပ်စက်ရုံဘက်သို့ အသေး စိတ်မေးမြန်းရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
Honeys စက်ရုံမှ အလုပ်ထုတ်ပယ်ခံခဲ့ရသူတဦးက“ကျမတို့ဆို အခုထိ တခြားစက်ရုံတွေကို အလုပ်လျှောက်လို့ မရ ဘူး။ Honeys ကလို့ ပြောလိုက်တာနဲ့ ဘယ်ကမှ လက်မခံဘူး။ တခြားစက်ရုံထိပါ နာမည်ပျက်စာရင်းသွင်း ထားတာ။ ကျမဆို အခုထိကို အလုပ်မရှိဘူး။ အိမ်အထည်ချုပ်လေးတွေပဲ လိုက်လုပ်နေရတယ်။ သူတို့ စက်ရုံကိုလည်း ပြန်ပေး မဝင်ဘူး။ နစ်နာကြေးတို့ဘာတို့ဆိုလည်း တပြားတချပ်မှ မပေးဘူး။ ဒီတိုင်းပဲ အလုပ်ထုတ်ပစ်ခဲ့တာ။ ကျမဆို အဲ့တုန်း ကတည်းက အကြွေးတင်တာ အခုထိကို မဆပ်နိုင်သေးဘူး။ ကျမထက်ဆိုးတဲ့ လူတွေလည်းရှိတယ်။ ကြုံရာကျပန်း လုပ်နေကြရတာ။ တချို့ဆို နိုင်ငံခြားရောက်ကုန်ကြပြီ။ အခုတောင်းဆိုထားတာက အလုပ်ထုတ်လိုက်တဲ့ကာလ အတွက် နစ်နာကြေးပေါ့။ မျှမျှတတလေးလုပ်ပေးစေ ချင်တယ်။ အခုတောင်းဆိုထားတဲ့ ကြားကာလနစ်နာကြေးက သူတို့အတွက် ဘာမှမပြောပလောက်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါအထည်ချုပ်စက်ရုံ၏ ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ကမာ္ဘလုံးဆိုင်ရာလှုပ်ရှားမှု(Global Campaign) တခု ဖြစ်သည့် Pay Your Workers ကမ်ပိန်းကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ပြုလုပ်နေပြီဖြစ်ရာ ဂျပန်နိုင်ငံ အတွင်း ရှိ သမဂ္ဂများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နယ်သာလန်အခြေစိုက် Clean Clothes Campaign (CCC)ကလည်း ပူးပေါင်းပါဝင်နေကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် Honeys အထည်ချုပ်စက်ရုံ ၃ ရုံရှိပြီး အလုပ်သမားထောင်ကျော်နှင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
လုပ်သားရှားပါး၍ အထည်ချုပ်လုပ်ငန်း အမှာစာသစ် လက်မခံနိုင်
အထည်ချုပ်လုပ်ငန်း ပြိုကွဲပြီး မျှော်လင့်ချက်ကင်းမဲ့မှု မြင့်မား
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ














