ညနေခင်းများတွင် မမေအေးဝင်း (အမည်လွှဲ) သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး လူနေဆိုင်ခန်းများတွင် အငှားကြော်ငြာများကို လိုက်လံရှာဖွေနေသည်။ သူ့ကိုယ်ပိုင် အပ်ချုပ်ဆိုင်ဖွင့်ရန် နေရာရှာနေခြင်းဖြစ်သည်။ ထိုဆိုင်ကို သူ၏ အမည်အရင်းဖြင့် ဖွင့်ချင်လည်း ဖွင့်မည်ဖြစ်သည်။
သူသည် လမ်းမပေါ်တွင် ဖောက်သည်ရှာရင်း သူ့ဆိုင်အကြောင်းကို အမြဲတမ်း စဉ်းစားမိသည်ဟု ပြောသည်။ အချို့က သူ့ကိုအကဲဖြတ်ရန် ခပ်နှေးနှေးသွားကြပြီး သူက အပြုံးဖြင့် တုံ့ပြန်သောအခါ သူ့ထံ ချဉ်းကပ်လာနိုင်ဖွယ်ရှိသည်။
“ကျမက လျှို့ဝှက်ဖို့ သတိထား ကြိုးစားတယ်။ ကျမက လိင်အလုပ်သမဆိုတာ မသိစေချင်ဘူး” ဟု မမေအေးဝင်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအထိ မမေအေးဝင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့စွန်မှ အထည်ချုပ်စက်ရုံတခုတွင် ပိုလီယက်စတား ဂျက်ကက်အင်္ကျီများနှင့် ကုတ်အင်္ကျီများကို လက်တပ်ပေးသည့် အလုပ်လုပ်သည်။
ထိုအထည်များကို ကနေဒါမှ Bestseller ဆိုင်ခွဲများတွင် ရောင်းသည်ဟု သင်္ဘောတင်စာရင်းများအရ သိရသည်။ မြန်မာ တောင်တိုင် အထည်ချုပ် ကုမ္ပဏီလီမိတက်က လုပ်ကိုင်သည့် ထိုစက်ရုံသည် နယူးယောက် အခြေစိုက် Emmanuel Couture ရှပ်အင်္ကျီများနှင့် အခြား အမေရိကန် ကုန်အမှတ်တံဆိပ်တခုဖြစ်သည့် Cozt Casual အတွက်လည်း အင်္ကျီများချုပ်သည်ဟု သင်္ဘောတင်စာရင်းအရ သိရသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သော မမေအေးဝင်းသည် အသက် ၁၇ နှစ်သမီးမှ စတင်ပြီး အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ခဲ့သည်။ ထို ၁၅ နှစ်တာကာလကို သူက “ကျမရဲ့ အရင်ဘဝ” ဟု ရည်ညွှန်းသုံးစွဲတတ်သည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သော မမေအေးဝင်းသည် အသက် ၁၇ နှစ်သမီးမှ စတင်ပြီး အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ခဲ့သည်။ ထို ၁၅ နှစ်တာကာလကို သူက “ကျမရဲ့ အရင်ဘဝ” ဟု ရည်ညွှန်းသုံးစွဲတတ်သည်။
သူ့ဘဝအတွက် အကောင်းဆုံးအချိန်သည် သူ၏ ပထမသမီးကို မွေးဖွားသည့် ၂၀၁၆ ခုနှစ်တွင် စတင်သည်။ သူ့တွင် သမီး နှစ်ယောက်ရှိသည်။ ကမ္ဘာ့ကုန်အမှတ်တံဆိပ်များထံမှ အမှာစာများ မြင့်တက်လာခဲ့ပြီး အချိန်ပိုများစွာ အလုပ်ဆင်းရသည်ဟု ရှင်းပြသည်။
၂၀၂၆ ခုနှစ်တွင် မြန်မာအလုပ်သမား ၁ ဒသမ ၆ သန်းကို အလုပ်ပေးနိုင်မည်ဟု ခန့်မှန်းထားသည့် လျင်မြန်စွာ တိုးချဲ့နေသော အထည်ချုပ်လုပ်ငန်းအတွက် ပထမဆုံး ထိုးနှက်ချက်မှာ ကပ်ရောဂါဖြစ်သည်။
သို့သော် မမေအေးဝင်း ဆက်လက် ရုန်းကန်နိုင်ခဲ့သည်။ “ကိုဗစ်ကာလအတွင်း ကျမအလုပ်ကို ကျမ ဆက်လက် လုပ်နိုင်ခဲ့ပေမယ့် အချိန်ပိုဆင်းရတာတွေကတော့ မရှိတော့ဘူး။ အဲဒီကာလဟာ ခက်ခဲတဲ့အချိန်ဖြစ်ပြီး နောက်တော့ ပိုဆိုးလာတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အရာရာ တစစီပြိုကွဲသွားတယ်” ဟု ပြောပြသည်။
ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အခြား အထည်ချုပ်လုပ်သားများကဲ့သို့ပင် သူကလည်း အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ငွေကြေးဖောင်းပွမှုများသည် သူ့ကို မျှော်လင့်ချက်မဲ့စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ပြောသည်။ “စစ်အာဏာမသိမ်းမီက ဈေးနှုန်းတွေက သင့်တင့်တယ်။ အခု အရာရာက ဈေးပိုကြီးလာပေမယ့် ကျမတို့ လစာတိုးနှုန်းက မလိုက်နိုင်ဘူး” ဟု မမေအေးဝင်းက ပြောသည်။

ငွေကြေးဖောင်းပွမှု မြင့်မားနေ
မအိဝေ (အမည်လွှဲ) သည် အသက် ၁၇ နှစ်သမီးကတည်းက အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်သူဖြစ်သည်။ ယခု အသက် ၃၀ ရှိပြီဖြစ်သော သူသည် မမေအေးဝင်း နောက်ဆုံး အလုပ်လုပ်သော စက်ရုံတွင် လစာ တလလျှင် ကျပ် ၃၆၀,၀၀၀ (ဒေသငွေလွှဲနှုန်းအရ အမေရိကန်ဒေါ်လာ ၈၀ ခန့်) ရသည်။ (ထိုငွေတွင် အချိန်ပိုကြေးနှင့် ရက်မှန်ကြေး ပါဝင်သည်။)
စစ်အာဏာမသိမ်းမီက သူသည် တလလျှင် ကျပ် ၂၄၀,၀၀၀ သာရသော်လည်း ထိုပမာဏသည် သူယခု ရနေသည့် ကျပ် ၃၆၀,၀၀၀ ထက် များစွာ ပိုမို တာသွားသည်။
“စစ်အာဏာမသိမ်းမီက ဘဝကို စီမံလို့ရတယ်။ ဈေးနှုန်းတွေက မျှတပြီး ဝင်ငွေနဲ့ထွက်ငွေ မျှအောင် လုပ်လို့ရပေမယ့် စစ်အာဏာာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ မိုးထိတက်နေတယ်” ဟု ရှင်းပြရင်း စကားပြောစဉ် မအိဝေ ပေါက်ကွဲလာသည်။
“ကြက်ဥတလုံးရဲ့ ဈေးနှုန်းကိုပဲကြည့်” ဟု သူက အော်လုနီးပါး ပြောသည်။ “အရင်က တလုံး ၁၃၀ ပဲရှိပေမယ့် အခုအနည်းဆုံး တလုံး ၄၀၀ ပဲ။ ကြက်ဥတခုတည်း ဈေးတက်တာ မဟုတ်ဘူး။ သွားတိုက်ဆေးကနေ အိမ်လခအထိ အရာရာ ဈေးနှုန်း နှစ်ဆ၊ သုံးဆ တက်တယ်” ဟု ပြောသည်။
“ကြက်ဥတလုံးရဲ့ ဈေးနှုန်းကိုပဲကြည့်” ဟု သူက အော်လုနီးပါး ပြောသည်။ “အရင်က တလုံး ၁၃၀ ပဲရှိပေမယ့် အခုအနည်းဆုံး တလုံး ၄၀၀ ပဲ။ ကြက်ဥတခုတည်း ဈေးတက်တာ မဟုတ်ဘူး။ သွားတိုက်ဆေးကနေ အိမ်လခအထိ အရာရာ ဈေးနှုန်း နှစ်ဆ၊ သုံးဆ တက်တယ်” ဟု ပြောသည်။
မအိဝေက ထိုင်းနယ်စပ်အနီး စက်ရုံတရုံတွင် အလုပ်လုပ်ရန် ကရင်ပြည်နယ်၊ မြဝတီသို့ ပြောင်းရွှေ့ဖို့ မျှော်လင့်ခဲ့သော်လည်း ထိုဒေသတွင် ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများ ဖြစ်ပွားသောအခါ ထိုအစီအစဉ် မအောင်မြင်ပေ။ ယခုအခါ သူသည် ထိုင်းနိုင်ငံတွင် အလုပ်ရရန် ကြိုးစားနေသော်လည်း ပြည်ပအလုပ် ဝန်ဆောင်ခနှင့် သယ်ယူပို့ဆောင်ခများ နှစ်ဆကျော် တက်သွားသည်။
“အခု ရန်ကုန်ကနေ ထိုင်းနယ်စပ်ကို သွားဖို့ ဘတ် ၂ သောင်းကျော် ကျတယ်။ ကျမ ရတာက ကျပ်ငွေနဲ့ ရနေတာ။ ကျပ်ငွေက တန်ဖိုးမရှိတော့ဘူး” ဟုလည်း ပြောသည်။
မြန်မာအထည်ချုပ်စက်ရုံများမှ လုပ်အားခသည် လွန်စွာနိမ့်သောကြောင့် အလုပ်သမားများသည် မိသားစုများကို မထောက်ပံ့နိုင်တော့ကြောင်း၊ ဆင်းရဲနွမ်းပါးသော ကျေးလက်မှ အမျိုးသမီးငယ်များအတွက် နိုင်ငံ၏ အသိအမှတ်ပြု စီးပွားရေးလုပ်ငန်းသို့ ဝင်ရောက်ရန် နည်းလမ်းအနည်းငယ်အနက် တခုဖြစ်သည့် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ထိခိုက်စေနိုင်ကြောင်း စီးပွားရေးပညာရှင် ဂျရက် ဘစ်ဆင်ဂျာက ပြောသည်။
မြန်မာတွင် တနေ့တာ အနိမ့်ဆုံးလုပ်အားခကို တနေ့လျှင် ၄,၈၀၀ ကျပ် သတ်မှတ်ထားသည်မှာ ၂၀၁၈ ခုနှစ်ကပင် ဖြစ်သည်။ ယခင်နှစ်နှင့် ယခုနှစ်တွင် တကြိမ်လျှင် ကျပ် ၁,၀၀၀ စီဖြင့် နှစ်ကြိမ် နေ့စဉ် ခွင့်ပြုငွေ ပေးသော်လည်း ထိုပမာဏသည် ငွေကြေးဖောင်းပွမှုကို လိုက်မမီပေ။ ၂၀၂၀ ပြည့်နှစ်နှင့် လွန်ခဲ့သောနှစ်ကုန်အတွင်း စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းအညွှန်းကိန်း ၈၈ ရာခိုင်နှုန်း ခုန်တက်သည်ဟု ဘစ်ဆင်ဂျာက ခန့်မှန်းသည်။
တချိန်တည်းတွင် သာမန် ထမင်းတနပ် ကုန်ကျစရိတ်သည် ၁၆၀ ရာခိုင်နှုန်း တက်သည်ဟု နိုင်ငံတကာ စားနပ်ရိက္ခာမူဝါဒ သုတေသန အင်စတီကျု (IFPRI) က ဖော်ပြသည်။
မြန်မာရှိ အထည်ချုပ်စက်ရုံများမှ အနိမ့်ဆုံးအခကြေးငွေကို ငွေကြေးဖောင်းပွမှုနှင့် လိုက်မီအောင်ပေးမည်ဆိုပါက ယခုအခါ တနေ့လျှင် ကျပ် ၆,၈၀၀ အစား ကျပ် ၁၂,၀၀၀ ပေးရမည်ဖြစ်သည်ဟု ဘစ်ဆင်ဂျာက တွက်ပြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခြင်း၏ ရိုက်ခတ်မှုကို အထည်ချုပ်လုပ်သားများ အရင်ဆုံး ခံစားရသည်။ နောက်တနှစ်ကြာသောအခါ အလုပ်ရှိနေဆဲဖြစ်သည့် အလုပ်သမားများ၏ ၇၅ ရာခိုင်နှုန်း ဝင်ငွေကျဆင်းကြောင်း ပြောသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အလုပ်လက်ရှိ အထည်စက်ရုံ လုပ်သားများနှင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အထည်ချုပ်စက်ရုံလုပ်သား ၁,၆၀၀ ကို မေးမြန်းသည့် စစ်တမ်းအရ သိရသည်။
အလုပ်လက်ရှိများ၏ သုံးပုံ နှစ်ပုံက ၎င်းတို့၏ စုဆောင်းငွေများအားလုံး ကုန်သွားပြီးဖြစ်ကြောင်း ပြောကြသည်။ ၅၃ ရာခိုင်နှုန်းက အစားအသောက် လျှော့ရကြောင်းပြောပြီး ၂၅ ရာခိုင်နှုန်းက ၎င်းတို့၏ သားသမီးများကို ဝလင်အောင် မကျွေးနိုင်တော့ကြောင်း ပြောသည်။
လိင်လုပ်ငန်း
မမေအေးဝင်းသည် သူ၏ ကလေးများကို ကျွေးမွေးစောင့်ရှောက်ရန် လိင်ဖျော်ဖြေသည့်အလုပ် လုပ်ကိုင်ရခြင်း ဖြစ်သည်။ “ကျမမှာ မျှော်လင့်ချက် အရမ်းမဲ့နေတယ်။ ကျမသမီးတွေအတွက် ကျွေးမွေးဖို့ လိုအပ်နေခဲ့တယ်” ဟု သူက ပြောသည်။
သူ့ကို ထိုလုပ်ငန်းသို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတဦးက မိတ်ဆက်ပေးခဲ့သည်။ ထိုသူငယ်ချင်းက အေးဂျင့်တဦးနှင့် သူ့ကို မိတ်ဆက်ပေးသည်။ ထိုအေးဂျင့်သည် သူနှင့် ဖောက်သည်များ တည်းခိုခန်းများတွင် တွေ့ရန် စီစဉ်ပေးသူ ဖြစ်သည်။ နောက်ရက်သတ္တပတ် အတန်ကြာလာချိန် တည်းခိုခန်းတွင် တွေ့မည့်ဖောက်သည် မရှိသောအခါများတွင် မမေအေးဝင်းသည် ညနေဘက်၌ စံပြဈေးအနီး လမ်းဘေးတွင် လူလုံးပြရသည်။
လိင်လုပ်ငန်းမှ တလလျှင် ၈ သိန်းကျော် (ဒေါ်လာ ၁၈၀ ခန့်) ရနိုင်ကြောင်း သူကပြောသည်။ အခြား လိင်အလုပ်သမများ ယူသောနှုန်းနှင့် အွန်လိုင်းကြော်ငြာများအရ ထိုပမာဏရရန် တညလျှင် ဖောက်သည်အများအပြား လိုအပ်နိုင်သည်။
လိင်လုပ်ငန်းမှ တလလျှင် ၈ သိန်းကျော် (ဒေါ်လာ ၁၈၀ ခန့်) ရနိုင်ကြောင်း သူကပြောသည်။ အခြား လိင်အလုပ်သမများ ယူသောနှုန်းနှင့် အွန်လိုင်းကြော်ငြာများအရ ထိုပမာဏရရန် တညလျှင် ဖောက်သည်အများအပြား လိုအပ်နိုင်သည်။
မမေအေးဝင်း၏ အကျပ်အတည်းသည် ထူးထူးခြားခြား သူတဦးတည်း ရင်ဆိုင်ရသည့် အကျပ်အတည်း မဟုတ်ပေ။ လွန်ခဲ့သောနှစ် နှောင်းပိုင်းမှစတင်ပြီး ၎င်းတို့ဆေးခန်းများသို့လာသူ ထက်ဝက်ခန့်သည် အထည်ချုပ်စက်ရုံ အလုပ်သမားဟောင်းများဖြစ်ကြောင်း ရန်ကုန်မှ လိင်အလုပ်သမများကို ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးခန်းမှ ဝန်ထမ်းများက ပြောသည်။
လိင်အလုပ်သမ တဦးလျှင် ကျပ် ၃,၀၀၀ အထိ လျှော့ချယူသည်ဟု ထိုဆေးခန်းများက ဆေးခန်းဝန်ထမ်းများက ပြောသည်။ ထိုနှုန်းများသည် လူမှုကွန်ရက်ကြော်ငြာများမှ နှုန်းများနှင့် ကိုက်ညီသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် လိင်အလုပ်သမများကို ဖောက်သည်များက အကြမ်းဖက်မှု မြင့်မားလာကြောင်း ဆေးခန်းဝန်ထမ်းများက ပြောသည်။ (ဆေးခန်းဝန်ဆောင်မှုများကို ကာကွယ်ထားရန် ဆေးဝန်ထမ်းများ အမည်နှင့် ဆေးခန်းအမည်များကို တောင်းဆိုမှုအရ ချန်လှပ်ထားပေးပါသည်။)

ဂုဏ်သတင်းထိခိုက်မှု
၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာ့အထည်ပို့ကုန် ၉၀၀ ရာခိုင်နှုန်းကျော် သို့မဟုတ် အမေရိကန် ဒေါ်လာ ဝ ဒသမ ၉ ဘီလီယံမှ ၉ ဒသမ ၂ ဘီလီယံသို့ မြင့်တက်လာကြောင်း Eurocham Myanmar အဖွဲ့၏ စာရင်းအရ သိရသည်။
ထိုသို့ တိုးတက်ရခြင်းမှာ အဓိကအားဖြင့် လုပ်အားခနိမ့်ခြင်း၊ အခွန်မဲ့ခြင်းနှင့် အနောက်တိုင်း ဈေးကွက်များသို့ အခွန်လွတ် တင်ပို့နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
သို့သော် ထိုသို့ လျင်မြန်သော တိုးတက်မှုသည် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအဖြစ် အလုပ်သမားသမဂ္ဂများကို နှိမ်နင်းမှုများဖြင့် အဆုံးသတ်သွားသည်။
သမဂ္ဂကိုယ်စားလှယ်များနှင့် အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများက အထည်ချုပ်လုပ်ငန်းကို မြန်မာတွင် ခွဲဖြန့်ထားရန်နှင့် အနောက်တိုင်းဈေးကွက်များသို့ အခွန်မဲ့ပေးခြင်းကို အဆုံးသတ်ရန် တောင်းဆိုကြသည်။
ဂုဏ်သတင်းထိခိုက်မှုနှင့် ရင်ဆိုင်ရသောကြောင့် အနောက်တိုင်း ကုန်အမှတ်တံဆိပ်အများစု မြန်မာမှ စတင်ထွက်ခွာမည် သို့မဟုတ် ထွက်ခွာမည်ဖြစ်ကြောင်း အနည်းဆုံး ကြေညာကြသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လုပ်ငန်းခွင်အခြေအနေ ပျက်စီးယိုယွင်းလာကြောင်း စက်ရုံအလုပ်သမားများက ပြောသလို အနောက်တိုင်း ကုန်အမှတ်တံဆိပ်များ ထွက်ခွာခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟုလည်း အချို့က ပြောသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် လုပ်ငန်းခွင်အခြေအနေ ပျက်စီးယိုယွင်းလာကြောင်း စက်ရုံအလုပ်သမားများက ပြောသလို အနောက်တိုင်း ကုန်အမှတ်တံဆိပ်များ ထွက်ခွာခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟုလည်း အချို့က ပြောသည်။
“ပွဲဆူအောင် မလုပ်ရဲဘူး” ဟု Eternal Fashion မှ ဝန်ထမ်း မသင်းသင်းအိ (အမည်လွှဲ) က ရှင်းပြသည်။ လှိုင်သာယာမြို့နယ်မှ ထိုစက်ရုံသည် တရုတ် ကလေးဝတ်အထည် ကုန်အမှတ်တံဆိပ် Balabala သို့ ပေးသွင်းခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် သင်္ဘောတင်ပို့မှု အချက်အလက်များအရ သိရသည်။
အခြားစက်ရုံများတွင် သမဂ္ဂများဖွဲ့စည်းရန် စည်းရုံးခြင်းအတွက် အမည်ပျက်စာရင်း သွင်းခံထားရသည့် မသင်းသင်းအိသည် Eternal Fashion တွင် ခပ်လျှိုလျှိုနေသည်။ ထိုစက်ရုံတွင် သမဂ္ဂများကို ပိတ်ပင်ထားပြီး အလုပ်သမားများသည် အလုပ် မပြုတ်ရေးအတွက် အချိန်ပိုဆင်းနေရသည်ဟု ပြောပြသည်။
“စီမံခန့်ခွဲရေးအပိုင်းက ကျမတို့ကို အလုပ်သမားသမဂ္ဂ ထူထောင်ခွင့်မပေးဘူး။ အဲဒါအစား အလုပ်သမားတွေအတွက် ညှိနှိုင်းရေးကော်မတီ ရှိတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေကို စက်ရုံ စီမံခန့်ခွဲတဲ့အပိုင်းကပဲ စိတ်တိုင်းကျ ရွေးချယ်တာ” ဟု သူက ရှင်းပြသည်။ သို့သော်လည်း “ဒီစက်ရုံက အခြားစက်ရုံတချို့ထက်တော့ ပိုကောင်းပါတယ်။ သူတို့က အချိန်မှန် လစာပေးတယ်” ဟုပြောသည်။
သူ၏ဝင်ငွေသည် ဆက်လက် ကျဆင်းနေသော်လည်း ထိုင်းတွင်အလုပ်ရရန် ကုန်ကျစရိတ်သည် ဆက်လက် မြင့်မားနေကြောင်း မအိဝေက ပြောသည်။
အနည်းဆုံး လာမည့်နှစ်လယ်တွင် သူ၏ အပ်ချုပ်ဆိုင်ဖွင့်ရန် လုံလောက်သောငွေ စုမိမည်ဟု မျှော်မှန်းထားပြီး ယခင်က ထိုအပ်ချုပ်ဆိုင်ကို ယခုနှစ်ကုန်တွင် ဖွင့်နိုင်မည်ဟု မမေအေးဝင်းက မျှော်လင့်နေခဲ့သည်။
ယခုအခါ သူသည် ဆက်လက်ပြီး ကြာကြာ တောင့်မထားနိုင်တော့သော်လည်း ဆက်လက် ရုန်းကန်ဦးမည်ဖြစ်ကြောင်း မမေအေးဝင်းက ပြောသည်။ သူ့တွင် ရွေးစရာ မရှိတော့ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Vincent MacIsaac ၏ As Myanmar’s Garment Industry Unravels, Desperation is Rising ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ
မြန်မာ့ အထည်ချုပ်လုပ်ငန်း ပုံမှန်ပြန်ဖြစ်ရန် နှစ်ချီကြာနိုင်ဟုဆို
ဖရိုဖရဲ ရုန်းကန်နေရသည့် အထည်ချုပ်အလုပ်သမားများ
ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်
ILO ရဲ့ အရေးယူမှုကြောင့် နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်လာမယ် (ရုပ်/သံ)