ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် ပန်းပုစက်ရုံ၌ အချိန်ပိုဆင်းရန် ငြင်းသည့် အမျိုးသမီး ဝန်ထမ်း ၂ဦးကို လုပ်ခလစာ အပြည့်မပေးသလို စက်ရုံ ဒါရိုက်တာ ကိုယ်ထိလက်ရောက်ကျူးလွန်သဖြင် အလုပ်သမားများ ဆန္ဒပြနေရာ စက်ရုံက စစ်တပ်နှင့်ပေါင်း၍ ခြိမ်းခြောက်နေကြောင်း သိရသည်။
အလုပ်သမား ၅၀၀ခန့်ရှိ တရုတ်နိုင်ငံသားပိုင် Charis Co., Ltd စက်ရုံ ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်က စက်ရုံမှ ပေးရ မည့် ဆုကြေးမပေး၍ အချိန်ပိုမဆင်းသည့် အမျိုးသမီး ၂ဦးကို တရုတ်နိုင်ငံသား စက်ရုံ ဒါရိုက်တာ Wang Xiao Jun ဆိုသူက ကိုယ်ထိလက်ရောက်ကျူးလွန်ရာမှ နိုဝင်ဘာ ၆ရက်က ဆန္ဒပြမှုများ ဖြစ်လာကြောင်း၊ ယခု အလုပ်ထုတ်ခံရသူ ၅၀ ကျော် ရှိလာပြီး ယနေ့အထိ ပြေလည်မှု မရရှိသေးဘဲ ကျန်အလုပ်သမားများ စက်ရုံရှေ့၌ ဆက်လက် ဆန္ဒပြတောင်း ဆိုနေသည်။
အမည်မဖော်လိုသည့် အလုပ်သမားတဦးက “တောင်းဆိုချက် ၁၈ ချက်ကို တချက်မှမပေးနိုင်ဘူးဆိုတဲ့ ပုံစံဖြစ်နေတယ်။ အခုဆိုရင် လုပ်ငန်းခွင်ထဲမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၅၀ ကျော်ရှိသွားပြီ။ ပထမဦးဆုံး သပိတ်စလုပ်တဲ့ နေ့က ၄ယောက် ထုတ်တယ်။ ၃ရက်မြောက်နေ့မှာ ၉ဦး ထုတ်တယ်။ နောက်ဆုံးအခြေအနေထိဆိုရင် ၅၀ ကျော်ဖြစ်သွား ပြီ။ သပိတ်က ၆ ရက်နေ့ကစတာဆိုတော့ အခုဆိုရင် ၂ ပတ်ရှိနေပြီ။ သပိတ်အင်အားကတော့ တရုံလုံးနီးပါး ဖြစ်နေပြီ။ အခုနောက်ဆုံးဆိုရင် လုပ်ငန်းခွင်ထဲမှာ ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ စက်ရုံတရုံလုံးစာဆိုရင် လူဦးရေက ၅၀၀ လောက်ကို ရှိတယ်” ဟု ပြောသည်။
အလုပ်သမားများက ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသူများကို အလုပ် ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် စသည့်အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ ပြောရေးဆိုခွင့်ရှိသူ မအိက “စက်ရုံက အလုပ်သမား တွေကို ဆူပူလှုံ့ဆော်လို့ဆိုပြီး တရားစွဲမယ် ခြိမ်းခြောက်တယ်။ လက်ရှိ စက်ရုံရဲ့ အပြင်မှာဖြစ်နေတာမို့လို့ စစ်ကားတွေလာ တယ်။ ရဲတွေလာတယ်။ ရပ်ကျေးတွေလာတယ်။ ရဲမှူးဆိုတဲ့လူက တရက်ခြား ၂ရက်ခြားလိုလို လာပြီး ခြိမ်းခြောက်ပြောဆို နေတယ်။ ဆန္ဒပြနေတာကို စာတင်ပေါ့။ စာမတင်ဘူးဆိုရင် မင်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေရှိတယ်။ ငြိမ်းစုစီနဲ့ အရေးယူလို့ရမယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ FGWM က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တို့ကို တိုင်စာပို့ထားကြောင်း သိရသည်။
“ဘယ်လောက် စိုးရိမ်ရလဲဆိုရင် သူတို့လက်ခုပ်ထဲက ရေဖြစ်နေတယ်။ နေရပ်လိပ်စာ၊ ကိုယ်ရေး အချက်အလက် တွေက အစ ပေးရတယ်။ ညှိနှိုင်းဖို့ခေါ်ပြီးတော့ လှိုင်သာယာအနောက်ပိုင်းခရိုင် ထွေအုပ်ရုံးကနေ ကိုယ်ရေး အချက်အလက်တွေ ကောက်သွားတာပဲ။ စက်ရုံရဲ့အရှေ့မှာ သပိတ်ထိုင်နေတာ။ အလုပ်ရှင်တွေက စက်ရုံထဲ အဝင်မခံဘူး။ အခုထိလည်း တောင်းဆိုနေတုန်းပဲ။ နေပူထဲအမိုးအကာမရှိတော့ ဖျားတာနာတာတွေလည်းရှိနေတယ်” ဟု အလုပ်သမားတဦးက ပြောသည်။
တရုတ်နိုင်ငံသားပိုင် Charis Co., Ltd ၏ နိုဝင်ဘာ ၉ ရက် ကြေညာချက်တွင် အလုပ်သမားများသည် အလုပ်သမားစာချုပ် နှင့် စည်းကမ်းများကို ဖောက်ဖျက်သဖြင့် အလုပ်မှ ရပ်နားသည်ဟု ရေးသားထားသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက် ၍ စက်ရုံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
Charis Co., Ltd သည် ၂၀၁၈ ဇွန်တွင် ကုမ္ပဏီမှတ်ပုံတင်ထားပြီး လှိုင်သာယာရှိ စက်ရုံ၌ CMP (လက်ခစားစနစ်)ဖြင့် ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်ကာ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချ နေသော ကုမ္ပဏီ ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကမာ္ဘ့ အလုပ်သမား အဖွဲ့ချုပ် (ILO )၏ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးတွင် စစ်ကောင်စီအား အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် ILO ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရန် အတည်ပြုခဲ့သည်။
You may also like these stories:
စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်
အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို