နိုင်ငံရေးအခြေအနေ ဖရိုဖရဲဖြစ်နေသောကြောင့် နိုင်ငံတကာဖက်ရှင် ကုန်အမှတ်တံဆိပ်များသည် မြန်မာတွင် ဆက်လက် လုပ်ကိုင်မည် သို့မဟုတ် မြန်မာမှ ထွက်ခွာမည်ကို ဆုံးဖြတ်ရမည့် ပြဿနာ ဖြစ်စေကာမူ ရန်ကုန်မှ အထည်ချုပ် စက်ရုံအချို့မှ ထုတ်လုပ်ရေးဌာနများသည် အလုပ်များနေကြသည်။
ဂျပန်မှ ဝယ်ယူသူများအတွက် ဘောင်းဘီများ ချုပ်ပေးရသည့် စက်ရုံတရုံမှ မမြတ်က သူသည် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ တပတ်လျှင် ၆ ရက် လုပ်ရကြောင်း ပြောသည်။ လုံခြုံရေး အခြေအနေကြောင့် သူ၏ အမည်ကို အပြည့်အစုံ မဖော်ပြရန် Straits Times သို့ သူက ပြောသည်။
တနေ့လျှင် ၂ နာရီစာသာ အချိန်ပိုလုပ်အားခရပြီး ထိုထက်ပိုသော အလုပ်များအတွက် ပြီးစီးသည့် အထည်တခုချင်းအပေါ် အခြေခံပြီး ကော်မရှင်ခ ရသည်။
“ကျမတို့ နေ့စဉ် ပြီးစီးရမယ့် အရေအတွက်ကို သူတို့ ကန့်သတ်ထားတယ်။ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်လည်း နောက်ထပ် ခိုင်းတယ်” ဟု လွန်ခဲ့သော လေးနှစ်အတွင်း အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် ထိုအမျိုးသမီးက ပြောသည်။
“စက်ရုံက အချိန်ပိုကြေး မပေးနိုင်ဘူး၊ ဒါပေမယ့် အမှာစာတွေ အရမ်းများနေလို့ ကျမတို့ အချိန်ပို လုပ်ရမယ်လို့ ကြီးကြပ်သူက ပြောတယ်” ဟုလည်း သူက ရှင်းပြသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် သူလစဉ်ရနေသည့် ၂၈၀,၀၀၀ ကျပ်သည် တန်ဖိုးများစွာ ကျဆင်းသွားသည်။
အာဏာမသိမ်းမီက ငွေလဲနှုန်းသည် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁,၃၀၀ သာ ရှိသော်လည်း သြဂုတ်လက ကျပ်ငွေဈေးမှာ အမေရိကန် တဒေါ်လာလျှင် ၃,၉၀၀ ကျပ်အထိ ကျဆင်းသွားသည်။ မြန်မာဗဟိုဘဏ်က ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်းသည် အမေရိကန် တဒေါ်လာလျင် ၂,၁၀၀ ကျပ်သာ ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် သူလစဉ်ရနေသည့် ၂၈၀,၀၀၀ ကျပ်သည် တန်ဖိုးများစွာ ကျဆင်းသွားသည်။
“အာဏာမသိမ်းခင်က တလကို ၂၄၀,၀၀၀ ကျပ်ပဲ ရတာတောင်မှ ငွေစုနိုင်ခဲ့တယ်။ အခုကျတော့ အသုံးစရိတ် ကာမိရုံပဲ ရှိတော့တယ်။ အသိမိတ်ဆွေတွေဆီကနေ ငွေချေးသုံးရတယ်” ဟု မမြတ်က ပြောသည်။
နိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် အဓိကကျသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်ဘဲ အထည်ချုပ်လုပ်ငန်းမှလွဲပြီး အခြားအလုပ် ရွေးစရာ မရှိသလောက်ပင်ဖြစ်ကြောင်း သူကပြောသည်။
စက်တင်ဘာလတွင် ကုန်ဆုံးသည့် နှစ်အတွင်း စီးပွားရေးတိုးတက်မှုသည် ၃ ရာခိုင်နှုန်းသာ ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။
မြန်မာအထည်ချုပ်လုပ်ငန်းသည် ကိုဗစ်နိုင်တင်း ကပ်ရောဂါ မတိုင်မီက လူ ၇ သိန်းကို အလုပ်ပေးထားသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ အထည်ချုပ်လုပ်ငန်း အပါအဝင် မြန်မာ့ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမ ၅ လအတွင်း ၁၁ ရာခိုင်နှုန်း ကျဆင်းသည်ဟု သိရသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ အထည်ချုပ်လုပ်ငန်း အပါအဝင် မြန်မာ့ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမ ၅ လအတွင်း ၁၁ ရာခိုင်နှုန်း ကျဆင်းသည်။
အာဏာသိမ်းပြီးနောက်တွင် Marks & Spencer, Uniqlo ကုန်အမှတ်တံဆိပ် ပိုင်ရှင် Fast Retailing နှင့် ဂျပန်ကုန်အမှတ်တံဆိပ် Muji ပိုင်ရှင် Ryohin Keikaku တို့ကဲ့သို့သော အဓိက ကုန်အမှတ်တံဆိပ်များသည် မြန်မာမှ ဝယ်ယူမှု ရပ်ဆိုင်း သို့မဟုတ် ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။
သြဂုတ်လတွင် ဆွီဒင်လုပ်ငန်းကြီး H&M က မြန်မာမှ တဖြည်းဖြည်း ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဝိရောဓိဖြစ်နေသော အချက်မှာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် မြန်မာသည် အထည်ချုပ်ရန် ဘဏ္ဍာရေးအရ ဆွဲဆောင်မှုရှိသောနေရာဖြစ်နေခြင်းပင်။
သို့သော် စုပေါင်းခုခံမှုများအား ချေမှုန်းရန် ဆုံးဖြတ်ထားသည့် စစ်ကောင်စီက အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုကို သံသယဖြင့် ရှုမြင်နေသောကြောင့် အလုပ်သမားများသည် လုပ်အားခ ပိုမိုရရှိရေး ကြိုးစားခြင်းနှင့် ပတ်သက်ပြီး ပိုမိုစိုးရိမ်နေကြသည်။
Zara ကုန်အမှတ်တံဆိပ် ကဲ့သို့သော ထုတ်ကုန်များ ထုတ်လုပ်သည့် Hosheng Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားနှင့် အလုပ်သမားအခွင့်အရေး ဆော်သြသူ အနည်းဆုံး ၁၀ ဦးသည် လုပ်အားခ ပိုမိုတောင်းဆိုရန် ညှိနှိုင်းမှုဖြင့် ဇွန်လက အဖမ်းခံရသည်။ ၎င်းတို့ကို အစိုးရဆန့်ကျင်မှုနှင့် ဥပဒေနှင့်မညီ အဖွဲ့အစည်း ဖွဲ့စည်းမှုဖြင့် တရားစွဲသော်လည်း စက်တင်ဘာလ ၄ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ မစ္စ ဗစ်ကီဗိုးမင်းက “ဘယ်ကုန်အမှတ်တံဆိပ်ဖြစ်စေ အလုပ်သမားတွေကို အတင်းအကျပ်ခိုင်းဖို့ စစ်တပ်ကို ခေါ်တဲ့ မန်နေဂျာရှိတဲ့ ဘယ်စက်ရုံကမှ မဝယ်သင့်ဘူး။ ဒါပေမယ့် စက်ရုံအများစုက အဲဒီလို မဟုတ်ဘူး” ဟု ပြောသည်။
Straits Times က တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံလုပ်သားများက ၎င်းတို့၏ ပိုမိုမျှတသော လုပ်အားခအတွက် တောင်းဆိုမှုများကို လျှော့ချရန် ဖိအားပေးခံရသည်ဟု ခံစားရကြောင်း ပြောသည်။
အခြားစက်ရုံတရုံမှ လူအချို့ကို စစ်တပ်က ဖမ်းဆီးခံရသည်ကို ကြားရပြီးနောက် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် လစာတိုးပေးရန် တောင်းဆိုခြင်းကို ဇွန်လတွင် တားဆီးခံရကြောင်း ဗြိတိန် ကုန်အမှတ်တံဆိပ်တခုအတွက် ဆွယ်တာများ ထုတ်လုပ်ပေးသည့် ရန်ကုန်စက်ရုံတရုံမှ အလုပ်သမား ကိုယ်စားလှယ် မသွေးက Straits Times သို့ ပြောသည်။
ဒေသခံလုပ်သားများက ၎င်းတို့၏ ပိုမိုမျှတသော လုပ်အားခအတွက် တောင်းဆိုမှုများကို လျှော့ချရန် ဖိအားပေးခံရသည်ဟု ခံစားရကြောင်း ပြောသည်။
မစ္စ ဘိုးမင်းက “ကုမ္ပဏီတွေဟာ အလုပ်သမားတွေကို လုပ်အားခပေးဖို့ ငွေမာတန်ဖိုးကို အမြင့်ဆုံးရအောင် အကောင်းဆုံး အသုံးချနိုင်မယ်လို့ ကျမတို့ ထင်တယ်။ ဒါပေမယ့် သူတို့က အဲဒီကရတဲ့ အကျိုးအမြတ်ကို လုပ်အားခတိုးပေးပြီး အလုပ်သမားတွေကို မမျှဝေဘူး” ဟု မှတ်ချက်ချသည်။
လုပ်အားနှင့် ပတ်ဝန်းကျင် စံနှုန်းများ တိုးတက်ရေး ဥရောပသမဂ္ဂက ရန်ပုံငွေထောက်ပံ့သည့် Smart Factories Program အဖွဲ့ခေါင်းဆောင် မစ္စတာ ဂျက်ကော့ အန်ဒရူး ကလီရီက “မြန်မာကနေ ထွက်ခွာသွားတာကို တာဝန်သိတယ်လို့ မြင်ရခက်တယ်။ အဲဒီလို ထွက်ခွာသွားတာက ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ပြန်လည်ကုစားပေးတဲ့ ရလဒ်မျိုး ဖြစ်ခဲတယ်” ဟု ပြောသည်။
“မြန်မာမှာ ဆက်လက် လုပ်ကိုင်မှသာ အသက်မပြည့်သေးတဲ့ လုပ်အားအမှုတို့၊ လစာမပေးတဲ့ အမှုတို့လို ဒီပြဿနာတွေကို ဖြေရှင်းဖို့ စက်ရုံတွေအပေါ် သြဇာရှိမှာ” ဟုလည်း ၎င်းကပြောသည်။
အလားတူစွာပင် မစ္စ ဘိုးမင်းကလည်း ကမ္ဘာ့ကုန်အမှတ်တံဆိပ်များ အနေဖြင့် မြန်မာတွင် ဆက်လက် လုပ်ကိုင်မည်၊ မလုပ်ကိုင်မည်ဆိုသည့် ကိစ္စသည် ၎င်းတို့၏ စက်ရုံများတွင် လုံလောက်သော တာဝန်ခံမှု ရှိအောင် လုပ်ဆောင်နိုင်၊ မလုပ်ဆောင်နိုင်နှင့် အလုပ်သမားများ စက်ရုံအတွင်း အခွင့်အရေး ချိုးဖောက်ခံရသောအခါ ပြန်လည် ကုစားပေးနိုင်၊ မပေးနိုင်ဆိုသည့် အချက်ပေါ် မူတည်ကြောင်း ပြောသည်။
သို့သော် မြန်မာနိုင်ငံ စက်ရုံလုပ်သားများအဖွဲ့ချုပ် (IWFA) မှ အဝေးရောက် ဥက္ကဋ္ဌ မခိုင်ဇာအောင်က အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များသည် စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက် အရေးယူမှုများကို အမြဲတမ်း ကြောက်လန့်နေရသောကြောင့် ထိုသို့လုပ်ရန် လက်ရှိ အခြေအနေအောက်တွင် မဖြစ်နိုင်သေးကြောင်း ပြောသည်။
“ပြဿနာက လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတယ်။ မြေပြင်မှာ အလုပ်သမားသမဂ္ဂတွေ အပါအဝင် ဘာ ဒီမိုကရက်တစ်အဖွဲ့အစည်းမှ လုပ်ငန်းလည်ပတ်လို့ မရဘူး။ ကုန်အမှတ်တံဆိပ်တွေက စက်ရုံတွေမှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို သိနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
“ပြဿနာက လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတယ်။ မြေပြင်မှာ အလုပ်သမားသမဂ္ဂတွေ အပါအဝင် ဘာ ဒီမိုကရက်တစ်အဖွဲ့အစည်းမှ လုပ်ငန်းလည်ပတ်လို့ မရဘူး။ ကုန်အမှတ်တံဆိပ်တွေက စက်ရုံတွေမှာ ဖြစ်နေတဲ့ အခြေအနေမှန်ကို သိနိုင်မှာ မဟုတ်ဘူး”
ပိုမိုကြီးမားပြီး ပွင့်လင်းမြင်သာသော ဝယ်ယူသူများ ထွက်ခွာသွားသောအခါ လစ်ဟာသွားသော နေရာတွင် အခြားသူများ အလုအယက် ဝင်လာမည်ဖြစ်ကြောင်း အခြားလေ့လာသူများက ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်အမှတ်တံဆိပ် အများအပြား၏ ကမ္ဘာ့ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေကြောင်း မစ္စတာ ကလီရီက Straits Times သို့ ပြောသည်။
ထိုသို့သော ကုမ္ပဏီများအနေဖြင့် ၎င်းတို့ ထွက်ခွာသွားလိုလျှင်ပင် မလွယ်ကူကြောင်းနှင့် ရေရှည် ထုတ်လုပ်ရေး မိတ်ဘက် သို့မဟုတ် ကိုယ်ပိုင်စက်ရုံ ရှိသူများအတွက် ပိုမိုခက်ခဲကြောင်း ၎င်းကပြောသည်။
“ထုတ်လုပ်ရေး မိတ်ဖက်တယောက်ကို မြန်မာမှာ ဒေါ်လာ သန်း ၄၀ တန်တဲ့ စက်ရုံ ဆောက်ခိုင်း၊ အလုပ်သမား ၄,၀၀၀ လောက် ငှားရမ်းလေ့ကျင့်ခိုင်းပြီး နောက်တနှစ်၊ နှစ်နှစ်ကြာရင် တာဝန်သိသိ ထွက်ခွာရမယ်လို့ပြောရင် အရမ်းတာဝန်မဲ့တဲ့ ပုံမျိုးဖြစ်နေတယ်” ဟု မစ္စတာ ကလီရီက ပြောသည်။
“ဒါတွေက အကြီးစား ရင်းနှီးမြှုပ်နှံသူတွေဖြစ်ပြီး သူတို့မြှုပ်နှံထားပြီးသား အရင်းအနှီးတွေကို ဖြစ်စေ၊ လူမှုအသိုက်အဝန်းတခုလုံးကို အလုပ်အကိုင်ပေးဖို့ သူတို့ ကတိကဝတ်ကိုဖြစ်စေ စွန့်လွှတ်ဖို့ မလွယ်ကူဘူး” ဟုလည်း ၎င်းကပြောသည်။
“ဥရောပကို တင်ပို့တဲ့ ပို့ကုန်အချိုးအစား ကျဆင်းတာကို မြင်ရပြီး တရုတ်၊ ဂျပန်နဲ့ တူရကီကို ပို့ကုန်မြင့်တက်လာတာ ကျနော်တို့ တွေ့နေရပြီ”
ကုန်ထုတ်လုပ်သူများသည် အခြားဈေးကွက်များသို့ ခြေဦးလှည့်မည်ဖြစ်ကြောင်း မစ္စတာ ကလီရီက ပြောသည်။
“ဒါကြောင့်မို့လို့ ဥရောပကို တင်ပို့တဲ့ ပို့ကုန်အချိုးအစား ကျဆင်းတာကို မြင်ရပြီး တရုတ်၊ ဂျပန်နဲ့ တူရကီကို ပို့ကုန်မြင့်တက်လာတာ ကျနော်တို့ တွေ့နေရပြီ” ဟုလည်း ပြောသည်။
(The Straits Times ပါ Tan Hui Yee ၏ Myanmar garment workers struggle to survive – and keep up with global orders ကို ဘာသာပြန်သည်။)
အလုပ်သမားများအပေါ် စစ်ကောင်စီ ဖိနှိပ်မှု ရပ်ဆိုင်းရန် ILO တောင်းဆို
လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ
အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ
မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ