ကမာ္ဘ့ကပ်ရောဂါ COVID-19 ကြောင့် ထိခိုက်ခဲ့ရသော မြန်မာ့ အထည်ချုပ်ကဏ္ဍသည် စစ်အာဏာသိမ်းမှု၏ နောက်ဆက် တွဲ ဆိုးကျိုးကိုပါ ခံနေရသဖြင့် ပြန်လည်ထူထောင်ရန် ခက်ခဲနေပြီး စက်ရုံများ ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိရန် နှစ်ချီ ကြာ နိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအဆိုအရ ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုနှင့် စစ်တပ်အာဏာ သိမ်းသဖြင့် ဖြစ်လာသည့် နိုင်ငံရေးအခြေအနေကြောင့် ယာယီနှင့် အပြီးတိုင် ပိတ်သိမ်းလိုက်ရသည့် အထည်ချုပ် စက်ရုံ ပေါင်း ၆၀ နီးပါးအထိရှိကာ အလုပ်လက်မဲ့ လူဦးရေ ၂ သိန်း ကျော်အထိ ရှိကြောင်း သိရသည်။
ပြည်တွင်း အထည်ချုပ် လုပ်ငန်းရှင် တဦးက “အခုကတော့ ဘယ်စက်ရုံမှ အပြည့် လည်ပတ်နိုင်တယ်ဆိုတာ မရှိသေးဘူး။ အများဆုံး လုပ်နိုင်တဲ့ရုံဆိုရင်တောင် ၆၀ ရာခိုင်နှုန်းပဲ ရှိတယ်နောက်ထပ် နှစ်ရာသီ၊ သုံးရာသီလောက် ကောင်းမယ်ဆိုမှ မြန်မာ့အထည်ချုပ် လုပ်ငန်းတွေ နာလန်ထူနိုင်မှာ ဖြစ်တယ်။ အခုကတော့ ကမာ္ဘ့အော်ဒါ အခြေအနေကလည်း သိပ်ပြီး တော့ အဆင်မပြေသေးဘူး။ နောက်လမှာတော့ ပြည်ပအမှာ နွေရာသီဝတ်အပ်ထည်တွေ ရ၊ မရကိုပဲ ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပိတ်သိမ်းစက်ရုံအများစုမှာ ကုန်ကြမ်းရရှိမှု၊ သင်္ဘောတင်မှု အပါအဝင် ကုန်တင်ပို့မှု၊ နယ်စပ်ကုန်သွယ်ရေး အဖွင့်အပိတ်၊ ကိုဗစ်- ၁၉ ရိုက်ခတ်မှုနှင့် နိုင်ငံရေး အခြေအနေများကြောင့် ဖြစ်သည်။
အထည်ချုပ် စက်ရုံပိုင်ရှင် အမျိုးသမီးတဦးက “ကျမတို့ စက်ရုံကတော့ ယာယီ ပိတ်သိမ်းထားရတယ်။ ဘယ်အချိန်ပြန်ဖွင့် မလဲ မသိသေးဘူး။ အခြေအနေကတော့ ပြောရ ခက်တယ်” ဟု ပြောသည်။
အစောပိုင်းကာလ ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်သားအင်အား လျှော့ချခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ ပစ္စည်းအမှာများ ဖျက်သိမ်းခဲ့သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ထွက်ခွာခြင်း၊ ဘဏ်စနစ် ယိုယွင်းပြီး ငွေကြေး မလည်ပတ်နိုင်ခြင်းကြောင့် နောက်ပိုင်း စက်ရုံများ ပိတ်သိမ်းသည်အထိ ဖြစ်လာကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထည်ချုပ်လုပ်ငန်း အပ်ထည် အမှာများက မြန်မာနိုင်ငံမှ ဗီယက်နမ်၊ လာအို၊ ကမော္ဘဒီးယား၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံများသို့ ရွေ့သွားသည်များလည်း ရှိကြောင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောသည်။
အထည်ချုပ်လုပ်ငန်းများသည် ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးရရှိထားသည့် လုပ်ငန်းများဖြစ်ပြီး ယခု အခါ အလုပ်သမားများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် အလုပ်သမား သမဂ္ဂဝင်များအပေါ် ဆိုးရွားလှသော အခွင့် အရေး ချိုးဖေါက်မှုများဖြစ်ပေါ်နေသဖြင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် ကုန်သွယ်ရေး အထူးအခွင့်အရေးကို ပြန်ရုပ်ဖို့ ဥရောပအခြေစိုက် IndustriALL Global Union နှင့် IndustriAll European Trade Union အလုပ်သမား သမဂ္ဂများက တောင်းဆိုနေသည်။
အကယ်၍ ဥရောပသမဂ္ဂမှ ကုန်သွယ်ရေး အထူးအခွင့်အရေးများ ပြန်လည် ရုပ်သိမ်းပါက အထည်ချုပ်လုပ်ငန်းများ၏ အခြေအနေမှာ ပိုမိုယိမ်းယိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ (ILO) အလုပ်သမားအဖွဲ့ချုပ်၏ စာရင်းအရ ၂၀၁၉ ခုနှစ်က မြန်မာ့ အထည်ချုပ် လုပ်ငန်း၏ ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနှင့် မြန်မာ့ပို့ကုန်အားလုံးထဲမှ ၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ယခုအချိန်တွင် ရာခိုင်နှုန်းများစွာ ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် စက်မှုဇုန် လုပ်ငန်းများတွင် လုပ်သားများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ပေးနိုင်သည့် အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခြင်းကြောင့်လည်း အခြေခံ ပြည်သူများအတွက် စားဝတ်နေရေး ခက်ခဲလာသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရသည်။
ရန်ကုန်တိုင်းတွင် စက်မှုဇုန်ပေါင်း ၂၉ ခုပြီး အထည်ချုပ်စက်ရုံလုပ်ကိုင်သူများအနက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင်ထားသည့် လုပ်ငန်းရှင်ပေါင်း ၆၀၀ ကျော်ရှိပြီး ပိတ်သိမ်းလိုက်ရသည့် စက်ရုံမှာ အာဏာ မသိမ်းခင် ကိုဗစ်ကာလနှင့် အာဏာသိမ်းပြီး နောက်ပိုင်း ရုံပေါင်း ၃၀၀ နီးပါးရှိသဖြင့် အများအပြား ပိတ်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း
ကုန်သွယ်ရေး အထူးအခွင့်အရေး မြန်မာအား ရုတ်သိမ်းရန် EU ကို အလုပ်သမားသမဂ္ဂများ တောင်းဆို
အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု များလာ
အာဏာသိမ်းပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်၌ ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ နီးပါးရှိလာ