၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီက ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချလိုက်သောအခါ ထိုအာဏာသိမ်းမှုကို တရုတ်က “အစိုးရအဖွဲ့အတွင်း အဓိကကျသည့် အပြောင်းအလဲ” ဟု ခေါ်သည်။ ထိုသွေးချောင်းစီး အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်လာသောအခါ လူထောင်ပေါင်းများစွာ သေဆုံးပြီး လူ ၂ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ ဗိုလ်ချုပ်များက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်မားနေသော်လည်း တရုတ်သည် စစ်ဗိုလ်ချုပ်များဘက်က ရပ်တည်သည်။
မြန်မာစစ်တပ်ကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများသည် “တင်းမာမှုများကို ပိုမိုမြင့်မားစေသည်” ဟု တရုတ်က ပြစ်တင်ရှုတ်ချသည်။ မြန်မာ၏ အကြီးမားဆုံး ကုန်သွယ်ဖက်အနေဖြင့် တရုတ်သည် မြန်မာစစ်ကောင်စီကို လက်နက် ဒေါ်လာ သန်း ၂၅၀ ကျော်ဖိုးရောင်းသည်။ သို့သော် အောက်တိုဘာလ နှောင်းပိုင်းတွင် စစ်ဖြစ်နေသော မြန်မာမှ ၎င်းတို့ အကျိုးစီးပွားများကို ပြန်လည် သုံးသပ်လာပုံရသည်။
ထိုအချက်ကို တရုတ်လုံခြုံရေးဌာနများနှင့် အချိတ်အဆက်ရှိသော ညီနောင်မဟာမိတ် သုံးဖွဲ့ဟုခေါ်သည့် တိုင်းရင်းသားမဟာမိတ်များက မြန်မာနိုင်ငံမြောက်ပိုင်းတွင် အဓိကကျသည့် ထိုးစစ်ဆင်လိုက်သောအခါ တွေ့မြင်ရသည်။ တရုတ်သြဇာ အဝန်းအဝိုင်းဟု အလွတ်သဘော သတ်မှတ်ထားသည့် ထိန်းချုပ်ရန် ခက်ခဲသော တောတောင်ထူထပ်သည့် တရုတ်နယ်စပ် အခြေစိုက် ထိုမဟာမိတ်အဖွဲ့သည် စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှု အလျင်အမြန် ဖြစ်လာသည်။
မြန်မာ့ရေးရာ သုတေသီများ၏ အဆိုအရ တရုတ်က တားဆီးခြင်းမရှိဘဲ အတန်အသင့် အကူအညီဖြင့် ထိုမဟာမိတ်အဖွဲ့သည် စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပြီး တရုတ်နှင့် ကုန်သွယ်ရေးအတွက် အရေးပါသည့် နယ်စပ်ဂိတ် လေးခုကို သိမ်းပိုက်သည်ဟု ဖော်ပြကြသည်။
ထိုအောင်မြင်မှုကြောင့် စိတ်အားတက်ကြွပြီး ပိုမိုရှုပ်ထွေးလာသော စစ်မီးမှ တိုင်းရင်းသားနှင့် နိုင်ငံရေးအဖွဲ့စုံပါသည့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အများအပြားက တိုက်ခိုက်မှု နှစ်ဆတိုးလုပ်ဆောင်ပြီး နိုင်ငံ၏ ၃ ပုံ ၂ ပုံတွင် ပဋိပက္ခကျယ်ပြန့်လာစေသည်ဟု ကုလသမဂ္ဂက ပြောသည်။
တရုတ်သြဇာ အဝန်းအဝိုင်းဟု အလွတ်သဘော သတ်မှတ်ထားသည့် ထိန်းချုပ်ရန် ခက်ခဲသော တောတောင်ထူထပ်သည့် တရုတ်နယ်စပ် အခြေစိုက် မဟာမိတ်အဖွဲ့သည် စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှု အလျင်အမြန် ဖြစ်လာသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သောကြောင့် ၁၀၂၇ စစ်ဆင်ရေးဟုခေါ်သည့် ထိုးစစ်စတင်ပြီးနောက် လူသိန်းချီ နေရပ်စွန့်ခွာထွက်ပြေးရသည်။ ၎င်းတို့၏ ရည်မှန်းချက်များအနက် တခုမှာ မြန်မာ-တရုတ်နယ်စပ်တွင် လွန်ခဲ့သော သုံးနှစ်ကျော်အတွင်း ပေါ်ပေါက်လာသည့် အွန်လိုင်း ငွေကြေးလိမ်လည်မှုကွန်ရက်ကို အမြစ်ဖြတ် သုတ်သင်ရန်ဖြစ်ကြောင်း ညီနောင်မဟာမိတ်များက ကြေညာသည်။
တရုတ်နိုင်ငံ၏ အဓိက လုံခြုံရေး စိုးရိမ်ပူပန်စရာဖြစ်သည့် ထိုလုပ်ငန်းများသည် တရုတ်အများအပြား ပါဝင်သည့် အလုပ်သမား ၁၂၀,၀၀၀ ကို လူမှောင်ခိုကူးသည့် အမှုများနောက်ကွယ်တွင် ပတ်သက်နေပြီး နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိစေသည်။ ထိုငွေအများစုကို တရုတ်လူထုထံမှ လိမ်လည်ယူခြင်းဖြစ်သည်။
နိုဝင်ဘာလရောက်သောအခါ တရုတ်သည် ထိုပဋိပက္ခတွင် ဘက်ပြောင်းလိုက်ပြီး စစ်ကောင်စီအတွက် ရက်များသည် ရေတွက်၍ ရနိုင်တော့မည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်လာသည်။ ထိုကိစ္စကို မကျေနပ်သည့်အနေဖြင့် ဗိုလ်ချုပ်များက ၎င်းတို့ကို ထောက်ခံသူများအား မြို့ကြီးအများအပြားတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရှားရှားပါးပါး ပြုလုပ်ခွင့်ပေးလိုက်သည်။
ထိုအချိန်မှ စတင်ပြီး တရုတ်သည် စစ်ကောင်စီကို အာမခံချက်ပေးရန် လုပ်ဆောင်သည်။ တရုတ်သည် မြန်မာစစ်သင်္ဘောများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သည်။ ဒီဇင်ဘာလ အစောပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဘေဂျင်းတွင် တွေ့ဆုံသည်။ ထို့နောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ ရောက်သောအခါ တရုတ်က ၎င်းတို့သည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ယာယီ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးသည်ဟု ကြေညာသည်။
ထိုသို့လုပ်ခြင်းသည် ကိုယ်ကျိုးစီးပွားကို ဖော်ပြနေပြီး မြန်မာပြည်သူ ၅၄ သန်းနှင့် ဆန့်ကျင်နေသည်။ ထိုနည်းလမ်းသည် တရုတ်က မြန်မာကို ဆက်ဆံသည့် နည်းလမ်းသာဖြစ်သည်။ ထိုနည်းလမ်းသည် စီးပွားရေးအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ အနောက်ဒီမိုကရက်များထံ လမ်းချော်မသွားရေးဆိုသည့် တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် ကာလတို လုံခြုံရေး စိုးရိမ်မှုများကိုသာ ဖော်ပြနေသည်။
အိန္ဒိယနှင့် ရုရှားတို့သည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံကြသော်လည်း တရုတ်သည် မြန်မာနှင့် စီးပွားရေးအရ အနက်ရှိုင်းဆုံး ဆက်ဆံသည်။ ပြည်တွင်းစစ် ဖြစ်နေသော်လည်း တရုတ်သည် အိန္ဒိယသမုဒ္ဒရာကို အသုံးချနိုင်ရန်အတွက် မြန်မာတွင် လမ်းများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများနှင့် ဆိပ်ကမ်းများ ဆက်လက် တည်ဆောက်ရန် တွန်းအားပေးနေသည်။ ထိုလမ်းကြောင်းသည် တရုတ်သို့ ရေကြောင်းကုန်သွယ်မှု အများဆုံး ဝင်ရောက်သည့် မလက္ကာရေလက်ကြားကို အစားထိုးရန် လမ်းကြောင်းဖြစ်သည်ဟု တရုတ်ကမြင်သည်။
ထိုနည်းလမ်းသည် စီးပွားရေးအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ အနောက်ဒီမိုကရက်များထံ လမ်းချော်မသွားရေးဆိုသည့် တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် ကာလတို လုံခြုံရေး စိုးရိမ်မှုများကိုသာ ဖော်ပြနေသည်။
တရုတ်သည် ထိုရည်မှန်းချက်ကြီးသော စီမံကိန်းအတွက် ဒေါ်လာ ၃၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသည်။ သို့သော် အိန္ဒိယက မြန်မာနှင့် အရှေ့မြောက် အိန္ဒိယကို ဆက်သွယ်သည့်လမ်းအတွက် ဒေါ်လာ သန်း ၅၅၀ သာမြှုပ်နှံရန် စီစဉ်ထားသည်။
တရုတ်သည် ရေရှည်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာဒီမိုကရက်များကို မုန်းတီးမှုကြောင့် မြန်မာတွင် လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလအများစုတွင် အာဏာချုပ်ကိုင်ထားသည့် မြန်မာစစ်တပ်၏ ခိုင်မာသော မဟာမိတ်ဖြစ်နေသည်။ သို့သော် မြန်မာမှ တရုတ်၏ လုံခြုံရေး အကျိုးစီးပွားသည် ဗျူဟာအရ ပိုမို အရေးပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှ စတင်ပြီး မြန်မာအစိုးရသည် တောတောင်ထူသော နယ်စပ်ဒေသများကို မထိန်းချုပ်နိုင်ပေ။ ထိုကြောင့် တရုတ်သည် နှစ်နိုင်ငံနယ်စပ် ကီလိုမီတာ ၂,၀၀၀ (၁,၂၅၀ မိုင်) တလျှောက်မှ ဖြတ်ကျော်လာမည့် မလုံခြုံမှုကို စိုးရိမ်ပူပန်သည်။ ထိုမလုံခြုံမှုသည် နယ်စပ်ကို ဖြတ်ကျော်သည့် တရုတ်၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို အန္တရာယ်ကျရောက်စေပြီး ဒုက္ခသည်၊ မူးယစ်ဆေးနှင့် အခြားမှောင်ခိုများကို တရုတ်ပြည်သို့ ဝင်ရောက်စေသည်။ အွန်လိုင်းငွေကြေးလိမ်လည်မှုများသည် ယခုအချိန် နောက်ဆုံးပေါ်ပေါက်လာသည့် စိုးရိမ်ပူပန်မှုဖြစ်သည်။
ရာဇဝတ်မှုများ၏ ကြီးမားလှသော အတိုင်းအတာနှင့် ထိုရာဇဝတ်မှုများတွင် တရုတ်များက သားကောင်အဖြစ်သာမက ကျူးလွန်သူများအဖြစ်ပါ ပါဝင်ပတ်သက်မှုများကြောင့် ထိုကိစ္စသည် တရုတ်နိုင်ငံခြားရေးမူဝါဒ ဦးစားပေးဖြစ်လာသည်။ ငွေကြေးလိမ်လည်သည့် လုပ်ငန်းကို ဖြိုခွင်းရန် စစ်ကောင်စီကို တောင်းဆိုရေးအတွက် မေလတွင် ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း မြန်မာသို့ ရောက်လာသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များသည် တရုတ်လက်ဝေခံ အတိအလင်း မဟုတ်ကြပေ။ ၎င်းတို့သည် နယ်မြေရရေး အပါအဝင် ကိုယ်ကျိုးစီးပွားများကို ရှေ့တန်းတင်ပြီး မြန်မာမှ ပိုမိုဖွဲ့စည်းမှု ကောင်းလာသည့် ဒီမိုကရေစီအုပ်စုကဲ့သို့သော တရုတ်နှင့် ရင်းနှီးမှု နည်းသည့်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကြသည်။
ထိုစဉ်က တရုတ်လူမျိုး သောင်းပေါင်းများစွာကို မြန်မာသို့ လူမှောင်ခိုကူးထားပြီး ချွေးတပ်စခန်းပုံစံ ခြံဝင်းများတွင် ဖမ်းဆီးထားကာ လိမ်လည်သည့် အချစ်ဇာတ်လမ်းများ၊ ရင်းနှီးမြှုပ်နှံမှုများဖြင့် အွန်လိုင်းမှ လိမ်လည်ခိုင်းသည်။ ထိုသို့ မလုပ်သူများကို ညှဉ်းပန်းနှိပ်စက်သည်၊ သတ်ဖြတ်သည်။ စွမ်းဆောင်ရည်လည်းမရှိ ထိုလိမ်လည်သူများထံမှ ငွေကြေးလည်း ရယူနေသည်ဟု ယူဆရသော မြန်မာစစ်တပ်သည် ထိုသူများကို မတားဆီးပေ။
ထို့ကြောင့် တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင်များကို အားကိုးသည်။ ထိုအဖွဲ့တဖွဲ့မှာ တရုတ်လူမျိုးစု အများစု ပါဝင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဖြစ်သည်။ ထိုတပ်ဖွဲ့မှ အများအပြားသည် မန်ဒရင်း တရုတ်ဘာသာစကားကိုသာ ပြောဆိုကြသည်။
ထိုတိုင်းရင်းသားလက်နက်ကိုင်တပ်များသည် တရုတ်လက်ဝေခံ အတိအလင်း မဟုတ်ကြပေ။ ၎င်းတို့သည် နယ်မြေရရေး အပါအဝင် ကိုယ်ကျိုးစီးပွားများကို ရှေ့တန်းတင်ပြီး မြန်မာမှ ပိုမိုဖွဲ့စည်းမှု ကောင်းလာသည့် ဒီမိုကရေစီအုပ်စုကဲ့သို့သော တရုတ်နှင့် ရင်းနှီးမှု နည်းသည့်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကြသည်။ သို့သော် တရုတ်က ထိုအဖွဲ့များကို အချိန်မှန်မှန် ကြိုးဆွဲနေပြီး မကြာသေးမီက ထိုးစစ်သည် ထောက်ပြရမည့် ကိစ္စတခုဖြစ်လာသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင်များ ရှေ့တန်းရောက်လာခြင်းကို အသုံးချပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငွေကြေးလိမ်လည်မှုလုပ်နေသည့် ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို ဖမ်းဝရမ်း ထုတ်သည်။ နောက် လေးရက်ကြာသောအခါ ၎င်း၏ ရည်မှန်းချက် အောင်မြင်သောကြောင့် ကျေနပ်ပြီး အပစ်အခတ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်သည်။
ယခုအခါ တရုတ်သည် မြန်မာမှ လေဆိပ်များ၊ မြို့တော်နေပြည်တော် အပါအဝင် မြို့ကြီးများကို ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်ကောင်စီနှင့် ပြန်လည် အဆင်ပြေနေသည်။ အနောက်နိုင်ငံများမှ အရေးယူပိတ်ဆို့မှုများ ရှိသော်လည်း စစ်ကောင်စီသည် တရုတ်နှင့်ရုရှားမှ တိုက်လေယာဉ်များ ဝယ်ယူကာ ၎င်းတို့၏ ရန်သူများ ထိန်းချုပ်ထားသည့်ဒေသများမှ အရပ်သားများကို သိမ်းကျုံး ဗုံးကြဲသည်။
တရုတ်သည် မြန်မာမှ စစ်ဗိုလ်ချုပ်များကို ယေဘုယျအားဖြင့် ထောက်ခံသည်။ တခါတရံ ဆန့်ကျင်ဘက် ရန်သူများကို အားပေးသည်။ ထိုသွေးခွဲအုပ်ချုပ်ရေးသည် မြန်မာမှ ကပ်ဆိုးအတွက် တာဝန်ယူမှု မဟုတ်ပေ။ ထိုကပ်ဆိုးကို ပိုမိုဆိုးရွားအောင်သာ လုပ်နိုင်သည်။
(The Economist ပါ China is backing opposing sides in Myanmar’s civil war ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား
ရှမ်းမြောက်စစ်ပွဲ အပစ်ရပ်သတဲ့လား
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို
စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား