မြောက်ဘက် ချင်းတောင်တန်းများဆီမှ တောင်ဘက်သို့ စီးဆင်းသည့် မုန်းချောင်းသည် စေတုတ္တရာရောက်သော် အနောက်မှအရှေ့သို့ ကွေ့ဝိုက်စီးဆင်းပြီး ရေနံချောင်းအောက်ဘက် ကုန်းသောင်ရွာဘေးတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။
စေတုတ္တရာမှစ၍ မုန်းချောင်းအားပိတ်ဆို့ပြီး ရေတမံများ၊ ရေအားလျှပ်စစ်များ တည်ဆောက်ထား၏။ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များအတွင်း မြေပြန့်ရှိရာ မုန်းချောင်းတလျှောက် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိ၏။ ဤသို့ လူသူစည်ကားပြီး လူသိများသည့် မုန်းချောင်း၏ အစိတ်အပိုင်းထက် ချင်းတောင်တန်းထက်မှ မုန်းချောင်းက ပိုမိုရှည်လျားသည်။ မုန်းချောင်းသည် ၁၉၆ မိုင်ခန့် ရှည်လျားရာ မိုင် ၁၀၀ ကျော် အများစုမှာ ချင်းတောင်တန်းပေါ်တွင် ဖြစ်၏။
မုန်းချောင်းသည် ရေဇွာအရှေ့ဘက် မြင့်မားသည့် ချင်းတောင်တန်းများအား မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းလာသည်။ မတူပီနှင့် မင်းတပ်ကြားမှဖြတ်၍ ခေါနူသုမ်တောင်၏ အနောက်ဘက်မှ ဆက်လက် စီးဆင်းပြီး စေတုတ္တရာသို့ရောက်မှ ချင်းတောင်ခြေသို့ ရောက်ပြီး မြေပြန့်သို့ ဆက်လက် စီးဆင်းသည်။ ချင်းတောင်တန်းပေါ်တွင် မုန်းချောင်းအား ချင်းတို့က ဟောလုံဟု ခေါ်ကြသည်ဟု သိရ၏။ ရှည်လျားပြီး ချောင်းလက်တက် များပြား၍ မုန်းမြစ်ဟုလည်း ခေါ်ကြ၏။
ချင်းတောင်တန်းပေါ်တွင် စီးဆင်းသည့် မုန်းချောင်းဘေးတွင် မြေပြန့်မရှိပေ။ မြင့်မားသည့် ချင်းတောင်တန်းများသာ ရှိ၏။ မုန်းချောင်းဘေး၊ ချင်းတောင်တန်းဘေး တောင်ကြောများတွင်လည်း ချင်းရွာများ ရှိကြ၏။ သို့သော် တောင်တန်းဒေသဖြစ်၍ မြေပြန့်ကဲ့သို့ ရွာများ မစိပ်လှပေ။ မုန်းချောင်းဘေး တောင်ထိပ်တွင် ရွာတည်ကြသည်ဖြစ်ရာ ချောင်းကို မြင်ရသော်လည်း ရေသောက်၍မရဟု ဆိုကြလေ့ရှိ၏။
ကျင်ဒွေးမြို့
ကျင်ဒွေးမြို့သည် မုန်းချောင်းဘေး ချင်းတောင်တန်းပေါ်က ရွာကြီးတရွာဖြစ်၏။ ကျင်ဒွေး၏ မြောက်ဘက်ယွန်းယွန်း မိုင် ၂၀ ခန့်အကွာတွင် ခေါ်နူသုမ်တောင်ရှိပြီး ကျင်ဒွေး၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် ကန်ပက်လက်ရှိ၏။ ကျင်းဒွေး၏ အရှေ့ဘက်ယွန်းယွန်း မိုင် ၂၀ ခန့်တွင် လောင်းရှည်ရှိပြီး လောင်းရှည်၊ ကန်ပက်လက်တို့နှင့် ကားလမ်းပေါက်သည်။ လောင်းရှည်သည် ယောနယ်၊ ဆောမြို့ တောင်ဘက်တွင် ရှိ၏။
ကျင်ဒွေးသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းတွင် ရှိ၏။ ၁၉၇၀ ပြည့်နှစ်ခန့်တွင် မြို့အဆင့်သတ်မှတ်ထားရာမှ ၁၉၇၄ အခြေခံဥပဒေ ထွက်သောအခါ ရွာအဆင့် လျှော့ချသတ်မှတ်ခံရ၏။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ဖြင့် ကျင်ဒွေးကျေးရွာအုပ်စုရှိ ကျင်ဒွေးရွာ၊ ဟုတ်ပုံကျင်းရွာ၊ ဖုံးတွီကျင်းရွာနှင့် ဖာဖုတ်ရွာတို့ကို ပေါင်းစည်း၍ မြို့အဆင့်သို့ ပြန်လည်တိုးမြှင့်သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ကျင်ဒွေးမြို့ဖွင့်ပွဲကို ပြုလုပ်ခဲ့သည်ဟု သိရ၏။
ကျင်ဒွေးသည် ချင်းပြည်နယ်၏ တောင်ဘက်ဆုံးတွင်ရှိပြီး အနောက်ဘက်နှင့် တောင်ဘက်တွင် ရခိုင်ပြည်နယ် ရှိသည်။ ကျင်ဒွေး၏ အနောက်ဘက်တည့်တည့်တွင် လေးမြို့မြစ်ရှိ၏။ သို့သော် ကျင်ဒွေးမှ ရခိုင်သို့ လမ်းဖောက်လုပ်သည်ကို မတွေ့ရပါ။ ကျင်ဒွေးအတွက် တခုတည်းသော ကားလမ်းမှာ ကန်ပက်လက်နှင့် ယောနယ် လောင်းရှည်မှ ဖြစ်၏။ လောင်းရှည်သို့ လမ်းပိုသင့်၏။ တကယ်တမ်းတွင် ကျင်ဒွေးသည် ချင်းတောင်တန်းနှင့် ရခိုင်ရိုးမအစပ်ရှိ တောင်ကြောပေါ်မှ သွားရေးလာရေးခက်ခဲသည့် နေရာတခုဖြစ်သည်။ ချောင်ကျပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသဖြစ်၏။ နေထိုင်သည့် လူဦးရေလည်း နည်းပါးသည်။
ကျင်ဒွေးသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းတွင် ရှိ၏။ ၁၉၇၀ ပြည့်နှစ်ခန့်တွင် မြို့အဆင့်သတ်မှတ်ထားရာမှ ၁၉၇၄ အခြေခံဥပဒေ ထွက်သောအခါ ရွာအဆင့် လျှော့ချသတ်မှတ်ခံရ၏။
ဆိုရလျှင် ကျင်ဒွေးသည် ချင်းပြည်နယ်တောင်ဘက်စွန်း အလွန်ခေါင်သည်ဟု ဆိုရမည့်နေရာဖြစ်၏။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၏။ ချင်းပြည်နယ် အလည်အပတ်ခရီးသွားသူများသည် ပလက်ဝနှင့် ခေါနူသုမ်တောင်သို့ ရောက်လေ့ရှိကြသော်လည်း ကျင်ဒွေးသို့ ရောက်လေ့မရှိကြပါ။ ကျင်ဒွေးသည် ဖားကန့်ကဲ့သို့ ကျောက်စိမ်းတွင်းများ မရှိပါ။ လောက်ကိုင်ကဲ့သို့ ငွေလိမ်ဂိုဏ်းများဖြင့် စည်းကားခြင်းလည်း မရှိပါ။ မြဝတီကဲ့သို့ ပမာဏကြီးမားသည့် နယ်စပ်ကုန်သွယ်ရေးလည်း မရှိပါ။
ထို့သို့ချောင်ကျပြီး လူသိနည်းသည့်၊ သာမန်အားဖြင့် စီးပွားရေးအကျိုးအမြတ်မရှိနိုင်သည့် ကျင်ဒွေးတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုအချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး နှစ်ဖက် တပ်အင်အားများ ဖြည့်တင်းသည်ကိုလည်း တွေ့ရ၏။
ကျင်ဒွေးတိုက်ပွဲ
ထိုသွားရေးလာရေးခက်ခဲသော ကျင်ဒွေးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲကြီးတခု ၂၀၂၃ ခုနှစ်ကုန်ကတည်းက စတင်ဖြစ်ပွားနေပြီး ကျင်ဒွေးမြို့ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းကာ လေကြောင်းဖြင့် တိုက်ခိုက်နေသော်လည်း မြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်များနှင့် PDF တပ်တို့ ပူးပေါင်းပြီး တိုက်ပွဲ စတင် ဖော်ဆောင်ခဲ့ရာ စခန်းရလုနီးပါးအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ စစ်ကူတပ်အင်အား ထပ်မံဖြည့်တင်းခြင်းများ လုပ်ဆောင်လာသဖြင့် အနည်းငယ် နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။ ကျင်ဒွေးမြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များစွာ ပျက်စီးခဲ့သကဲ့သို့ အရပ်သားထိခိုက်မှုများလည်း ရှိခဲ့သည်ဟု သိရ၏။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ထပ်မံ၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ရာ ကျင်ဒွေးမြို့နှင့် ၁ ကီလိုမီတာ အကွာ အရှေ့ဘက် ကားလမ်းအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် မြို့ကို ပတ်လည်ပိတ်ဆို့ တိုက်ခိုက်နေစဉ် မတ်လ ၂၃ ရက်နေ့၌ မြို့၏အရှေ့မြောက်ဘက် ၈ ကီလိုမီတာ အကွာသို့ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် နှစ်စင်းဖြင့် ခြောက်ကြိမ်တိုင် စစ်သား ၁ဝဝ ကျော် ထပ်မံဖြည့်တင်းကာ တပ်ကူအဖြစ် ရောက်လာသဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မတ်လ ၂၇ ရက်နေ့အထိ ကျင်ဒွေး-ကန်ပက်လက်၊ ကျင်ဒွေး-လောင်းရှည်လမ်းဆုံတို့၌ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ပူးပေါင်းတပ်များနှင့် PDF တပ်တို့ ပူးပေါင်းပြီး တိုက်ပွဲ စတင် ဖော်ဆောင်ခဲ့သည်။
ကျင်ဒွေးမြို့ပေါ်ရှိ စစ်သားများနှင့် တပ်ကူရောက်လာသည့် စစ်သားများရှိရာ နှစ်နေရာစလုံးကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် အဆက်မပြတ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း ချင်းညီနောင်စစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၃၁ ရက်နေ့တွင် တပ်ကူရောက်လာသည့် စစ်သားများမှာ လောင်းရှည် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျင်ဒွေးမြို့တွင်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်ခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဘက်မှ အင်အားထပ်မံဖြည့်တင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တန်ပြန် ပစ်ခတ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ကျင်ဒွေးမြို့၏ အနောက်တောင်ဘက် ၅ ကီလိုမီတာအကွာ၌ စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စင်းဖြင့် ရှစ်ကြိမ်အသုံးပြုပြီး စစ်သား ၁၆ဝ ကျော်ကို ထပ်မံဖြည့်တင်းခဲ့သဖြင့် တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အသိပေးထားသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းညီနောင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ – မင်းတပ် (CNC – Mindat)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF – Kanpetlet)၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF – Matupi) တပ်မဟာ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် (AA) ကလည်း အစစအရာရာ ကူညီပေးခဲ့သည့်အပြင် ယခုအခါ AA မှ တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု သိရ၏။
လေးလကျော် ကြာမြင့်လာပြီဖြစ်သည့် ကျင်ဒွေးမြို့တိုက်ပွဲအတွင်း ဒေသခံအားလုံး စစ်ဘေးရှောင်နေရပြီး ကျင်ဒွေးမြို့၏ အခိုင်အမာ စစ်တပ်စခန်းတွင်သာ စစ်ကောင်စီတပ်များ ခုခံကြသည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် (AA) ကလည်း အစစအရာရာ ကူညီပေးခဲ့သည့်အပြင် ယခုအခါ AA မှ တပ်ဖွဲ့များပါ ပူးပေါင်းတိုက်ပွဲဝင်နေသည်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ကျင်ဒွေးမြို့အား သိမ်းပိုက်နိုင်ရန် အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ပစ်ကူပေးခဲ့သည်ဟုသိရ၏။ နောက်ဆုံးအခြေအနေမှာ AA နှင့် ချင်းညီနောင်တပ်များသည် ကျင်ဒွေးမြို့အား ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရသည်။
ကျင်ဒွေးတိုက်ပွဲ၏ ရည်ရွယ်ချက်
ချင်းပြည်နယ်တောင်ဘက်စွန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မည်သည့်စီးပွားရေးလုပ်ငန်း အကျိုးစီးပွားမှ မရှိသည့် ကျင်ဒွေးတွင် တော်လှန်ရေးတပ်ဖွဲ့များရော စစ်ကောင်စီတပ်ဖွဲ့ပါ မည်သည့်ရည်ရွယ်ချက်နှင့် သဲကြီးမဲကြီး တိုက်ခိုက်နေကြပါသနည်း။ ကျင်ဒွေးသည် လောင်းရှည်၊ ဆော၊ ကျောက်ထု စသည့် PDF များ အားကောင်းသည့် ယောဒေသ၊ ချင်း CDF များ အားကောင်းသည့် မင်းတပ်၊ ကန်ပက်လက်ဒေသ၊ AA ထိန်းချုပ်နိုင်ပြီဖြစ်သည့် မြောက်ဦး၊ လေးမြို့ချောင်းဖျားဒေသတို့နှင့်လည်း ဆက်စပ်နေသည်။
ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။ ဤကဲ့သို့ဒေသတခုပေါ်ပေါက်လာပါက တော်လှန်ရေး တပ်ဖွဲ့များအတွက် ကိုယ်စီအကျိုးရှိမည် ဖြစ်၏။
စစ်ကောင်စီကလည်း ဤအချက်ကို ကောင်းစွာသဘောပေါက်ပုံရ၏။ ထို့အတွက် ကျင်ဒွေးကို လေကြောင်းဖြင့် စစ်အင်အား ရာချီပို့၍ စစ်ကူဖြည့်ကာ ခုခံစစ်ဆင်နေခြင်းဖြစ်၏။ တချိန်တည်းတွင် လေကြောင်းပစ်ကူ အများအပြား ပေးခဲ့သည်ကို တွေ့ရ၏။ ကျင်ဒွေးအရှေ့ဘက် လောင်းရှည်၊ ဆိပ်ဖြူ တလျှောက်လုံး ကပစ များနှင့် ငွေစက္ကူစက်ရုံများရှိရာ စစ်ကောင်စီသည် ထိုသုံးပွင့်ဆိုင်နေရာတွင် အင်အားကောင်းသည့် အခြေခံဒေသတခု ပေါ်ပေါက်လာမည်ကို စိုးရိမ်ပုံ၏။ မြဝတီ ခလရ ၂၇၅ သို့ပင် ဤသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူ ရာဂဏန်း ပို့ပေးခြင်း မရှိပေ။
ကျင်ဒွေးအနောက်ခြမ်းသည် AA ထိန်းချုပ်နယ်မြေဖြစ်၏။ ကျင်ဒွေးအရှေ့ဘက် လောင်းရှည်၊ ဆော၊ ကျောက်ထုစသည့် ယောဒေသသည်လည်း PDF အားကောင်းသည်။ ကျောက်ထု၏ အရှေ့ဘက် ပုံတောင်ပုံညာ တောင်ကြောအရှေ့ဘက် ကမ္မ၊ ပေါက် တကြောသည်လည်း PDF အားကောင်းသည်။ ပြီးခဲ့သည့်လပိုင်းက ပခုက္ကူမှ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း အစီး ၁၀၀ ခန့် ယောနယ်နှင့် ချင်းတောင်သို့ ဦးတည်ထွက်ခွာလာရာ ကမ္မ၊ ပေါက် လမ်းကြောတလျှောက် PDF များ၏ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းပျက်ပြီး ပုံတောင်ပုံညာပင် မကျော်နိုင်ဘဲ ပေါက်မှ လှည့်ပြန်သွားသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ကျင်ဒွေးကျလျင် ရခိုင်မြောက်ဦးဒေသ၊ ကျင်ဒွေး-ချင်းတောင်တန်း၊ ယောဒေသမှသည် ပုံတောင်ပုံညာ အရှေ့ဘက်ခြမ်းအထိ တော်လှန်ရေးဒေသများ အားကောင်းလာနိုင်သကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းများလည်း ကောင်းလာမည်ဖြစ်၏။
ကျင်ဒွေးကျလျင် ရခိုင်မြောက်ဦးဒေသ၊ ကျင်ဒွေး-ချင်းတောင်တန်း၊ ယောဒေသမှသည် ပုံတောင်ပုံညာ အရှေ့ဘက်ခြမ်းအထိ တော်လှန်ရေးဒေသများ အားကောင်းလာနိုင်သကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းများလည်း ကောင်းလာမည်ဖြစ်၏။
ထို့ကြောင့် ချင်းပြည်နယ်၏တောင်ဘက်စွန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျင်ဒွေးတွင် လူသူသိပ်မသိသည့် တိုက်ပွဲကြီးတပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေခြင်းဖြစ်၏။ စစ်ကူရော၊ ပစ်ကူပါ လေကြောင်းမှသာ ပေးပို့ရသဖြင့် စစ်ကောင်စီတပ်အတွက် အခက်အခဲကြီးပြီး မြေပြင်တွင် သာလွန်သည့် အင်အားဖြင့် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များက တပန်းသာသည်ကို တွေ့ရ၏။
ကျင်ဒွေးတိုက်ပွဲသည် လူမသိသူမသိ ဖြစ်ပွားနေသော တိုက်ပွဲကြီးတပွဲ ဖြစ်သကဲ့သို့ လူပုဂ္ဂိုလ်ဆိုင်ရာ အကျိုးစီးပွားမပါသဖြင့် ရှင်းလင်းသည်။ ထို့ပြင် တော်လှန်ရေးဆရာကြီးများ လက်လှမ်းမမီသည့်နေရာတွင် ဖြစ်ပွားနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များလည်း နားအေးပါးအေးနှင့် စိတ်အေးလက်အေး တိုက်ရသော တိုက်ပွဲတပွဲလည်း ဖြစ်၏၊၊ ထို့အတူ ရခိုင်၊ ချင်း၊ ယောဒေသ တော်လှန်ရေးအင်အားစုများအတွက် အရေးပါသော တိုက်ပွဲလည်းဖြစ်ပေသည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)
အာရက္ခပြည်သူတွေရဲ့ ကံကြမ္မာကို တခြားလူမျိုးတမျိုးက ဆုံးဖြတ်တာ လုံးဝလက်မခံဘူး
သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ