ရခိုင်ပြည်နယ် သံတွဲမြို့နှင့် မိုင် ၂၀ ဝန်းကျင်ရှိ ပုရစ်-ရေကောက်နှင့် ဒေါ်မြရွာအကြား အာရက္ခ တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ၂ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေရာ လေကြောင်း ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေရကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိသည်။
ယနေ့ နေ့လည် ၁၂နာရီဝန်းကျင်မှ စ၍ ယခု ညနေပိုင်းအထိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်နေပြီး၊ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် ကျေးရွာဒေသခံများက ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။
သံတွဲဒေသခံတဦးက “သံတွဲဘက်နဲ့ ပိုနီးပေမယ့် ရွှေလှေရွာမှာ ပိတ်ထားလို့ လာလို့ မရတော့ဘူး၊ အသိမိသားစု ကတော့ တောင်ကုတ်ဘက်ကို ပြေးနေကြပြီ၊ လူကြီးတွေကိုတော့ ဗုံးခိုကျင်းထဲ ထည့်ထားခဲ့တယ်၊ နေ့လည် ကတည်းက လေယာဉ်နဲ့လည်း ကြဲတယ်၊ လက်နက်ကြီးနဲ့လည်း ထုတယ်”ဟု တိုက်ပွဲဖြစ်ပွားနေရာ အနီးတဝိုက်ရှိ ဒေါ်မြကျေးရွာရှိ ရွာခံများ၏ အခြေအနေကို ပြောပြသည်။
ယင်းသို့ လေကြောင်းနှင့် ရေတပ်မှ ပစ်ကူပေးခြင်း ဗုံးကြဲခြင်းများကြောင့် ပုရစ်-ရေကောက် ရွာအနီး တဝိုက်သို့ ကျည် များကျခဲ့ပြီး လူအသေအပျောက်၊ ထိခိုက်ပျက်စီးမှုရှိ/ မရှိ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲဒေသတွင် ဒုတိယအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲဖြစ် ပြီး အချိန်ပိုကြာကာ၊ ပို၍ ပြင်းထန်ပုံရကြောင်း ဒေသခံများက သုံးသပ်သည်။
“နေ့လည်ကတည်းက ပစ်တာ အခုထိ ပစ်နေတုန်းပဲ၊ ဒီနေ့က တော်တော်ပြင်းထန်တယ်၊ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော အဆက်မပြတ်ကြားနေရတယ်”ဟု ရွှေလှေတိုက်နယ် ဒေသခံတဦးက ပြောသည်။
ထို့ပြင် သံတွဲအနီး ပင်လယ်ပြင်တွင် တပ်စွဲထားသည့် ရေတပ်သင်္ဘောမှလည်း နေ့လည် ၁နာရီခွဲခန့် ကတည်းက ပစ်ခတ်နေပြီး၊ ဆင်ခေါင်းကျေးရွာမှ ဒေသခံတဦးက “ခမောင်းတုန်းနားမှာရှိနေတဲ့ နေဗီကတော့ မီးကုန်ယမ်းကုန် ပစ်နေတယ်” ဟု ယနေ့ နေ့လည်ကပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်တွင် AA နှင့် စစ်တပ်ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ရခိုင်ပြည်နယ်နှင့် ပြည်မကို ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်သွားလာရေးများကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။
ယင်းသို့ ဖြတ်တောက်ခဲ့သည့် ၅လပြည့်သည့်နေ့(ဧပြီ ၁၃ရက်)တွင် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နှင့် ၁၂မိုင် ခန့်အကွာ၊ သံတွဲ-တောင်ကုတ်အဝေးပြေးလမ်းအပိုင်းရှိ ကွေ့ချောင်းနှင့် ရေစင်ကျေးရွာကြားတွင် ပထမဆုံးအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
You may also like these stories:
သံတွဲမြို့နယ်မှ ရွာတချို့ စစ်ကောင်စီ လေတပ် ဗုံးကြဲ
AA နှင့် စစ်တပ်တို့ သံတွဲဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
ကမ်းခြေ အပန်းဖြေရာသီပေမယ့် တိတ်ဆိတ်သွားတဲ့ ငပလီ
စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ














