ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယမန်နေ့က ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ်ပြီး နောက် ယနေ့နေ့လည် ၁၂နာရီခန့်တွင် သံတွဲ-တောင်ကုတ်အဝေးပြေး လမ်းမဘေးတဝိုက်ရှိ ရွာများကို စစ်လေယာဉ် ၂စင်းဖြင့် ဗုံး ၁၀လုံးထက်မနည်း ကြဲချခဲ့သည်။
သံတွဲမြို့နှင့် မိုင် ၁၀ မိုင်ပတ်လည်အတွင်းရှိ တောင်ကုတ်နှင့် ဆက်သွယ်ထားသည့် ကားလမ်းမ၏ တဖက်တချက်မှ ရွာများ ဖြစ်သော ပေါက်တော၊ ရှင်စောပြင် အပါအဝင် အနီးရှိ ရွာများပေါ်သို့ ကြဲချခြင်းဖြစ်ပြီး အိမ်တချို့ ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန် တချို့ သေဆုံးခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ဒေသခံတဦး “ကျနော်တို့ရွာက ကြားရတာတောင် ၁၀ကြိမ်လောက်ရှိပြီ၊ အားတော် တော်ပြင်းတယ်၊ အိမ်တွေရော၊ မြေတွေပါ တုန်တယ်”ဟု ဆိုသည်။
ယင်းသို့ပစ်ချခဲ့ခြင်းကြောင့် သံတွဲမြို့နယ် ပေါက်တောကျေးရွာရှိ လူနေအိမ်တလုံး ခေါင်မိုး ပျက်စီးခဲ့ကြောင်းသိရသည်။
“ရွှေလှေနားက ပေါက်တောမှာ ကျနော့်အသိအိမ်နားက အိမ်ကို လက်၃လုံးလောက်ရှိတဲ့ ဗုံးစမှန်တာ အိမ်ခေါင်ပေါက် သွားတယ်၊ လူတွေကိုတော့ မထိလိုက်ဘူးလို့ပြောတယ်”ဟု သံတွဲမြို့မှ ဒေသခံတဦးက ပြောသည်။
အလားတူ ပေါက်တောကျေးရွာဘေးပတ်ဝန်းကျင်ရှိ တောတောင်များကိုလည်း ဗုံးကြဲခဲ့ပြီး၊ ရှင်စောပြင် ကျေးရွာတွင် နွားများထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
“နွားအကောင်အရေအတွက် အတိအကျမသိသေး၊ ရွာကလူတွေကတော့ အခု ရွှေလှေဘက်ကို တစ်ပါကား ၂စီးနဲ့ စစ်ရှောင်ဖို့ ပြင်ဆင်နေကြတယ်၊ တချို့ကလည်း ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တဲ့သူ ကျန်ခဲ့တယ်လို့ လှမ်းပြောတယ်”ဟု ရှင်စောပြင်ရွာနှင့် နီးစပ်သည့် သံတွဲဒေသခံတဦးက ယနေ့ညနေက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ရက်က သံတွဲမြို့နှင့် ဆယ်မိုင်ကျော်ခန့်အကွာက ကွေ့ချောင်းကျေးရွာနှင့် ရေစင် ကျေးရွာတွင် အာရက္ခတပ်တော်(AA)နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး၊ ရေတပ်မှ လက်နက်ကြီး များဖြင့် ပစ်ကူပေးခဲ့သည်။ ယင်းတိုက်ပွဲကြောင့် စစ်ကောင်စီက သံတွဲ-တောင်ကုတ်လမ်းအပိုင်းအား အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားပြီး လုံခြုံရေး တင်းကြပ်ထားကြောင်း ရွှေလှေတိုက်နယ်မှ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ စတင်ကာ ရခိုင်ပြည်နယ်၏ တခုတည်းသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သည့် အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ရခိုင်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်းများမှ သွားလာရေးလမ်းကြောင်းများကို ဖြတ်တောက်ခဲ့သည်မှာ ၅လကျော်ရှိခဲ့ပြီဖြစ်သည်။
ထိုသို့ ပိတ်ဆို့ထားပြီး ၅လပြည့်သည့်နေ့တွင် ရခိုင်ပြည်တောင်ပိုင်း၊ သံတွဲမြို့နယ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ဒေသခံများထံမှ စုံစမ်းမေးမြန်းချက်အရ မြေပြင်တွင် ထိတွေ့တိုက်ပွဲများမရှိဘဲ ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ပြီး သံတွဲဒေသအတွက် ပထမဆုံး လေကြောင်းအန္တရာယ် အတွေ့အကြုံလည်းဖြစ်သည်။
ဆက်စပ်ဖတ်ရန်
AA နှင့် စစ်တပ်တို့ သံတွဲဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်
ကမ်းခြေ အပန်းဖြေရာသီပေမယ့် တိတ်ဆိတ်သွားတဲ့ ငပလီ
စစ်မဖြစ်သေးပေမယ့် အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ သံတွဲဒေသခံတွေ
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်