ရခိုင်စစ်မျက်နှာ၌ ရက္ခိုင့်တပ်တော် (AA)၏ ထိုးစစ်ဆင်မှုအောက် ခြိမ်းခြောက်ခံနေရသော စစ်တပ်သည် ပြည်နယ်မြို့တော် စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တို့တွင် ခုခံစစ်ပြင်မည့် အနေအထားကို တွေ့နေရသည်။
စစ်ကောင်စီသည် စစ်တွေ၊ အမ်း၊ ကျောက်ဖြူတို့၌ တပ်အင်အား စုစည်းနေသည့်အပြင် ထိုမြို့များကို ဆက်သွယ်ထားသည့် လမ်း၊ တံတားများကိုပါ ဖောက်ခွဲဖျက်ဆီးပြီး ထိုးစစ်ကိုတားဆီးရန် ကြိုးပမ်းနေသည်။
ကျောက်ဖြူမြို့တွင် တရုတ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်လည်း ရှိသလို ဓညဝတီ ရေတပ်စခန်းဌာနချုပ်လည်း ရှိသည်။ အလားတူ စစ်တွေသည် အုပ်ချုပ်ရေးပိုင်း ရုံးစိုက်ရာသာမက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လည်း ရှိသည်။
အမ်းမြိုတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်သာမက အမှတ် ၉၀၂ အမြောက်စခန်း ကွပ်ကဲမှု ဌာနချုပ်လည်း အခြေစိုက်ထားသလို စစ်တွေ – အမ်း – မင်းဘူး – မကွေးလမ်းသည် ပြည်မနှင့် ဆက်သွယ်ထားသည့် အရေးပါသော လမ်းဖြစ်သည်။
စစ်ကောင်စီသည် ယခုလလယ်ကစ၍ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့ကို ဆက်ထားသည့် စစ်တွေအဝင် မင်းချောင်း(ခ) အမြင့် ကျွန်းတံတား၊ အမ်းမြို့ နှင့် တောင်ကုတ်ခရိုင်ကို ဆက်သွယ်ထားသည့် မအီချောင်းတံတား၊ ကျောက်ဖြူ – မအီ ကားလမ်း ပေါ်ရှိ ကျောက်ကြီးပေါက်တံတားတို့ကို ဆက်တိုက်ဆိုသလို ဖောက်ခွဲကာ ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက် ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၈ ရက်က အမ်းမြို့နယ်နှင့် ကပ်လျှက်ရှိသည် မြေပုံမြို့နယ် ဟင်းခရော်ရွာ အနောက်မြောက်ဘက်ရှိ ပွိုင့် ၄၀၂ နှင့် ပွိုင့် ၄၀၈ တပ်စခန်းကုန်းများမှ စစ်တပ်များသည် မရွှေ့ပြောင်းနိုင်သော လက်နက်ခဲယမ်းများအား မီးရှို့ဖျက်ဆီး ကာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ပူးပေါင်းခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
AA ၏ ထိုးစစ်အား ဟန့်တားလို၍ တံတားများဖျက်ဆီးသည့် လုပ်ရပ်မှာ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်စေသဖြင့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး ၎င်းတို့စစ်ရှုံးနေသည် ကို ပြသနေခြင်းဖြစ်ကြောင်း AA ပြောခွင့် ရှိသူ ဦးခိုင်သုခက ပြောသည်။
၎င်းက “လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင်လုပ်တယ်ဆိုတာ စစ်အုပ်စုဟာ ရခိုင်စစ်မြေပြင်မှာ သူတို့ရဲ့ ကျရှုံးမှုတွေကို ဖော်ပြနေတာဖြစ်သလို အကြမ်းဖက်အဖျက်သမားအဆင့်ကို ရောက်သွားပြီဆိုတာ အတိအလင်း ဝန်ခံနေတာလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
အစပိုင်းတွင် စစ်ကောင်စီသည် အင်အားဆယ်ဂဏန်းရှိသည့် စခန်းငယ်များအား စွန့်ခွာကာ နီးစပ်ရာတပ်စခန်းများ၌ အင်အားရာဂဏန်းဖြင့် ခုခံရန်စစ်ပြင်ခဲ့သော်လည်း AA ၏ ထိုးစစ်ဆင်မှုအောက် တပ်စခန်းများသာမက ဗျူဟာစခန်း၊ တပ်မဌာနချုပ်များပါ တိုက်ခိုက်ချေမှုန်းခံခဲ့ရပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ တပ်စခန်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တဖက်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ရခိုင်ဒေသတွင် အဓိကကျသောမြို့များအား ကာကွယ်ရန် တပ်အင်အားစုစည်းမှု ပြုလုပ်နေသည့်အပြင် လေကြောင်းနှင့် ရေကြောင်းအားပြုကာ အပြင်းအထန် ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
စစ်ရေးလေ့လာသူတဦးက “စစ်ပွဲစဖြစ်တုန်းက လူသုံးလေးဆယ်ရှိတဲ့ စခန်းတွေစုပြီး လူတရာလောက်နဲ့ သူတို့ ခံကြည့် တယ်၊ ပြုတ်တာပဲ။ နှစ်ရာသုံးရာလောက်အထိလည်း မခံနိုင်ဘူးဖြစ်နေတယ်။ လက်တွေ့ပဲ။ အခု ရခိုင်မှာ အမ်းတို့၊ စစ်တွေတို့၊ ကျောက်ဖြူတို့ မြို့ကြီးတွေမှာ ရှိသမျှအင်အားပေါ့၊ ငါးရာရှိရှိ လေးငါးခြောက်ရာစုပြီးတော့ ခံစစ်ပြင်မယ့်ပုံပဲ။ တိုက်ပွဲတွေ ပိုပြီးပြင်းထန်နိုင်ပါတယ်” ဟု ပြောသည်။
စစ်တွေနှင့် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ တရုတ်စီးပွားရေးစီမံကိန်းများရှိရာ ကျောက်ဖြူနှင့် မဒေးကျွန်းအနီး တဝိုက်တို့တွင်ပါ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာနေပြီး ယနေ့ဆိုလျှင် ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို AA သိမ်းပိုက် လိုက်ကြောင်း ကြေညာခဲ့သည်။
ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံး အတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သုံးသပ်သည်။
၎င်းက “ဒီနှစ်မြို့ကို လုံးဝမကျရေး ထိန်းမှာဆိုတော့ ခံစစ်ကလည်း ထိုင်ပြီးလုပ်မဟုတ်ဘဲ ထိုးစစ်အသွင်ပေါ့နော်။ လေကြောင်းထိုးစစ် ရှိသေးတာပေါ့။ AA ကလည်း စစ်တွေနဲ့ကျောက်ဖြူ တခုခုရအောင် သိမ်းမယ့်အနေအထားမှာ အင်အားအလုံးအရင်းနဲ့ ကျားကုတ်ကျားခဲ တိုက်ပြီးတော့ သိမ်းရမယ်လို့မြင်ပါတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားထဲမှာ ကြီးမားတဲ့စစ်မက်ဖြစ်ပွားမှု များလာမယ်။ ရက်ကလည်း ရှည်သွားနိုင်ပါတယ်” ဟု ဆိုသည်။
CDM ဗိုလ်ကြီး ဇင်ယော်သည် ရခိုင်စစ်မြေပြင်တွင် AA နှင့် တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ပလက်ဝမြောက်ခြမ်း၊ ရသေ့တောင်နှင့် ကျောက်တော်ဒေသများ၌ စစ်ဆင်ရေးဝင်ခဲ့ဖူးသူ ဖြစ်သည်။
အိန္ဒိယအစိုးရ လုပ်ကိုင်နေသော ကုလားတန်စီမံကိန်းရှိရာ ပလက်ဝမြို့အား ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည့် AA အတွက် တရုတ်ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများရှိရာ ကျောက်ဖြူသိမ်းပိုက်ရေးသည်လည်း နိုင်ငံရေး ရည်မှန်းချက် အနေဖြင့်လည်း အရေးပါနေသည်။
ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရ ကျောက်ဖြူပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေသော်လည်း မဒေးကျွန်းရှိ တရုတ်စီမံကိန်းသို့ ရေနံသင်္ဘောများ ဝင်ထွက်နေဆဲဖြစ်ကြောင်း သိရပြီး တိုက်ပွဲများက တရုတ်စီမံကိန်းများအပေါ် ထိခိုက်မှုမရှိသေးပေ။
စစ်ရေးလေ့လာသူတဦးက “ကျောက်ဖြူကျွန်းကတော့ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ရှောင်ပြီးတိုက်ကြလိမ့်မယ် ထင်တယ်။ ဒါက စီးပွားရေးအရ ရခိုင်အတွက် အချက်အချာဖြစ်တဲ့အတွက်ကြောင့် AA ကလည်း လက်လွှတ်မှာမဟုတ်ဘူး။ ရအောင်ယူမှာပဲ။ စစ်တပ်ကလည်း လက်လွှတ်မှာမဟုတ်ဘူး။ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဆိုင်လာပြီဆိုတော့ နိုင်ငံရေး ရည်မှန်းချက်တွေကို Compromise (အပေးအယူ) လုပ်ဖို့ဆိုတာ တရုတ်လည်း ခက်လိမ့်မယ်” ဟု သုံးသပ်သည်။
AA ဘက်ကမူ ရခိုင်ပြည်နယ်အတွင်းရှိ တပ်စခန်းများအားလုံး လက်နက်ချအညံ့ခံရန် သတိပေးထားပြီး အညံ့မခံသည့် တပ်စခန်းများကို တခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောထားသည်။
လက်ရှိ စစ်တွေနှင့် ကျောက်ဖြူဒေသတွင် စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်မှုများ ပိုမိုပြုလုပ်ထားသည့်အပြင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားသဖြင့် အရပ်သားများအနေနှင့် ကြိုတင် စစ်ဘေးတိမ်းရှောင်မှုများ ရှိနေသလို ပြည်နယ်မြို့တော် စစ်တွေရှိ အုပ်ချုပ်ရေး ပိုင်းသည်လည်း ပြောင်းရွှေ့နေပြီဖြစ်သည်။
လတ်တလော တိုက်ပွဲပြင်းထန်နေသည့် ရမ်းဗြဲ၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင်လည်း စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုဖြင့်တိုက်ခိုက်လျက်ရှိရာ အပြင်းထန်ဆုံးခံရသည့် ရမ်းဗြဲနှင့် ရသေ့တောင်မြို့များ၌ အရပ်သားထိခိုက်မှုနှင့် နေအိမ်အများအပြားပျက်စီးရသည့်အပြင် အဓမ္မဖမ်းဆီးခံရသည့် အရပ်သားများလည်း ရှိနေသည်။
ဖေဖော်ဝါရီ ၂၀ ရက်တွင် ရမ်းဗြဲမြို့ပေါ်သို့ စစ်ကောင်စီလေကြောင်းမှ ပေါက်ကွဲအားပြင်းထန်သည့်ဗုံးများ ကြဲချတိုက်ခိုက်မှု ကြောင့် မြို့မဆေးရုံးတခုလုံးနှင့် မြို့မဈေး အပါအဝင် အရပ်သားနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း AA က ဓာတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် AA သည် “၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
AA အနေဖြင့် စစ်ဆင်ရေး ၃ လကျော်ကာလအတွင်း ပလက်ဝမြို့နယ်တခုလုံးနှင့် ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့အား သိမ်းပိုက်ထိန်းချုပ်ထားသည့်အပြင် မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့ရှိ နယ်ခြားစောင့်စခန်းနှင့် တပ်စခန်းအများအပြားကိုလည်း ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။
ကျောက်တော်နှင့် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်ထိ တိုက်ပွဲများအတွင်း မြစ်တွင်းသွား ရေတပ် သင်္ဘော၃ စီးနှင့် ကမ်းထိုးဇက်ရေယာဉ် ၂ စီးအား နစ်မြုပ်ချေမှုန်းနိုင်ခဲ့ပြီး ကျန်သင်္ဘော ၄ စီးကိုလည်း ရေချမရသည်အထိ တိုက်ခိုက်ဖျက် ဆီး နိုင်ခဲ့ကြောင်း AA က ကြေညာထားသည်။
ထို့ပြင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်မြို့တို့အား တိုက်ခိုက်သိမ်းပိုက်ရေး ထိုးစစ်ဆင်နေ သည့်အပြင် စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ်မြို့တို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားရာ စစ်ကောင်စီက ခုခံစစ်နှင့်ခွာစစ်အနေအထား ရောက်နေကြောင်း AA က ဆိုသည်။
လတ်တလောတွင် မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးရှိ အရေးပါသော အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်း ကျောင်းအား ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စောစီးစွာလက်နက်ချရန် AA က သတိပေးထားသည်။
AA အနေဖြင့် အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းအား ၂၀၂၀ ခုနှစ် အစောပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဖူးပြီး တိုင်းဌာနချုပ်ရှေ့အထိ ထိုးဖောက်နိုင်ခဲ့သော်လည်း အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “ကမ်းနီဗဟိုသင်တန်းကျောင်းကို ရမယ်ဆိုရင် မကွေးတိုင်းနဲ့ ဒိုးယိုပေါက်ဆက်လို့ရတယ်။ မကွေးတိုင်းအစွန် စေတုတ္တရာတို့၊ ဆောတို့ဘက်ကို အရင်ကလည်းသုံးတဲ့ နွေရာသီလမ်းရှိတယ်။ ဟိုးအရင် ဗကပ ကြီးစိုးခဲ့ကတည်းက လမ်းရှိတယ်။ အဲဒီလမ်းကို AA တို့ ပြန်ပြီးသုံးလိုတဲ့သဘောလို့ တွေ့ရပါတယ်။ သိမ်းနိုင်ရင်တော့ ထောက်ပံ့ရေးနဲ့ ကွပ်ကဲရေးလမ်းကြောင်းလည်း ပိုပြီးပွင့်သွားမယ်လို့ ပြောလို့ရပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
စစ်တပ်အာဏာမသိမ်းမီ ၂၀၁၉ ဇန်နဝါရီ ၄ ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားစဉ်က စစ်ကောင်စီ သည် တပ်အင်အားအလုံးအရင်းဖြင့် ကြည်း၊ ရေ၊ လေ စစ်ဆင်တိုက်ခိုက်နိုင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တကျော့ပြန်ပေါ်ပေါက်လာသော AA ၏ ထိုးစစ်ဆင်မှုအောက် ရခိုင်စစ်မျက်နှာ၌ မြို့များ၊ တပ်စခန်းများအား လက်လွှတ်ရပြီး အုပ်ချုပ်ရေးမြို့တော် စစ်တွေနှင့် တိုင်းစစ်ဌာနချုပ်ပင် ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ ။
You may also like these stories:
မင်းပြားမြို့ကို AA သိမ်းပိုက် ထိန်းချုပ်နိုင်
ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ
ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်