ရခိုင်ပြည် တောင်ပိုင်း သံတွဲမြို့နယ်၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖြစ်ခဲ့သည့် ရွှေလှေတိုက်နယ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆၂ ဦးသေဆုံးကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံ သိရသည်။
ပြီးခဲ့သည့် သင်္ကြန်ကာလမှ စ၍ သံတွဲခရိုင်အတွင်းရှိ AAနှင့် ငပလီကမ်းခြေမြို့ အခြေစိုက် အမှတ် ၅၅ ခြေလျင်တပ် ရင်း၊ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်လာခြင်း ဖြစ်ပြီး ယမန်နေ့ကမူ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးအပါအဝင် ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်လာရာ ရေတပ်မှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ဒု တပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနှင့် ဗိုလ်ကြီး ကိုကိုလင်းတို့ သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ငပလီကမ်းခြေမြို့မှ အမည်မဖော်လိုသော ဒေသခံအမျိုးသမီးတဦးက “ဗိုလ်ကြီး ကိုကိုလင်းက အမျိုးထဲကတယောက်နဲ့ သူငယ်ချင်းပါ၊ သေတဲ့ သတင်းက အတိအကျပဲ” ဟု ဆိုသည်။
ဒုတပ်ရင်းမှူးတဦးဖြစ်သည့် ပြည့်ဖြိုးဟိန်းဆိုသူလည်း သေဆုံးမှု သတင်းအပေါ် ဧရာဝတီအနေဖြင့် သီးခြား အတည် မပြုနိုင်သေးပေ။
“အကြီးပိုင်းထဲက သေတာတော့ ကြားတယ်၊ ကျနော်သိသလောက် ပြည့်ဖြိုးဟိန်းတော့မဟုတ်ဘူး၊ မနေ့က တိုက်ပွဲက ညနေကပြီးတယ်၊ အတွင်းသတင်းအရ ညဘက်အထိ ပြည့်ဖြိုးဟိန်းနဲ့ ဖုန်းအဆက်အသွယ်ရတဲ့သူ ရှိသေးတယ်လို့ သိထားတယ်”ဟု တိုက်ပွဲများဖြစ်ပွားရာ ရွှေလှေတိုက်နယ်အတွင်း နေထိုင်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
ဧပြီ ၂၅ရက် ညပိုင်းကလည်း ငပလီကမ်းခြေမြို့၊ မဇင်ရပ်ကွက် အခြေစိုက် ခမရ ၅၆၆ တပ်သို့ လည်း မြေသယ် သား(တစ်ပါကား)ဖြင့် စစ်သားအလောင်းများဟု ယူဆရသည်များ သယ်ဆောင် လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ငပလီကမ်းခြေမြို့ ဇီးဖြူကုန်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
ထို့အတူ သံတွဲပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆ဦး ဆေးကုသခံနေရပြီးှ ၄ဦးမှာ ခြေလက် ဖြတ် တောက်ရမည်ဖြစ်သည့်အတွက် ရန်ကုန်သို့ သယ်ယူသွားပြီး၊ ၂ဦးကျန်ရှိကာ လုံခြုံရေးချထားကြောင်း သံတွဲမြို့၊ ဆေးရုံပိုင်းရှိ ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ-တောင်ကုတ်ကြားတွင် ဧပြီ ၁၃ရက်နေ့၊ ဧပြီ ၂၂ ရက်နေ့နှင့် ယနေ့ ဧပြီ ၂၆ ရက်နေ့ များတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များအကြား ၃ကြိမ်တိုင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီဖြစ်ဖြစ်သည်။ စစ်ကောင်စီ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လမ်းသွားလမ်းလာ မော်တော်ယာဉ်များကို ပစ်ခတ်ခြင်းများ ကြောင့် အရပ်သား သေဆုံးမှု၊ ထိခိုက်ဒါဏ်ရာ ရရှိမှုများရှိခဲ့သည်။
You may also like these stories:
သံတွဲမြို့နယ်မှ ရွာတချို့ စစ်ကောင်စီ လေတပ် ဗုံးကြဲ
သံတွဲမြို့အနီး AA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေ













