ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းတခုလုံး ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရက္ခိုင့်တပ်တော် ( AA )ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။
ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းနှင့် အမှတ် ၃၇၇ အမြောက်တပ်ရင်းတို့ကို AA တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် အမြောက်တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် အနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ချ အညံ့ခံလာခြင်း ဖြစ်သည်။
AA နှင့်နီးစပ်သော ဒေသခံ တဦးက ” မနေ့က ညနေပိုင်းကတည်းက AA က ခင်ဗျားတို့ လက်နက်ချ အလင်းဝင်ကြပါဆိုပြီး စပီကာနဲ့ အော်တယ် ။ ညနေပိုင်းအထိ လက်နက်ချဖို့ တိုက်တွန်းတယ်။ စစ်ကောင်စီတပ်က ဘာမှမတုံ့ပြန်ဘဲ ဗုံးခိုကျင်းတွေ ၊ ကတုတ်ကျင်းတွေမှာ အကုန်ဝင်ပြီးတော့နေကြတယ် ။ လက်နက်ကြီး ၊ လက်နက်ငယ်တွေလည်း ပြန်မပစ်တော့ဘူး ။ ဒီနေ့ မနက်ပိုင်းမှာ AA က လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်မှ အသက်ချမ်းသာပေးပါ ဆိုပြီး ငိုယိုပြီး အလံဖြူထောင်ထွက်လာကြတာ ” ဟု ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီ ၁၅ ရက်တွင် AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီ တပ်သားများ အနေဖြင့် “မသေလိုလျှင် အလံဖြူထောင်ရန်၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” ဟု ဆိုသည့် စားသားကို ၎င်း၏ တွစ်တာ လူမှုကွန်ရက်မှတဆင့် ပြောဆိုထားသည်။
လက်ရှိတွင် အဆိုပါ တပ်ရင်းမှ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားဦးရေနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၏ အသေးစိတ် အခြေအနေကို မသိရသေးပေ။
အဆိုပါ တပ်ရင်းများအား AA တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့စဉ်ကာလအတွင်း အနီးရှိ အရပ်သား ကျေးရွာများသို့ တပ်ရင်းထဲမှ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ရာ အရပ်သားသေဆုံး ၊ ဒဏ်ရာများ ရရှိခဲ့မှုနှင့်အတူ နေအိမ် မီး လောင်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျိန်းတောင်ရှိ စစ်ကောင်စီ လက်နက်ကြီးကုန်းကို ယနေ့ နံနက်ပိုင်းတွင် AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်း၊ ရေကြောင်းဖြင့် အပြင်းအထန်ခုခံ တိုက်ခိုက်နေ၍ လူထိခိုက် သေဆုံးမှုများရှိနိုင်သလို နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကျိန်းတောင်သည် အရှည် ၆မိုင်၊ အကျယ် ၂ မိုင်ခန့်ရှိပြီး စစ်ကောင်စီတပ်၏ အမာခံ လက်နက်ကြီး တပ်စခန်းဖြစ်သလို တောင်အောက်တွင် ခမရ ၃၇၉၊ ခမရ ၃၈၀၊ ခမရ ၅၄၁ တပ်များရှိကာ အဆိုပါ တပ်ရင်းများမှာ တပ်ရင်း ၃၇၉ ထဲတွင် စုပေါင်း၍ ခုခံနေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်းစခန်းမှ ဆုတ်ခွာထွက်ပြေးသွားသော ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သည် AA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်းလည်း သိရပြီး စစ်ကောင်စီဘက်က ငြင်းဆိုထားသည်။
You may also like these stories:
ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းတခုလုံး AA ထံ လက်နက်ချလာ
ရသေ့တောင် ရေစိုးချောင်းဗျူဟာမှူးနှင့် တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချ
ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ
အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ