စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရှောင်နေရသည့် စစ်ရှောင်များ နေ့အပူချိန် မြင့်တက် နေသဖြင့် အပူရှပ်ဝေဒနာများ ခံစားနေကြရသလို သောက်သုံးရေရှားပါးမှုလည်း ကြုံနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ တိုင်းထွာထားမှု မှတ်တမ်းများအရ ဧပြီ ၁၈ ရက်တွင် ကလေးမြို့နယ်၏ နေ့အပူအချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ် ရှိကြောင်း သိရသည်။
စစ်ရှောင်များအား ကူညီနေသူတဦးက “မွေးကင်းစကလေးငယ်တွေနဲ့ သက်ကြီးတွေ တော်တော်များများ အပူရှိန်မြင့် တဲ့ ဒဏ်ကို ခံနေကြရတယ်။ ကလေးလွင်ပြင်တခုလုံး အပူလွန်တာ၊ အပူရှပ်တာတွေ တော်တော်များများ ဖြစ်နေကြတယ်။ အထူးသဖြင့် စစ်ရှောင်ကလေးတွေ ပိုဖြစ်တယ်။ ကိန်းဂဏန်းတိတိကျကျ မရနိုင်ပေမယ့် အပူရှပ်ဝေဒနာ ခံစားနေရတာက အနည်းဆုံး ၅၀၀ အထက်မှာ ရှိနိုင်တယ်။ အစုလိုက်အပြုံလိုက် ကုသပေးရတာမျိုးတော့ မဟုတ်ဘူး” ဟု ပြောသည်။
ဆေးရုံ၊ ဆေးခန်းမရှိသော ဒေသများတွင် စစ်ရှောင်များအား နီးစပ်ရာဆေးဝါးကျွမ်းကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများက ကုသပေးနေသော်လည်း အရေအတွက်များသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုသမှုလုံလောက်စွာ မပေးနိုင်ကြောင်း၊ စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများ၊ လမ်းပန်းဆက် သွယ်ရေး အခက်အခဲများကြောင့်လည်း ဆေးဝါးလုံလောက်စွာ မရရှိကြောင်း သိရသည်။
စစ်ရှောင်များအား ဆေးကုသမှုပေးနေသူတဦးကလည်း “နဂိုရောဂါအခံရှိတဲ့သူတွေ၊ သွေးတိုးရှိတဲ့သူတွေဆိုရင် အပူရှပ်ပြီးတော့ ဆေးရုံမမီလိုက်တဲ့ လူနာတွေလည်းရှိတယ်။ အသက်သေဆုံးရတာတွေ ရှိတယ်လို့လည်း ကြားနေရပြီ။ ကျနော်တို့ လက်လှမ်းမီသလောက် သိရတာတော့ အပူရှပ်တာကြောင့် ရုတ်တရက်သေဆုံးတာဆိုရင် အနည်းဆုံး ၅ ယောက်လောက် ရှိနေပြီ” ဟု ပြောသည်။
ပုံမှန်ဆေးစားနေရသည့် နာတာရှည်ရောဂါသည်များ၊ ဆေးခန်းပြနေသူများမှာ စစ်ရှောင်နေရသည့်အတွက် အခက်အခဲများ ရှိသလို ကလေး-ကလေးဝလမ်း၊ ကလေး-ဂန့်ဂေါလမ်း၊ ကလေး-ချင်းပြည်လမ်းမများပေါ်ရှိ မြို့ဝင်မြို့ထွက်ဂိတ်များ၌ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး စစ်ဆေးဖမ်းဆီးမှုများကြောင့် ပြည်သူများ၏ ကျန်းမာရေးကိစ္စအတွက် ဒုက္ခရောက်နေကြရသည်ဟုလည်း စစ်ရှောင်များအား ကူညီနေသူတဦးက ဆိုသည်။
ထို့ပြင် ကလေးမြို့နယ်အတွင်း သောက်သုံးရေရှားပါးမှု စတင်ကြုံနေရပြီဖြစ်ပြီး မကြာခင် ရေပြတ်လပ်မှု အခက်အခဲကိုပါ ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ရှောင်ဒေသခံတဦးက “လက်ရှိမှာတော့ ရေရနိုင်မယ့်နေရာမျိုးတွေမှာ သွားနေကြရတာပေါ့။ နွေလယ်လောက် ရောက်ပြီဆိုရင် ရေပြတ်လပ်မှုတွေ ကြုံလာရနိုင်တယ်။ အခုတောင် ရေပြတ်လပ်တာမျိုး မရှိသေးပေမယ့် သောက်ရေက ရှားလာတယ်လို့ ပြောရမယ်။ ကန်တွေလည်း ရေခမ်းစပြုလာတဲ့အပြင် စမ်းချောင်းတွေကလည်း အရင်ကလောက် ရေမပေါတော့ဘူး” ဟု ဆိုသည်။
ကလေးမြို့နယ်တွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၀၊ ကျေးရွာပေါင်း ၁၅၆ ရွာရှိပြီး အိမ်ခြေ ၆၆,၈၅၉၊ အိမ်ထောင်စု ၇၀,၅၄၉ စု၊ လူဦးရေ ၃၄၅,၅၁၆ ဦးထိ နေထိုင်ပြီး ကလေးမြို့နယ်၏ အရှေ့ဘက်၌ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ တောင်ဘက်၌ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ အနောက်ဘက်၌ ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြို့နယ်၊ မြောက်ဘက်၌ တမူးမြို့နယ်၊ မော်လိုက်မြို့နယ်များနှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်များဖြင့် နယ်နမိတ်ထိစပ်နေသည်။
ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ ကလေးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေမှုများကြောင့် ဒေသခံ ၅ သောင်းကျော် စစ်ဘေးရှောင်ခဲ့ရသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု နည်းသွားသဖြင့် စစ်ရှောင်တချို့ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်မှုများ ရှိသော်လည်း ရွာလုံးကျွတ်မီးရှို့ခံရသူများ၊ နေအိမ်မီးရှို့ခံရသူများ၊ မိမိရပ်ရွာ၌ ပြန်နေ၍မရသေးသည့် စစ်ရှောင်ဦးရေမှာ ၃ သောင်းခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
ကလေးဒေသ သတင်းများကို ဖော်ပြပေးနေသည့် Voice Of Kalay မှ တာဝန်ရှိသူတဦးက “စစ်ရေးအရှိန်မြင့် လာတာ နဲ့အမျှ ပျူစောထီးရွာတွေ၊ စစ်တပ်နဲ့ နီးတဲ့ရွာတွေက အမြဲတမ်းစစ်ရှောင်အဖြစ်နဲ့ နေနေကြရတယ်။ အမြဲတမ်းစစ်ရှောင်က ကလေး တောင်ပိုင်းက ပိုများတယ်။ ယာယီစစ်ရှောင်ဆိုတာက ရွာတွေထဲ လက်နက်ကြီးကျတာ၊ စစ်တပ်နဲ့ တော်လှန်ရေး အဖွဲ့တွေ ထိတွေ့မှုရှိတာ၊ စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာမျိုးတွေဆိုရင် အရေးပေါ်ရှောင်တိမ်းကြရတာမျိုး ပေါ့” ဟု ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် လုံလောက်သော ကူညီပံ့ပိုးမှုများ မရရှိသောကြောင့် ဆေးဝါးနှင့် သောက်သုံးရေအခက်အခဲ များအပြင် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် တကိုယ်ရည်အသုံးအဆောင်များ လိုအပ်လျက်ရှိသည်ဟုလည်း စစ်ရှောင်များအားကူညီပေးနေသူများက ဆိုသည်။
စစ်ရှောင်ပြည်သူတဦးက “စစ်ရှောင်ရတာက အရင်က ပုံမှန်ဆိုရင် ရွာတွေဘက်ကို ရှောင်ရတာပေါ့။ အခုကတော့ ရွာနဲ့ အလှမ်းဝေးတဲ့ တောင်ခြေတွေ၊ တောတွေထဲမှာ ရှောင်နေကြရတာ။ အဲဒီလို ရှောင်တာတောင် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ထုတာတွေ လုပ်နေလို့ ခက်ခက်ခဲခဲနဲ့ကို ရှောင်နေရတဲ့အခြေအနေမှာ ရှိတယ်။ တော်တော်လေး ဒုက္ခရောက် ပါတယ်” ဟု ပြောသည်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ စာရင်းများအရ ကလေးမြို့နယ်တွင်း စစ်ကောင်စီဘက်မှ တိုက်ပွဲမဖြစ်ပွား သော နေရာများနှင့် အရပ်သားပစ်မှတ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများကြောင့် ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၁၇ ရက်ထိ ကလေးငယ်များ အပါအဝင် အရပ်သား ၈၀ ဦးထိ သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေ သည့် ဒေသခံ ၃၀ ကျော်ကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများထဲ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်နှင့် ကလေးငယ်များလည်း ပါဝင်နေသောကြောင့် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးကိုလည်း ကြိုတင်စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။
လက်ရှိတွင် ကလေးဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု နည်းပါးသွားသော်လည်း စစ်ရေးအခြေအနေမှာ တည်ငြိမ်မှု မရှိသေးကြောင်း၊ ဂန့်ဂေါမြို့နယ်ရှိ ဟံသာဝတီ ပျူစောထီးကျေးရွာမှ ပျူစောထီးများနှင့် စစ်တပ်ပေါင်းကာ ကလေး တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေဆဲဖြစ်သလို ကလေးမြောက်ပိုင်းရှိ အများပြည်သူ အသုံးပြုသော လမ်းပိုင်းများကိုလည်း စစ်တပ်က ခြေကုတ်ယူအထိုင်ချ တပ်စွဲနိုင်ရေး ကြိုးပမ်းနေကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
You may also like these stories:
ကလေး၌ တလအတွင်း အရပ်သား ၃၀ ကျော် သတ်ဖြတ်ခံရ
စစ်ရေးအရှိန်မြှင့်မည်ဆို၍ ကလေးဒေသခံတို့ မြို့ကို စွန့်ခွာလာ
ဂန့်ဂေါမြောက်ပိုင်း၌ ကလေးများ ရေကျောက်ရောဂါဖြစ်နေ