မြန်မာစစ်ကောင်စီ၏ စစ်မြေပြင်ရှုံးနိမ့်မှုများကို သတင်းခေါင်းစဉ်များတွင် အလုအယက် ဖော်ပြနေစဉ် နိုင်ငံ၏ ဆိုးရွားလှသော စီးပွားရေးအခြေအနေသည် စစ်ကောင်စီ၏ စစ်တိုက်နိုင်သည့် စွမ်းဆောင်ရည်ကို ပိုမိုကျဆင်းစေသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့ပါဝင်သော ညီနောင်မဟာမိတ်အဖွဲ့၏ လွန်ခဲ့သော ခြောက်လနီးပါးတွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်တပ်သည် တနိုင်ငံလုံးတွင် အရေးပါသော စစ်မြေပြင်ဆုံးရှုံးမှုများ ရင်ဆိုင်ရပြီး ဆုံးရှုံးနယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်စွမ်းကို မေးခွန်းထုတ်လာကြသည်။
မတူညီသော စစ်မြေပြင် ရှစ်ခုတွင် တိုက်ခိုက်နေရပြီး စစ်တပ်သည် သွေးခွဲအနိုင်မယူနိုင်တော့ဘဲ ဗမာအများစု နေထိုင်သည့် နိုင်ငံအလယ်ပိုင်းကို ပထဆုံး ပြန်လည်သိမ်းပိုက်ရန် အလေးထားခြင်းသည်ပင် အင်အားချိနဲ့လာသည်။ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီသည် အရေးပါသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်ရပြီး မြို့တမြို့ကိုသာ ပြန်လည် သိမ်းပိုက်နိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် မွန်ခုခံတော်လှန်ရေးအဖွဲ့အစည်း နှစ်ခု ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။
ထိုင်းနိုင်ငံနှင့် ထိပ်စပ်နေသည့် အကြီးမားဆုံးနယ်စပ်ဂိတ် မြဝတီကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီ၏ထိုးစစ်သည် ထပ်မံ ထောက်ပြရမည့် အချက်တခုဖြစ်လာသည်။ ထိုမြို့သည် သေနင်္ဂဗျူဟာအရ အရေးပါသော်လည်း စစ်တပ်၏ တန်ပြန်ထိုးစစ် ရပ်တန့်နေပြီး စစ်ကောင်စီတပ်များသည် ခြုံခိုတိုက်ခိုက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း ခံနေရသည်။
လူအင်အားပြဿနာကြောင့် အတင်းအကျပ် စစ်သားစုဆောင်းနေရပြီး စစ်ဆင်ရေးများကို ဘဏ္ဍာရေးအရ ထိန်းသိမ်းထားနိုင်စွမ်း ရှိ၊ မရှိဆိုသည့် အချက်သည်လည်း အရေးပါလာသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စီးပွားရေးကို ရိုက်ချိုးသောကြောင့် မြန်မာနိုင်ငံ မွဲပြာကျနေသည်။
စစ်ကောင်စီသည် ဆယ်စုနှစ်တခုကြာ စီးပွားရေးတိုးတက်မှုကို ဖျက်ဆီးလိုက်သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြားတွင် မြန်မာ့စီးပွားရေးသည် တနှစ်လျှင် ပျမ်းမျှ ၆ ရာခိုင်နှုန်း တိုးတက်ပြီး ဒေသတွင်း တိုးတက်မှုအမြန်ဆုံး စီးပွားရေးများအနက် တခုဖြစ်လာသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်။
စီးပွားရေးသည် ၂၀၂၁ ခုနှစ်က စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည့် အဆိုးဆုံးအခြေအနေမှ ပြန်လည် နာလန်ထလာသော်လည်း အာဏာသိမ်းပြီးနောက် ၁၂ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ သတိထားခန့်မှန်းချက် ၁ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုသည် လက်လှမ်းမမီသကဲ့သို့ ဖြစ်နေသည်။
ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်း
စစ်တပ်သည် ၎င်းတို့၏ မကျွမ်းကျင်မှုဖြင့် နိုင်ငံကို ဆင်းရဲတွင်းသို့ ပြန်လည်ဆွဲချသည်။ ယနေ့တွင် လူဦးရေ ၅၅ သန်း၏ ၅၀ ရာခိုင်နှုန်းကျော်သည် ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားသည်။
မကြာသေးမီက ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အစီရင်ခံစာတခုတွင် အခြေအနေမှာ လွန်စွာဆိုးရွားနေပြီး ဖြေဆိုသူများ၏ ၄၉ ဒသမ ၇ ရာခိုင်နှုန်းသည် တနေ့လျှင် ၇၆ ဆင့် (အမေရိကန် ဒေါ်လာ ၀ ဒသမ ၇၆) အောက် ဝင်ငွေဖြင့် နေထိုင်ကြရသည်။ ထိုအရေအတွက်သည် ၂၀၁၇ ခုနှစ်ကထက် နှစ်ဆ မြင့်မားသည်။ အာဏာသိမ်းပြီးနောက် မြို့နေလူလတ်တန်းစား ၅၀ ရာခိုင်နှုန်း ပြိုလဲသွားကြောင်း UNDP က ဖော်ပြသည်။
စီးပွားရေးသည် ၂၀၂၁ ခုနှစ်က စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၁၈ ရာခိုင်နှုန်း ကျုံ့သွားသည့် အဆိုးဆုံးအခြေအနေမှ ပြန်လည် နာလန်ထလာသော်လည်း အာဏာသိမ်းပြီးနောက် ၁၂ ရာခိုင်နှုန်း ကျဆင်းနေဆဲဖြစ်သည်။
ငွေကြေးဖောင်းပွမှု လွန်စွာမြင့်မားနေပြီး ၁၈ ရာခိုင်နှုန်းအထက်တွင် ရှိသည်။ သို့သော် ၂၀၂၃ ခုနှစ် နှစ်လယ်တွင် ငွေကြေးဖောင်းပွမှု ၂၉ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာဘဏ်က ဖော်ပြသည်။ အာဏာသိမ်းပြီးနောက် အစားအသောက် ဈေးနှုန်းများ သုံးဆ တိုးလာပြီး ဆန်ဈေးသည် နှစ်ဆ တက်သွားသည်။
ကမ္ဘာ့ဘဏ်၏ စစ်တမ်းတခုအရ ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းများသည် စွမ်းရည် ၅၆ ရာခိုင်နှုန်းသာ လည်ပတ်နိုင်ပြီး ၂၀၂၂ ခုနှစ်ကထက် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ထို့ကြောင့် အခွန်ရရှိမှုလည်း ကျဆင်းသည်။
အာဏာသိမ်းမှု နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့မှလွဲပြီး ဝင်ငွေရင်းမြစ်များအားလုံး ကျဆင်းသည်ဟု စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ စီးပွားရေး အခြေအနေများကြောင့် တစိတ်တပိုင်းပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ကုန် သပိတ်မှောက်ခြင်း၊ စင်ပြိုင် ထီလုပ်ငန်း ထူထောင်ခြင်းနှင့် ကော်ပိုရိတ်လုပ်ငန်းများ အခွန်မဆောင်ဘဲ သီးခြားထိန်းသိမ်းထားရေး လှုပ်ရှားမှုကြောင့်လည်း ပါဝင်သည်။
တချိန်က ဝင်ငွေကောင်းသော လုပ်ငန်းများဖြစ်သည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့သည် ဝင်ငွေ အကြီးအကျယ် ဆုံးရှုံးနေသည်။ အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် ၎င်းတို့လစာငွေများ၏ တစိတ်တပိုင်းကို အတင်းအကျပ် ရင်းနှီးမြှုပ်နှံထားရသည့် စစ်သားများကို အမြတ်ငွေ မခွဲဝေနိုင်တော့ပေ။
အခွင့်ထူးခံ တရုတ်နှင့်ထိုင်း စီးပွားရေးလုပ်ငန်းများမှအပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံမှထွက်ပြေးကုန်သည်။
အခွင့်ထူးခံ တရုတ်နှင့်ထိုင်း စီးပွားရေးလုပ်ငန်းများမှအပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံမှထွက်ပြေးကုန်သည်။
တချိန်က အောင်မြင်သည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုကို အတိုက်အခံအင်အားစုထံ ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရန် ကြိုးစားသည့်စစ်တပ်က အပြင်းအထန် စောင့်ကြည့်နေသည်။
နယ်စပ်ဂိတ်များကို ဆုံးရှုံး
စစ်ကောင်စီသည် ဒေါ်လာ မလုံမလောက် ဖြစ်လာသောကြောင့် အငြင်းပွားဖွယ် ငွေကြေး ထိန်းချုပ်မှုများ ဖြစ်စေပြီး ပို့ကုန်သွင်းကုန်သမားများကို ထိခိုက်စေသည်။ ၂၀၂၄ ခုနှစ်၊ ပထမ သုံးလ ကာလတခုတည်းတွင်ပင် ကျပ်ငွေတန်ဖိုး ၁၆ ရာခိုင်နှုန်း ကျဆင်းပြီး ရွှေဈေး ၂၂ ရာခိုင်နှုန်း တက်သွားသည်။
စစ်ပွဲသည်လည်း စီးပွားရေးကို တနည်းတလမ်းဖြင့် ထိခိုက်စေသည်။ စစ်ကောင်စီသည် နယ်စပ်ဂိတ် ၁၁ ခုကိုသာ ထိန်းချုပ်နိုင်တော့ပြီး အကောက်ခွန်ဝင်ငွေ သိသိသာသာဆုံးရှုံးနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်မှ လွယ်ဂျယ် နယ်စပ်ဂိတ်ကို သိမ်းပိုက်ပြီး စစ်ကောင်စီအောက်တွင် အလတ်စားနယ်စပ်ဂိတ် ကန်ပိုက်တီသာ ကျန်တော့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ရှမ်းပြည်နယ်မှ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို သိမ်းပိုက်ထားပြီး ထိုဂိတ်မှ အခွန်ငွေကို MNDAA က ၈၀ ရာခိုင်နှုန်းနှင့် စစ်ကောင်စီက ၂၀ ရာခိုင်နှုန်းခွဲယူရန် တရုတ်က ကြားဝင်စေ့စပ်ပေးသည်။
စစ်ကောင်စီသည် မူဆယ်ကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် ထိုမြို့ပတ်ပတ်လည်ကို ဝိုင်းထားကာ လားရှိုးသို့သွားသည့်လမ်းများကိုထိန်းချုပ်ထားပြီး အခွန် စတင်ကောက်ခံနေသည်။
စစ်ကောင်စီသည် ရှမ်းပြည်တောင်ပိုင်း တာချီလိတ်၊ မွန်နှင့် တနင်္သာရီမှ နယ်စပ်ဂိတ် အငယ်စားများကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။
မြန်မာနိုင်ငံအနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) ၏ ရခိုင်မြောက်ပိုင်းတွင် အာဏာခိုင်မာလာခြင်းနှင့် ချင်းပြည်နယ်မှ တော်လှန်ရေးအင်အားစုများ ရှေ့ဆက် ချီတက်လာခြင်းကြောင့် စစ်ကောင်စီသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်များကို ဆုံးရှုံးသွားသည်။
လူဦးရေ နှစ်သိန်းခန့်ရှိသော မြဝတီကို ဆုံးရှုံးခြင်းသည် စစ်ကောင်စီအတွက် ပြင်းထန်သော ဘဏ္ဍာရေး ထိုးနှက်ချက်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ မဲဆောက်သို့သွားသည့် တံတား နှစ်ခုရှိပြီး ထိုမြို့သည် မြန်မာတွင် အကြီးမားဆုံး နယ်စပ်ဂိတ်ဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖိုးရှိပြီး နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု၏ ၂၃ ရာခိုင်နှုန်းနှင့် ညီမျှသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကုန်သွယ်ရေး၊ အထူးသဖြင့် ပို့ကုန် သိသိသာသာ ကျဆင်းကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံဖိုးသာ ရှိတော့သည်ဟု ဆိုသည်။
အကြီးအကျယ် ငွေကြေးဖောင်းပွမှု ခြိမ်းခြောက်နေ
နယ်စပ်ဂိတ်များကို စစ်ကောင်စီအရာရှိများ စောင့်ကြပ်နေဆဲဖြစ်သော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဒေသခံနယ်ခြားစောင့်တပ်များသည် မြို့၏ အစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ထားပြီး အကောက်ခွန် အပါအဝင် ၎င်းတို့၏ သီးခြားအုပ်ချုပ်ရေးကို တချိန်ချိန်တွင် ထူထောင်မည်ဟု ကတိပြုထားသည်။
ဒေါ်လာဖြင့် ရောင်းဝယ်မှုကို ထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ကို အမေရိကန် ပြည်ထောင်စုက ချမှတ်သည့် အရေးယူပိတ်ဆို့မှုက ၎င်းတို့၏ ဒေါ်လာ မလုံလောက်မှုကို ပိုမိုဆိုးရွားစေသောကြောင့် ဒေသတွင်း ငွေကြေးများဖြင့် ကုန်သွယ်ရေးကို ဦးစားပေးလုပ်နေချိန်တွင် နယ်စပ်ကုန်သွယ်ရေး ဆုံးရှုံးမှုသည် စစ်ကောင်စီအတွက် လွန်စွာထိခိုက်နစ်နာသည်။
နယ်စပ်ဂိတ်များကို စစ်ကောင်စီအရာရှိများ စောင့်ကြပ်နေဆဲဖြစ်သော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဒေသခံနယ်ခြားစောင့်တပ်များသည် မြို့၏ အစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ထားပြီး အကောက်ခွန် အပါအဝင် ၎င်းတို့၏ သီးခြားအုပ်ချုပ်ရေးကို တချိန်ချိန်တွင် ထူထောင်မည်ဟု ကတိပြုထားသည်။
စစ်ကောင်စီသည် မည်သည့် စီးပွားဘက်နှင့်မဆို စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ချက် ကင်းမဲ့စွာ အရှိန်မြှင့် လုပ်ဆောင်နေသည်။ ဧပြီလ ၉ ရက်နေ့တွင် စစ်ကောင်စီသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ တိုက်ရိုက်ငွေပေးချေမှုနှင့် မော်စကိုနှင့်ရန်ကုန်အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ရန် ရုရုားဦးဆောင်သည့် ကုန်သွယ်ရေးအုပ်စုတခုနှင့် တွေ့ဆုံဆွေးနွေးသည်။ ယူရေးရှန်း စီးပွားရေး ကော်မရှင်ဘက်သို့ လှည့်ရခြင်းသည် စစ်ကောင်စီတွင်ရှိသည့် ရွေးချယ်စရာ အနည်းငယ်အနက် တခုသာဖြစ်သည်။
လတ်တလော မရေရာမသေချာသည့် ကိစ္စမှာ စစ်ကောင်စီလိုလားသည့် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော ဒေသများမှ တရားမဝင်စီးပွားရေး အင်အားချိနဲ့လာခြင်း ဖြစ်သည်။ နေပြည်တော်နှင့် လမ်းခွဲရန် ကြိုးစားရင်း ဗိုလ်မှူးကြီး စောချစ်သူသည် သူ၏နယ်ခြားစောင့်တပ်ကို ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အမည်ပြောင်းလိုက်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှ အဓိက ငွေကြေးလိမ်လည်သည့် နေရာများအနက်တခုဖြစ်သော ရွှေကုက္ကို ပြင်ပတွင် ပြင်းထန်သော တိုက်ပွဲများဖြစ်နေသော်လည်း အတိုက်အခံအင်အားစုများသည် ထိုဒေသကို သိမ်းယူခြင်း မပြုသေးပေ။
MNDAA သည် တရုတ်နှင့် အကြီးအကျယ် ပူးပေါင်းဆောင်ရွက်ပြီး တရုတ်ဝရမ်းပြေး ထောင်ပေါင်းများစွာကို ကူညီပို့ဆောင်ပေးသော်လည်း KK Park I နှင့် II, Family Park, Gate 25, Huanya, Xingua နှင့် Dongmei အပါအဝင် အဓိက ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ဆက်လက် ဖွင့်လှစ်လုပ်ကိုင်နေသည်။
စစ်ကောင်စီသည် အဆင့် ၇ ရှိ အဆင့်မြင့်အရာရှိ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပည့်များ အပါအဝင် အဆင့်မြင့်အရာရှိများကို ဓားစာခံလုပ်သည်။ သို့သော် ၎င်းတို့သည် ဓားစာခံများ ဖြစ်သော်လည်း ရာထူး ဆက်လက်တည်မြဲနေသည့် အခြား အကျင့်ပျက်ဗိုလ်ချုပ်များနှင့် လုံးဝ ကွဲပြားခြားနားမှုမရှိပေ။
လက်ရှိအချိန်အထိ စစ်ကောင်စီသည် ကြိုတင်ခန့်မှန်းကြသကဲ့သို့ ဝါဇီရှိ ငွေစက္ကူပုံနှိပ်စက်ကို အားမကိုးသေးပေ။ သို့သော် စစ်ကောင်စီသည် ငွေကြေး ပိုမိုပြတ်လပ်လာသောကြောင့် ထိုသို့သာ ငွေစက္ကူ ပုံနှိပ်ထုတ်ဝေရမည် ဖြစ်သည်။
ဗိုလ်ချုပ်များကြောင့် ဖြစ်လာသည့် အရပ်သားများကို အကြီးအကျယ် ပစ်မှတ်ထားသော လူသေဆုံးမှုနှင့် ကံဆိုးမိုးမှောင်ကျမှုအပြင် ပြင်းထန်သော ငွေကြေးဖောင်းပွမှု ခြိမ်းခြောက်မှုသည် နီးကပ်လာပြီဖြစ်သည်။
(RFA ပါ Zachary Abuza ၏ Myanmar’s Economy Is Still In Free Fall ကို ဘာသာပြန်သည်။ Zachary Abuza သည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)
You may also like these stories:
မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်
၁၀၂၇ စစ်ဆင်ရေး အတွင်း စစ်ကောင်စီ ဆုံးရှုံးမှုများ
စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး
အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး