စစ်ကိုင်းတိုင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ရေးအရှိန်မြှင့်မည်ဟု ထုတ်ပြန်ပြီးနောက် ကလေးမြို့ပေါ် နှင့် အနီးဝန်းကျင်ရွာများ၌ နေ့စဉ် နေရပ်စွန့်ခွာလာကြကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်က ကလေး ပကဖမှ နောက်ဆုံးသတိပေး နှိုးဆော်ချက် ဆိုကာ မိဘပြည်သူများ အသက်အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် မြို့အတွင်းမှ ထွက်ခွာ အမြန်ဆုံး ရှောင်ရှားပေးကြပါရန်လည်း တိုက်တွန်းထား ရာ ကြေညာပြီးနောက် မြို့ခံ များ နေရပ်စွန့်ခွာကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “မြို့ပေါ်မှာ စစ်ရေးအရ လုံခြုံမှုမရှိနိုင်တော့တာကြောင့် မြို့ခံတွေ စွန့်ခွာတဲ့ အနေ အထားကတော့ ခန့်မှန်း ၆၅ ရာခိုင်နှုန်းလောက်ထိ ရှိနိုင်တယ်။ မြို့ အနောက်ဘက်က ပြည်သူတွေအနေနဲ့ သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေနဲ့ လူငယ်လူရွယ်တွေက နီးစပ်ရာ ဘေးလွတ်ရာ ရှောင်ကြတာပေါ့” ဟု ပြောသည်။
ကလေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် တာဟန်၊ မွန်းလိုင်၊ ကြို့သုံးပင်၊ လှိုင်သာယာ၊ ကိုးမိုင်ရပ်ကွက်များနှင့် အနီးဝန်း ကျင် ကျေးရွာများနှင့်အတူ ချင်းပြည်နယ် ခိုင်ကမ်းမြို့ဒေသခံများပါ စစ်ဘေးရှောင်နေကြရပြီး တချို့မှာ အိန္ဒိယ နယ်စပ် နှင့် ဘေးလွတ်ရာ မြို့များ၊ ကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
ကလေးမြို့ခံတဦးက “မြို့ပေါ်မှာ တိုက်ပွဲတွေ အရှိန်မြှင့်မယ်လို့ ကြေညာပြီးကတည်းက မြို့ပေါ်ကနေ တော်တော် များ များ ရှောင်ကြပြီ။ ပိုက်ဆံရှိတဲ့သူတွေကတော့ ကားတွေငှားပြီး ရွှေ့နေကြသလို လေယာဉ်နဲ့ပါ ထွက်နေကြတာ၊ ပိုက်ဆံ မတတ်နိုင်ကြတဲ့သူတွေနဲ့၊ ရှောင်စရာနေရာမရှိတဲ့၊ အိမ်စောင့်သူတွေတော့ မြို့ထဲမှာ ကျန်နေသေးတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက်က စတင်ပြီး လက်ရှိအချိန်ထိ ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးဝန်းကျင်တွင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားနေပြီး ကလေးဒေသတခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ၅ သောင်းခန့် ရှိကြောင်း သိရသည်။
ကလေးမြို့တိုက်ပွဲများတွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်နေသလို အရပ်သားများ၊ စစ်ဘေးရှောင်နေရာများကိုပါ ပစ်ခတ်နေကြောင်း သိရသည်။
“တိုက်ပွဲတွေက ဒီလထဲမှာ ခပ်စိပ်စိပ်ဖြစ်လာတော့ တော်တော်များများ မြို့ကနေ ထွက်နေကြပြီ၊ အဲဒီလို ထွက်နေကြ ပေမယ့် လွယ်လွယ်ကူကူ ထွက်နေရတာမျိုးတော့ မဟုတ်ဘူး။ အချို့ကလည်း ဖြစ်လာသမျှကို ရင်ဆိုင်မယ်ဆိုပြီး အခု အချိန်ထိနေနေကြတဲ့သူတွေလည်း ရှိတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုပိုင်းတွေကတော့ ရှောင်ကြတယ်၊ မြို့ထဲမှာ အိမ်စောင့်အနေနဲ့ ကျန်ခဲ့တာတွေလည်း ရှိနေတယ်” ဟု အခြား ကလေးမြို့ခံတဦးက ဆိုသည်။
ထို့အတူ ကလေးမြို့သို့ သွားလာနိုင်သည့် မဟာမြိုင်လမ်း၊ ကလေးဝလမ်းများလည်း ပိတ်ထားသောကြောင့် ကုန်ဈေး နှုန်းများလည်း အဆမတန်မြင့်တက်နေသလို ကလေးမြို့မှ အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါမြို့သို့ ပြေး ဆွဲနေသည့် ယာဉ်လိုင်းများမှာ ကားခအနေဖြင့် တဦးလျှင် ၂ သိန်းကျပ်ထိ ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။
ကလေးမြို့ ပကဖ မှ တာဝန်ရှိသူတဦးက “ကလေးမြို့ခံတွေနဲ့ အနီးဝန်းကျင်က ဒေသခံတွေအနေနဲ့ ဘယ်ကိုမှ မသွား ဘူး ဆိုပြီး ပေကပ်နေတာမျိုးတွေ မလုပ်ဘဲနဲ့ ရှောင်တိမ်းပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ တော်လှန်ရေးအင်အားစု တွေ ရဲ့ ထုတ်ပြန်ချက်တွေကို ပူးပေါင်းတဲ့အနေနဲ့ လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးခြင်း က ကိုယ့်အသက်ကို တန်ဖိုးထားပြီး ကာကွယ်ရာရောက်သလို ရဲဘော်တွေရဲ့ အသက်ကိုလည်း ကာကွယ်ပေးရာ ရောက်ပါ တယ်” ဟု ပြောသည်။
ကလေးမြို့တိုက်ပွဲများ အရှိန်မြှင့်မည်ဟု ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် အရပ် သား ထိခိုက်သေဆုံးမှုများလည်းရှိနေကြောင်း မြေပြင်တွင် ကွင်းဆင်း မှတ်တမ်းယူ ကူညီပေးနေသူတဦးက ဆိုသည်။
“စစ်ကောင်စီက နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ မြို့ထဲမှာ ပစ်သတ်တာမျိုးတွေထိ ရှိ တယ်၊ သေဆုံးမှုကတော့ ၃၀ လောက်ထိ ရှိနေပြီ။ ကလေးမြို့ ပေါ်မှာတင် ၁၂ ဦးကနေ ၁၅ ဦးထိ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတယ်။ ကလေးတောင်ပိုင်းဒေသခံ သေဆုံးမှုတွေနဲ့ပါဆိုရင် ၃၀ လောက်ထိ ရှိနေပြီ” ဟု ၎င်းက ပြောသည်။
တောင်ဖီလာကျေးရွာ၌ လက်နက်ကြီးတပ်ဆင်ကာ တပ်စွဲထားသည်မှာ ၂ နှစ် ကျော်ရှိပြီဖြစ်သော အမြောက်တပ်မှ ပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ဒီနေ့လည်း ကလေးမြို့အနောက်တောင်ဘက်က စက္ကန့်ရွာကို ပြန်ရဖို့ စစ်ကြောင်း ၂ ခု အင်အားအလုံးအရင်းနဲ့ကို ထိုး ဝင်နေတယ်။ ပြီးတော့ ကလေးတောင်ပိုင်း ချင်းနဲ့ စစ်ကိုင်းအစပ်က ကမ္ပနီဘက်မှာလည်း ဂန့်ဂေါဘက်က ပျူစောထီး တွေက အင်းအားအလုံးအရင်းနဲ့ ထိုးနေတယ်။ ကမ္ပနီဆိုတာ ၁၀၂၇ စစ်ဆင်ရေးတုန်းက ရရှိခဲ့တဲ့စခန်းပေါ့၊ လက်ရှိ အနေ အထားမှာ ယာယီ ပြန်ပေးလိုက်ရတဲ့အခြေအနေမှာ ရှိတယ်” ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ယခုအခါ ကလေးမြို့နယ်အား ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက စစ်တပ်နှင့် ရဲတပ်ဖွဲ့အပြင် ပျူစောထီးအင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ၆ ခုခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ကာ ပျူစောထီး စစ်ကြောင်းတခုလျှင် အင်အား အနည်းဆုံး ၂၅၀ မှ ၄၀၀ ခန့်ထိ ပါဝင်သလို စစ်တပ် စစ်ကြောင်းများတွင်လည်း အနည်းဆုံး ၁၂၀ မှ ၂၀၀ ခန့်ထိ ပါဝင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၏ အနောက်ဘက်အစွန်ဆုံးရှိ ခရိုင်ရုံးစိုက်ရာ မြို့တမြို့ဖြစ်သည့် စတုရန်းမိုင် ၁၈ ဒသမ ၆၀ မိုင်ရှိသော ကလေးမြို့တွင် မြို့ပေါ်ရပ်ကွက် ရပ်ကွက် ၂၀ ရှိပြီး အိမ်ခြေ ၁ သောင်းကျော်ခန့် ရှိပြီး အထက်ချင်းတွင်းဒေသဟု ခေါ်ဆို ပြီး အရှေ့ဘက် မြစ်သာမြစ်မှ အနောက်ဘက် ချင်းတောင်ခြေနှင့် ထိစပ်နေသလို မဟာမြိုင်တော၊ ပုံတောင်၊ ပုံညာ တောင်တန်းများဖြင့် ဝန်းရံထားသော ဒေသတခုလည်း ဖြစ်သည်။
ကလေးမြို့နယ်၏ အရှေ့ဘက်တွင် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ် တီးတိန်၊ ဖလမ်းမြို့နယ်၊ မြောက်ဘက်တွင် တမူးမြို့နယ်၊ မော်လိုက်မြို့နယ်များနှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်များနှင့် နယ်နိမိတ် ထိစပ်နေသည်။
You may also like these stories:
ကလေးတက္ကသိုလ်အနီး စစ်တပ်နှင့် PDF တို့ တိုက်ပွဲ ပြင်းထန်
အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ