စစ်ကောင်စီ စိုးမိုးထားသည့် မန္တလေးတိုင်းကို ထိုးဖောက်ရန် အားမွေးနေသည့် တော်လှန်ရေး တပ်ဖွဲ့ တဖွဲ့မှာ ပြည်သူ့ ကာကွယ်ရေးတပ် မန္တလေး PDF ဖြစ်သည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် အဆိုပါ မန္တလေး PDF သည် မကြာသေးသည့် စက်တင်ဘာ ၁၁ ရက် က ၎င်းတို့၏ ဒုတိယမြောက် စစ်ရေးအစီအမံဖြစ်သော “ကနောင် စစ်ဆင်ရေး” ကို တရားဝင်ကြေညာလိုက် သည်။
“ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ မန္တလေးတိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ဖြစ်တယ်။ ဒီအတွက်ပဲ ကျနော် တို့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ်။ မန္တလေးတိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး လိုအပ်တဲ့ နယ်မြေစိုးမိုးမှု တွေရနိုင်ဖို့ တိုက်ပွဲတွေ ဖော်ဆောင်နေတာဖြစ်ပါတယ်” ဟု PDF (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က
ဧရာဝတီကို ပြောသည်။
ထိုသို့ မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်မည် ဟုဆိုနေသော်လည်း တဖက်တွင် စစ်ကောင်စီတပ်ဘက်က PDF များ ဝင်လာနိုင်သည့် လမ်းကြောင်းများအား ပိတ်ထားနိုင်ရန် ကြိုးစားလျက်ရှိရာ မန္တလေး PDF နှင့် စစ်ကောင်စီ တပ်တို့၏ စစ်ရေးအားပြိုင်မှုသည် စိတ်ဝင်စားစရာကိစ္စ ဖြစ်လာသည်။
မန္တလေး PDF
မန္တလေး PDF သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်ပြီး မြန်မာ နိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်လာသည့် အာဏာသိမ်းမှု ဆန့်ကျင်သော တပ် ဖြစ်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) က စုဖွဲ့ လေ့ကျင့်ပေးထားခြင်း ဖြစ် သည်။ မန္တလေး PDF သည် မောင်းပြန်ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာ (RPG) နှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများ သုံးနိုင်ကြောင်း ၎င်းတို့ ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။
စစ်ရေးလေ့လာသည့် မြန်မာသုတေသီအချို့က မန္တလေး PDF သည် တပ်ရင်းပေါင်း ၇ ရင်း စုဖွဲ့ထားသည်ဟု ခန့်မှန်းပြီး ဥရောပအခြေစိုက် စစ်ရေးလေ့လာသူအချို့ကမူ အင်အား ၁၀၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
မြန်မာသုတေသီတဦးက မန္တလေး PDF သည် TNLA ၏ လေ့ကျင့်ပေးမှုနှင့် စုဖွဲ့ပေးမှု အကူအညီကို ရထားသော်လည်း စစ်လက်နက်ပစ္စည်းများကို မိမိဘာသာ ဖြည့်တင်းထားပုံရကြောင်း ဆိုသည်။
၎င်းက “ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ ယူနီဖောင်းတို့ လက်နက်တို့ခဲယမ်းတို့ကတော့ TNLA အနေနဲ့ ကူညီနိုင်မယ်မထင်ဘူး။ သူတို့မှာလည်း အခက်အခဲ ရှိတာကိုး။ မန္တလေး PDF အနေနဲ့ကတော့ အဲဒါတွေ ကိုယ့်ဟာကိုယ် တပ်ဆင်ရတာပေါ့” ဟု ဆိုသည်။
ပထမဆုံး စစ်ဆင်ရေး
မန္တလေး PDF ၏ ပထမဆုံး တရားဝင်ကြေညာသည့် စစ်ဆင်ရေးမှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် ၂၈ ရက်ကြာ တိုက်ခိုက်သော “သပြေညို စစ်ဆင်ရေး” ဖြစ်သည်။
သပြေညို စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲကြီး ၄ ကြိမ်၊ တိုက်ပွဲငယ် ၁၈ ကြိမ် တိုက်ခဲ့သည် ဟု မန္တလေး PDF က ကြေညာထားသည်။
ယင်းတိုက်ပွဲများသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ် အစပ်နေရာများတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က အင်အား ၂၀၀၀ သုံးကာ တိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF က ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က ခလရ ၁၄၇၊ ခလရ ၂၅၃၊ ခလရ ၂၅၈၊ ခမရ ၅၀၈ စသည့် ခြေလျင်နှင့် ခြေမြန် တပ်ရင်းများအပြင် အမှတ်၂၀၆ အမြောက်တပ်၊ ခမရ ၄၁၉၊ ခမရ ၁၄ သာမက အင်အား ၄၀ ပါ စနိုက်ပါ အထူး တပ်ဖွဲ့နှင့် ပြည်သူ့စစ်များကိုပါ အသုံးပြုခဲ့ကြောင်း PDF (မန္တလေး) က ပြောသည်။
၂၈ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူ အမြောက်အများလည်း သုံးခဲ့သည်။
သပြေညိုစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတဦး၊ တပ်ခွဲမှူး ဗိုလ်ကြီး ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပြီး မန္တလေး PDF ဘက်က တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ ထို ၂ ဖက် ထိခိုက်ကျဆုံးမှုများကို ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ယခုတကြိမ် ဒုတိယမြောက် စစ်ဆင်ရေးဖြစ်သည့် “ကနောင်စစ်ဆင်ရေး” တရပ်ကို မန္တလေး PDF ဘက်က ထုတ် ပြောလာခြင်း ဖြစ်သည်။
ကနောင်စစ်ဆင်ရေး
ကနောင်စစ်ဆင်ရေးကို TNLA နှင့် ပူးပေါင်းကာ ဖော်ဆောင်ခြင်းဖြစ်ကြောင်း မန္တလေး PDF ဘက်က ဆိုသည်။ TNLA ဘက်ကမူ ကနောင်စစ်ဆင်ရေးနှင့် ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောဆိုမှု မရှိပေ။
ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကြားတွင် စစ် ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် က ဆိုသည်။
ကနောင်စစ်ဆင်ရေး၏ အဖွင့်တိုက်ပွဲကို ဇူလိုင် ၁၅ ရက်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့၌ စခဲ့ကြောင်း PDF (မန္တလေး) ၏ စက်တင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
မတ္တရာမြို့ အရှေ့မြောက်ဘက် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်ရှိ အင်ကြင်းမြိုင်ရွာအနီးက စစ်ကောင်စီ၏ အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်ကို နံနက် ၃ နာရီတွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သလို လေကြောင်းရန် ကာကွယ်ရေးတပ်၏ ကာကင်းကုန်းတခုကို မန္တလေး PDF တပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းခဲ့သည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ကို ကူရန်လာသော စစ်ကား ၆ စီးကိုလည်း လမ်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်၏ စစ်ကား ၁ စီး လုံးဝ ပျက်စီးသွားကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။
ယင်းနောက်ပိုင်း ဩဂုတ်လ ၄ ရက်မှ စက်တင်ဘာ ၆ ရက်အထိ နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် မန္တလေး PDF ကြား ၄ ကြိမ်တိုင်တိုင် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာသည်။
နောင်ချိုမြို့နယ် တနေရာ၌ စစ်ကောင်စီ၏ ကားတစီးကို မန္တလေး PDF က ဩဂုတ်လ ၄ ရက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီဘက်က စစ်ကြောင်း ထိုးလာသဖြင့် နောင်ချိုမြို့နယ်ထဲတွင် တိုက်ပွဲ ၃ ကြိမ် ဆက်ဖြစ်သည်။
ဩဂုတ် ၁၁ ရက်၊ ဩဂုတ်၂၆ ရက်နှင့် စက်တင်ဘာ ၆ ရက်တွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားကြောင်း မန္တလေး PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၆ ရက် နောက်ပိုင်းတွင် နောင်ချိုမြို့နယ်၌ တိုက်ပွဲဖြစ်သံ မကြားရတော့ဘဲ နောင်ချိုအနောက် မြောက် ဘက်ရှိ မိုးကုတ်မြို့ တောင်ပိုင်းတွင် ဖြစ်ပွားလာကြောင်း တွေ့ရသည်။
မိုးကုတ် တောင်ပိုင်း တောင်နီရွာဝန်းကျင် တာဝါတိုင်ကုန်းကို ရောက်လာသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၈ ရက်တွင် မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၀ ရက် နောက်ပိုင်းတွင် မိုးကုတ်တောင်ဘက် ကုန်းစံ (ပလောင်) ရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီး ယင်းတိုက်ပွဲတွင် မိုးကုတ် PDF ဗျူဟာ လက်အောက်ခံ တပ်ရင်း အချို့ TNLA ဘက်က ပါဝင်တိုက်ခိုက်ကြောင်း သတင်းများ တွေ့ရသော်လည်း မန္တလေး PDF ၏ စစ်ရေးလှုပ်ရှားမှု သတင်းများ မတွေ့ရပေ။
မိုးကုတ် PDF နှင့် မန္တလေး PDF တို့၏ စစ်ဆင်ရေးသည် TNLA ၏ စိုးမိုးနယ်မြေတိုးချဲ့ရေး အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာသည့်အဖွဲ့အချို့ သုံးသပ်မှုများရှိသည်။
နောင်ချိုဘက်တွင်မူ စစ်ကောင်စီ၏ တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၇ နှင့် စကခ – ၁ လက်အောက်ခံ ခမရ ၅၀၂ တို့မှ အင်အား ၄၀၀ ခန့်ဖြင့် တပ်ဆိုင်ထားပြီး စစ်ရေးတင်းမာနေကြောင်း မန္တလေး PDF က ပြောသည်။
ကနောင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၆ ဦး သေဆုံးပြီး စစ်ကောင်စီထံက ရိုင်ဖယ်၂၂ လက်နှင့် ဆက် စပ်လက်နက်ခဲယမ်းများ သိမ်းဆည်းမိကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။ လက်ရှိတွင် ကနောင်စစ်ဆင် ရေးသည် မပြီးသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
မန္တလေး PDF ရဲ့ အလားအလာ
စစ်ရေးလေ့လာသည့် သုတေသီတဦးကမူ မန္တလေး PDF သည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်၂ ခုဖြစ်သည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကြားနေရာကို ထိုးဖောက်ရန် ကြိုးပမ်းနေပုံရ ကြောင်း ဆိုသည်။
၎င်းက စစ်ကောင်စီဘက်ကလည်း တိုက်ပွဲအဖြစ်များသည့် နောင်ချိုတွင် တပ်များချထားသလို ပြင်ဦးလွင်၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တောင်ဘက်ခြမ်းတွင်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ ချ ထားကြောင်း ပြောသည်။
စစ်ရေးလေ့လာသည့် သုတေသီတဦးက “စစ်တပ်ကလည်း တပ်အင်အား အလုံးအရင်းနဲ့ ချထားတဲ့အခါမှာ သူတို့ ခက်ခက်ခဲခဲ ထိုးဖောက်ရမယ် ထင်ပါတယ်။ ဒီနှစ်အတွင်း ပြီးခဲ့တဲ့ တိုက်ပွဲတွေ ကြည့်ရတာတော့ မန္တလေး PDF ရဲ့ လေ့ကျင့်စုဖွဲ့မှုနဲ့ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်အရတော့ ထိုးဖောက်လာနိုင်လိမ့်မယ် ထင်ပါတယ်” ဟု ဆိုသည်။
မန္တလေး PDF ၏ မိတ်ဖက် လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် မတ္တရာမြို့နယ်အခြေစိုက် မတ္တရာမျိုးမှန်အဖွဲ့ကလည်း ကနောင်စစ်ဆင်ရေးကို ကြိုဆိုကြောင်း ဧရာဝတီကို ပြောသည်။
မတ္တရာမျိုးမှန်အဖွဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက မန္တလေး PDF ချီတက်လာပါက သတင်းအချက်အလက်နှင့် ထောက်ပံ့ပို့ဆောင်ရေးကိစ္စများ ကူညီသွားမည်ဖြစ်ကြောင်း ဆိုသည်။
၎င်းက “ကျနော်တို့ရဲ့ ၂ နှစ်တာ စစ်ရေးပြင်ဆင်မှုဟာ MOD PDF တွေ ဆင်းလာဖို့ကို မျှော်လင့်တာပေါ့။ ဒီအတွက် ကျနော်တို့က ကြိုတင်ပြင်ဆင်ရတာ။ ကျနော်တို့က ကနောင်စစ်ဆင်ရေးလိုမျိုး MOD ရဲ့ အင်အားကြီးမားတဲ့ စုဖွဲ့မှု ကောင်းတဲ့ COC ကောင်းတဲ့ တပ်ရင်းတွေ ဆင်းဖို့အတွက် မျှော်နေတာကြာပြီ။ ကျနော်တို့ကတော့ ကြိုဆိုတယ်။ အားရဝမ်းသာမှု ရှိတယ်။ အခုက ဆင်းလာလို့ရတဲ့ အနေအထားလည်း ရောက်နေပြီ” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် အရှေ့ဘက်နှင့် အနောက်ဘက်တွင် တပ်ရင်း၂ ရင်းဖြင့် စစ်ရေးလှုပ်ရှားနေပြီး ပျူစောထီး အင်အား ၄၀၀ ခန့်ကိုလည်း စုဖွဲ့လေ့ကျင့်ထားကြောင်း စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အခုဆို မတ္တရာမှာ သူတို့ရဲ့ ရည်မှန်းချက်၂ ခု တွေ့ရတယ်။ တခုက ဧရာဝတီ မြစ်ကြောင်းပေါ့။ မြစ်ကြောင်းလုံခြုံရေးပေါ့။ ဧရာဝတီ မြစ်ကြောင်း မဆုံးရှုံးရရေးအတွက် ကြိုးစားတာတွေ့ရတယ်။ နောက်တခုက မန္တလေး- မိုးကုတ်လမ်း။ ဒါက သူတို့အတွက် အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းပေါ့။ ဒီလမ်းကြောင်း ၂ ခု မဆုံးရှုံး နိုင်ရေးအတွက် ပြင်ဆင်နေတာ တွေ့ရတယ်။ သူတို့ဘက်က ခံစစ်ကို ပုသိမ်ကြီးမြို့နယ်ဘက်မှာ ပြင်ထားတာ တွေ့ရ တယ်။ ဥပမာ- လက်နက်ကြီးတပ်တွေ ထိုင်တာ၊ ပြင်ဆင်တာ။ လက်နက်ကြီး စမ်းသပ်ဖောက်ခွဲတာတွေ ရှိနေတယ်။ တပ်ချမှုတွေ တွေ့ရတယ်” ဟု ဆိုသည်။
စစ်ကောင်စီဘက်က မြေပြင်တွင် ခံစစ်ပြင်မှုတချို့ရှိနေသော်လည်း မန္တလေး PDF ဘက်ကမူ စစ်ဆင်ရေးကို အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ပြောသည်။
မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “လက်ရှိမှာ ကနောင်စစ်ဆင်ရေးက အဆုံးမသတ်သေးသလို ထပ်ပြီးတော့ ပြင်းထန်ဖို့ ရှိတယ်။ အဲဒီလိုပဲ ကနောင်စစ်ဆင်ရေး နောက်ပိုင်း ဘယ်လိုစစ်ဆင်ရေးမျိုးမှာမဆို လက်ရှိ စစ်ဆင်ရေးအရှိန်ထက် တိုးမြှင့် ဖော်ဆောင်သွားဖို့ ရှိပါတယ်” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ
၂ နှစ်အတွင်း စစ်ကောင်စီ တိုက်ခိုက်ရေးတပ် ထက်ဝက်ဆုံးရှုံးဟု NUG ပြော