“ဦးလေး၊ ဒေါ်ဒေါ်။ ဂျာနယ်ကျော် ဒေါ်မမလေး ဆုံးပြီတဲ့၊ ဟောဒီမှာ နာရေး ပါလာတယ်”
“ဟယ်”
ကျမ ဒီတခွန်းပဲ ပါးစပ်က ထွက်သွားတယ်။ ပြီးတော့ ဘာမှ ဆက်မပြောဖြစ်တော့ဘူး။
မမခင်လို့ ခေါ်တဲ့ ဒဂုံခင်ခင်လေး အနိစ္စ ရောက်တယ် ကြားတုန်းက နှမြောလိုက်တာ၊ နေမယ်ဆိုရင် နေစေချင်သေးတယ်။
သူ့လိုင်းမှာ သူ့ကလောင်ကို မချဘဲ အိုမင်းလာတဲ့ အချိန်အထိ စာရေးနေသေးတဲ့ မမခင်၊ သူ့လိုင်းဟာ တခြားလူ ဝင်ပြီး ရေးလို့မရတဲ့ လိုင်း၊ ကျမလည်း မန္တလေးသူပဲ၊ မမခင်ရဲ့ လိုင်းကို ကျမ မဝင်နိုင်ဘူး။
ဒါကြောင့် မမခင် အသက်ရှည်နေစေချင်သေးတယ်။ စာတွေ ရေးနေစေချင်သေးတယ်။ မအိုမင်းစေချင်ဘူး။ နို့ပေမယ့် မမခင်ရဲ့ အသက် ၇၀ ကျော်လာတော့ ဇရာက မနေဘူး။ ဇရာပြီးတော့ ဗျာဓိက ဝင်လာတယ်။
မမခင်ကို ကျမ သွားကြည့်တော့ သူ့မှာ ခန္ဓာကိုယ်က ထားရာမနေ စေရာမသွားတော့လို့ မချင့်မရဲ ဖြစ်နေပုံတွေ ပြောပြ နေရှာတယ်။
နောက်မကြာခင်မှာပဲ မမခင် ဆုံးရှာပြီ ဆိုတဲ့ သတင်းရတာပဲ။ ဒီသတင်းကိုကြားတော့ သူ့ကို နှမြောလိုက်တာ၊ အစားထိုး မရတဲ့ ကလောင် တချောင်း ရပ်နားသွားပြန်လေပြီလို့။
ခု ဂျာနယ်ကျော် ဒေါ်မမလေး ဆုံးပြန်သတဲ့။ သူဆုံးတဲ့ သတင်း ကြားလိုက်တော့ နှမြောတာတွေ ဘာတွေ မပေါ်ခင် စိတ်ထဲက မနည်းကြီး တုန်လှုပ်သွားမိတယ်။
ဘာလို့လဲဆိုတော့ သူနဲ့ ကိုယ်နဲ့ အသက်ချင်းလည်း မတိမ်းမယိမ်း၊ ရုန်းကန် လှုပ်ရှားခဲ့ကြတာချင်းလည်း မတိမ်းမယိမ်း၊ သူ ဘယ်မှာပဲနေနေ၊ ဘာတွေပဲ ရေးရေး၊ ကိုယ့်စိတ်ထဲမှာ သူဟာ သိပ်ဝေးဝေး မဟုတ်ဘူး။ ကိုယ်နဲ့ မလှမ်းမကမ်းပဲ။
သူ မန္တလေး လာတဲ့အခါ ကျမနဲ့ တွေ့အားတဲ့အခါလည်း ရှိတယ်။ တွေ့မသွားနိုင်တာလည်း ရှိတယ်။ ကျမ ရန်ကုန် သွားတဲ့ အခါ သူနဲ့ လူချင်းတော့ တွေ့ချင်မှ တွေ့ကြပါတယ်။ နို့ပေမယ့် စိတ်ထဲတော့ သူနဲ့ကိုယ်က အနေမဝေးခဲ့ဘူး။
ဦးလှနဲ ကျမကို ရန်ကုန် ဆူးလေ ဘုရားလမ်း ရတနာပုံ နာရီဆိုင် ပိုင်ရှင် ဦးထွန်းကြိုင်က သူတို့ရွာ ဘုရား ထီးတင်ပွဲကို ဖိတ်လို့ ကျမတို့ နှစ်ယောက် မော်လမြိုင်ကို ဧပြီ လဆန်းထဲက ရောက်နေကြတယ်။
ဦးထွန်းကြိုင်က ကျိုက်မရောနားက ကျိုက်ပဲ့ရံ ရွာသား၊ သူတို့ရွာက ကျက်သရေဆောင် စေတီတော်ကို ထီးတင်မလို့တဲ့။ အဲဒါ ထီးတော် မန္တလေးကို လာပြီးမှာကတည်းက ကျမတို့ နှစ်ယောက်ကို ထီးတင်ပွဲကျရင် လာဖို့ အကြိမ်ကြိမ် ဖိတ်နေတာပါ။ မွန် အမျိုးသားတွေရဲ့ ထီးတင်ပွဲကို ကြုံဖူး၊ မြင်ဖူးအောင်လို့တဲ့။
ဦးလှကလည်း ဦးထွန်းကြိုင်နဲ့ လူချင်း ခင်မင်ရင်းစွဲ၊ ဂေါက်ရိုက်ဖက်တွေ ဖြစ်ကြတဲ့ အပြင် မွန် ရွာတရွာကို ရောက်သွားရလိမ့်မယ်၊ မွန်တွေရဲ့ ဓလေ့ ထုံးစံတွေကို မြင်ရတွေ့ရမယ် ဆိုတော့ သိပ်စိတ်ဝင်စားတယ်။
ဒါကြောင့် ကျနော်တို့ မွန်ဘုရား ထီးတင်ပွဲကို လာမယ်ဗျာလို့ ပြောပြီး တန်ခူး လပြည့် ထီးတင်ပွဲ သွားကြဖို့ ကျမတို့ နှစ်ယောက် ဧပြီ လဆန်းကတည်းက မော်လမြိုင်ကို ရောက်နေကြတယ်။
မော်လမြိုင် ရောက်တော့ စာရေးဆရာ မောင်စူးစမ်းတို့ ဆရာဝန် ကိုတင်စိုး တို့က စက်စဲမှာ ကျမတို့ နှစ်ယောက်ကို အပန်းဖြေ အိမ်မှာ ပထမဆုံး စီစဉ်ထားသတဲ့။ ဒေါက်တာ ကိုတင်စိုး ရဲ့ စက်စဲက အပန်းဖြေအိမ်မှာ နှစ်ရက် နေရမယ်။
မုတ္တမ သင်္ဘောက အဆင်း တခြား ဘယ်မှ မသွား၊ ဘာမှ မလုပ်နဲ့ ဆိုပြီး ကားနဲ့ စက်စဲ တောက်လျှောက် ခေါ်သွားလို့ ပင်လယ်ကမ်းမှာ နှစ်ညအိပ် အပန်းဖြေခဲ့ရသေးတယ်။
အဲဒီက ပြန်မှ ဧပြီလ ၈ ရက်နေ့ ဘုရား ထီးတင်ပွဲ သွားပြီး ၉ ရက်နေ့ ရန်ကုန်ပြန်ဖို့ လက်မှတ် ဝယ်ထားတာပါ။
၇ ရက်နေ့ သတင်းစာမှာ ဂျာနယ်ကျော် ဒေါ်မမလေး ဆုံးတဲ့ နာရေး ကြော်ငြာပါ သတင်းစာကို ကျမတို့ သတင်းထောက် ကိုခင်မောင်လွင်က လာပြနေတယ်လေ။
ဒါကြောင့် သင်္ဂြိုဟ်မယ့် ရက်က ၉ ရက်နေ့ ၂ နာရီ ဆိုတော့ အသုဘတော့ မီနိုင်သေးရဲ့။ ပြန်တဲ့နေ့ ရန်ကုန် ဘူတာက ဆင်းပြီး အသုဘကို တန်းသွားကြမယ်။
မော်လမြိုင် ရထားဟာ ရန်ကုန်ကို နေ့ ၁၁ နာရီလောက် ဆိုက်နိုင်သတဲ့လို့ ပြောလို့ ဝမ်းနည်းကြောင်း ကြေးနန်း တစောင် ကျမတို့အရင် ရောက်နှင့်အောင် အရိုက်ခိုင်းလိုက်ပါတယ်။ အသုဘလည်း ပို့မယ်ပေါ့။
မတင်လှိုင်က ကျမထက် တနှစ်လောက် စောပြီး အိမ်ထောင်ကျတယ်။ ကိုချစ်မောင်က မိန်းမ မယူဘူးလို့ ပြောထားတဲ့ လူမို့ သူ အိမ်ထောင် ပြုတော့မယ် ဆိုတော့ သူငယ်ချင်းတွေထဲမှာ ပြောစရာ သတင်းဆန်း တခု ဖြစ်လာတယ်။
ဒါကြောင့် ဦးလှက ကျမဆီ ရေးတဲ့ စာတစောင်ထဲမှာ ကိုချစ်မောင် တယောက် ဘိုကလေးက သခင်မ မတင်လှိုင် ဆိုတာနဲ့ အိမ်ထောင် ပြုတော့မယ် ဆိုတဲ့ သတင်းကို ထည့်ရေးပါတယ်။
ကိုချစ်မောင် ဈာန်လျှောတာ ဘယ်လို မိန်းမကြောင့်လဲ ဆိုတာကိုလည်း သူ့ အပေါင်းအသင်းတွေက စောင့်ကြည့်ချင်လာ ကြတယ်။
မတင်လှိုင်ကလည်း နောက်တော့ ကြည့်လောက်တဲ့ အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
မတင်လှိုင်နဲ့ ကျမနဲ့ အယူအဆတွေ ကွဲပြားတာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် သူ့ဘဝကို ကျမ အများကြီး နားလည် တယ်။ ကိုယ်ချင်းစာ ကြင်နာတယ်။ သူဟာ အိမ်ထောင်ရေးမှာ ကံမကောင်းရှာဘူး။ အသက်ငယ်ငယ် ကလေးနဲ့ မုဆိုးမ ဖြစ်ရတယ်။
ကိုချစ်မောင်နဲ့ ၈ နှစ်ပဲ ပေါင်းလိုက်ရတယ် ဆိုတော့ သူ ချစ်နှစ်သက် မြတ်နိုးလို့ ပြုတဲ့ အိမ်ထောင်ရဲ့ အိမ်ထောင်သက်ဟာ ဘာမှ ကြာလိုက်တာ မဟုတ်ဘဲကိုး၊ အသက် ၃၀ မှ မပြည့်သေးဘူး မုဆိုးမ ဖြစ်ရရှာတယ်။
အဲဒီတော့ သူက ဖြစ်ရလေခြင်းလို့ စိတ်ပျက် အားငယ်မှုတွေကို ကြာကြာ ရင်ဝယ် ပိုက်မထားဘူး။
မြန်မာမ တယောက်ရဲ့ သတ္တိ ဗျတ္တိ ကို ထုတ်သုံးလာပြီး ကိုချစ်မောင် ရှိတုန်းက လက်ငုတ်ကို ဆက်ပြီး အုပ်စိုးတယ်။ သူ့အစွမ်း သူ့အစတွေကိုလည်း ဖော်ထုတ်လာတယ်။
မတင်လှိုင်ဟာ ဂျာနယ်ကျော်ကို ဆက်လုပ်တယ်။
ပါလီမန် ဒီမိုကရေစီ ကာလကလည်း သတင်းစာဆရာတွေ နေ့တိုင်း ကြိုးတန်း လမ်းလျှောက်ရတဲ့ လွတ်လပ်ခွင့်ပါ။
အဲဒီ အခါမှာ ကျမတို့ ငယ်ငယ်တုန်းက တောထွက် သီလရှင်ကြီး ပုံပြင်ကို ကြားဖူးပါကော။
သီလရှင်ကြီး ပုစွန်လုံးကလေးတွေ တရွရွနဲ့ လယ်ကန်သင်း လျှောက်နေတာ လမ်းမှာတွေ့တော့ စာချင်လို့ ကောက်လာ ခဲ့တယ်။
နို့ပေမယ့် သူကိုယ်တိုင်ကလည်း မသတ်ဝံ့တော့ ဇရပ် ရောက်တဲ့အခါ ရေနွေးအိုး တည်ပြီး အိုးပေါ် တုတ်တံကလေး တင်ထားသတဲ့။ ပြီးတော့ သူဖမ်းလာတဲ့ ပုစွန်လုံးကလေးတွေကို နင်တို့ ဒီတုတ်ပေါ်က ဖြတ်လျှောက်ကြလို့ ခိုင်းသတဲ့။
ပုစွန်လုံးကလေးတွေ ခမျာမယ် တုတ်ကသေးတော့ ဆုံးအောင် မလျှောက်နိုင်ကြဘူး။ အောက်က ရေနွေးအိုးထဲ ချော်ချော် ကျကုန်တယ်။
ပုစွန်လုံးကြီး တကောင်ကတော့ ချောချောမောမော ကူးဖြတ် သွားနိုင်တယ်။ ဒါကို တောထွက် သီလရှင်ကြီးက မြင်တော့ –
“အသင် ပုစွန်လုံး၊ အသင်က ကြီးတယ်၊ နှစ်ခေါက် ပြန်လျှောက်” လို့ ခိုင်းသတဲ့။
ဟစ်တိုင်တို့ အိုးဝေ တို့ လူအုပ်နဲ့ ရိုက်ချိုးခံရတဲ့ အချိန်ကတော့ နှစ်ခေါက် လျှောက်လို့တောင် လိမ့်မကျတာနဲ့ ရိုက်ချတာ ခံကြရတာမျိုးကိုး။
မတင်လှိုင်က မုဆိုးမ ဘဝမှာ ဖြတ်သန်းရတဲ့ ဘဝ ခရောင်းတော အကြောင်းတွေကို အလျဉ်းသင့်တဲ့အခါ ရေးပြတယ်။ ကျမက သူ့ဘဝကို သူရေးပြတာထက် ပိုပြီး နားလည်တာပေါ့။
ဒါကြောင့် သူ့သတ္တိ၊ ဗျတ္တိနှင့် ဇွဲကို ချီးကျူးနေ၊ လေးစားနေတယ်။
နောက်ပြီး မတင်လှိုင်မှာ ကျမ ချီးကျူးတာ တခု ရှိသေးတယ်။ အဲဒါကတော့ သူ့ကလောင်ဟာ သူများနဲ့ မတူတဲ့ ကလောင် တချောင်းလို့ သတိထားမိလို့ပဲ။
မုတ္တမ မော်လမြိုင် ရထားကို ကျမတို့က ခဏခဏ စီးဖူးတာ မဟုတ်တော့ သူ့အထာကို သိပ်မသိလှဘူး။ ရထားပေါ်မှာ ဦးလှနဲ့ နှစ်ယောက်သား ကိုချစ်မောင် အကြောင်း၊ မတင်လှိုင် အကြောင်း၊ ငယ်ငယ်က အကြောင်းတွေကို ပြောရင်း ရန်ကုန် ရောက်ရင် အသုဘ သွားဖို့ပဲ စိတ်စောနေကြတယ်။
နို့ပေမယ့် မုတ္တမ ဘူတာမှာပဲ ရထားက ထွက်မယ်ဆိုတဲ့ အချိန်ကို မထွက်ဘူး၊ ရပ်နေလိုက်တာ အကြာကြီး။ ဘာဖြစ်လို့လဲ မေးတော့ ရှာဖွေရေး လုပ်နေလို့တဲ့ တနာရီ နီးပါး နောက်ကျပြီးမှ ထွက်ခဲ့တယ်။
တော်ပါသေးရဲ့ နောက်ကျပေမယ့် အသုဘ မချခင်တော့ ရောက်မှာပေါ့လို့ အောက်မေ့မိကြတယ်။ လမ်းမှာ နှစ်ကြိမ် အကြာကြီး ရပ်ပြန်ရော၊ ကျိုက်ထိုမှာ တခါ၊ ဘူတာ ငယ်ငယ်တခုမှာ တခါ၊ အဲဒါလည်း ရှာဖွေရေးကြောင့်တဲ့။
မှောင်ခို ဈေးသည်တွေ ကသောင်းကနင်း သိုကြ၊ ဝှက်ကြ၊ တိမ်းကြ ရှောင်ကြတာတွေ ကြည့်မြင်ရပြီး မီးရထားက ဆက်ခုတ်လာတော့ ရန်ကုန် ဘူတာကြီးကို နေ့ နှစ်နာရီ ထိုးခါနီးမှ ဝင်နိုင်ပါတော့တယ်။ အသုဘ ချတာကို မီအောင် သွားဖို့ မဖြစ်နိုင်တော့ဘူး။
ဒါကြောင့်ပဲ အိမ်ကိုသွား၊ ညစာ စားပြီးမှ ဆရာ ဦးသုခကို ခေါ်ပြီး ဦးလှနဲ့ ကျမတို့ ဘောက်ထော်က မတင်လှိုင်တို့ အိမ် သွားကြပါတယ်။
အိမ်မှာ သူ့သမီးရော၊ သူ့သား နှစ်ယောက်ရော၊ ကိုအောင်ဇေယျ ကိုရော လူစုံ တွေ့ရတယ်။ ကိုအောင်ဇေယျက မတင်လှိုင် မန္တလေးကို သွားသေးတယ်။
အဲဒီမှာ ဒေါ်အမာနဲ့ တွေ့ဖို့ အိမ်ကို သွားမယ်လို့ ပြောသေးတယ်။ ဒါပေမယ့် မိုးမိလို့ အအေးပတ်ပြီး ဖျားတာနဲ့ မလာဖြစ်တော့တာ။
အဲဒီကတည်းက စပြီး နေမကောင်း ဖြစ်တာပဲလို့ ပြောပြတော့ နောက်ဆုံး အခေါက် ကျမ မတွေ့လိုက်ရတဲ့ အတွက် ပိုပြီး စိတ်မကောင်း ဖြစ်ရတယ်။
အသုဘ အိမ်မှာ လူစုံတွေ့ရတော့ မတင်လှိုင်ဟာ နောက်ဆုံး အချိန်အထိ သူ့ဆေးနဲ့ သူပဲ ကုတယ်။ ဆရာဝန်ဟာ သူ့အခန်းနားမှာပဲ ကပ်နေတာ ရှိတယ်။ နို့ပေမယ့် အင်္ဂလိပ်ဆေးကို လုံးဝ မမှီဝဲဘူး။
သူ့ဆေး သူ့ဓာတ်စာကိုပဲ မှီဝဲသွားတယ်လို့ ဆိုတာတွေ ပြောပြနေကြတော့ မတင်လှိုင်ဟာ သူယုံကြည်တာကို အစက အဆုံး ဘဝ နိဂုံးအထိ ရွပ်ရွပ်ချွံချွံ လုပ်သွားပေတာပဲ။
တကယ်လို့များ ဝေဒနာ သိပ်ဆိုးလာတဲ့ အခါ တခြားလူတွေ သဘောထားတတ်တဲ့ လှေကွဲစီး သဘောမျိုးနဲ့ ဖြစ်ဖြစ် အင်္ဂလိပ်ဆေးကို မှီဝဲမယ် ဆိုရင် သူ တသက်လုံး ကုသသွားတဲ့ လူနာတွေရဲ့ စိတ်ထဲ ဘယ်လိုရှိ ကျန်ရစ်လေမလဲ၊ သူ့ကိုကော လူတွေက မမေ့သမျှ အထင်သေး မနေရစ်ကြပေဘူးလား။
မတင်လှိုင်ဟာ အာဂ အမျိုးသမီး လို့ ပြောစမှတ် ကျန်ရစ်စေနိုင်ခဲ့သူပါ ကလားလို့ သူ့ဘဝ လမ်းကြောင်းကိုပါ တစိမ့်စိမ့် တွေးရင်း ငေးနေမိပါတယ်။ ။
(စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို သီဟရတနာ စာပေက ၂၀၁၇ ခုနှစ် ဧပြီလတွင် ဂျာနယ်ကျော် မမလေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ထုတ်ဝေသော “ဂျာနယ်ကျော် မမလေးအကြောင်း” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီး လူထု ဒေါ်အမာသည် ၂၀၀၈ နှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ဆရာမကြီး ဂျာနယ်ကျော် မမလေးသည်လည်း ၁၉၈၂ ခုနှစ် ဧပြီလ ၆ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)