ပထမ ပါတီစုံ ဒီမိုကရေစီ ခေတ်ကို ပါလီမန် ဒီမိုကရေစီ ခေတ်လို့လည်း ခေါ်ကြပါတယ်။
၁၉၄၈ ကနေ ၁၉၅၀၊ ၁၀နှစ် အတွင်း ပြည်တွင်း စစ်ကြီးကလည်း ခြိမ့်ခြိမ့်သဲ၊ သူပုန်နဲ့ အစိုးရတိုက်နေတဲ့ သေနတ်သံ မကြားရတဲ့ နေရာ မရှိသလောက်ပဲ ဖြစ်တယ်။ ပြည်သူလူထုကတော့ စစ်ဘေးဒဏ်သင့်ပြီး ဒုက္ခခါးစည်း ခံနေရတဲ့ အချိန် ပဲ။
ဝန်ကြီးချုပ် ဦးနုဟာ သြဇာအရှိန်အဝါ ကြီးသထက်ကြီးလာပြီး ဘုရားဒါယကာ ဖြစ်လိုက်တဲ့အခါ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ ကျေးလက်နေ လူထုကို ကောင်းကောင်း စည်းရုံး နိုင်ခဲ့တယ်။
၁၉၄၈ ခုနှစ် ဦးနုရဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့မှာ ပါဝင်လာတဲ့ ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေက ၁၉၅၃ ခုနှစ်မှာ ဖဆပလ ထဲက ထွက်ပြီး ဦးနုကို ကောင်းကောင်း ဝေဖန်ပါတော့တယ်။
ဦးနုရဲ့ တဗိုလ်တမင်းဝါဒ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်လည်းမရှိ၊ သူပြောသမျှနာခံရမယ် ဆိုတဲ့စိတ်နဲ့ ဖဆပလကို ကြိုးကိုင် ထင်တိုင်း လုပ်ခဲ့တဲ့အကြောင်း သူက ၁၉၅၃ ခုနှစ်မှာ အစိုးရအဖွဲ့မှ ဘာကြောင့်ကျနော် နုတ်ထွက်ရသလဲ ဆိုတဲ့ စာအုပ်ကို ရေးပါတယ်။
နောက် ၁၉၆၂ ခုနှစ် ကျတော့ သူထုတ်ဝေတဲ့ ထွန်းနေ့စဉ် သတင်းစာမှာ အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံး ရသလဲ ဆိုတဲ့ စာအုပ်ကို ထပ်ရေးပါတယ်။
ပါတီထဲမှာဖြစ်ဖြစ်၊ အစိုးရ အဖွဲ့ထဲမှာဖြစ်ဖြစ် တဦးတယောက်က သြဇာထူထောင်ပြီး ငါသိငါတတ်၊ ငါပဲ ခေါင်းဆောင် နိုင်စွမ်း ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ခေါင်းဆောင်လုပ်လာရင် ကျဆုံးတတ်တယ် ဆိုတာကို ဦးထွန်းဖေ က ရေး ထား တာ အလွန် သင်ခန်းစာ ယူစရာ ကောင်းပါတယ်။ အဲဒီအကြောင်းကို စာဖတ်သူတွေ သိပြီးဖတ်ပြီး ကြလိမ့်မယ် လို့ ထင်ပါတယ်။
ဒါပေမယ့် ယခ ုဒုတိယ ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ တူညီနေတာတွေနဲ့ ရွေးကောက်ပွဲ မဲဆွယ်တုန်းက တမျိုး၊ အာဏာ ရ လာတဲ့ အခါ ထင်တိုင်းကြဲပြီး ပြည်သူကို မျက်ကွယ်ပြုနေတာ တမျိုး၊ စစ်အာဏာရှင်ခေတ်နဲ့ မတိမ်းမယိမ်း စာနယ်ဇင်း သမားတွေကို ဖိနှိပ်ပြီး လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာ တမျိုးနဲ့ ဆင်ခြင်မိရင်း ဦးထွန်းဖေရဲ့ ရေးသား ချက်တွေကို တင်ပြ လိုက်ရပါတယ်။
“ဝန်ကြီးချုပ်သည် သူ၏ ဦးနှောက်လှိုင်း၊ ကွန့်မြူးသည့်အခါ ဧရာမ စေတနာကြီးကိုပြကာ ဗလငါးတန် တိုးမြှင့်ရေး အကြောင်း ကို အာပေါင်အာရင်း သန်သန်နှင့် အခါမရွေး၊ နေရာမရွေး ကြွေးကြော်လျက်ပင် ရှိနေပါသည်။
သူ ကြွေးကြော်သောနေရာ၏ ပတ်ဝန်းကျင်တလျှောက်ပင်လျှင် လူပြန်ပေးတွေထနေခြင်း၊ မော်တော် သင်္ဘောများကို လူဆိုးနှင့်သူပုန်များက မြစ်ဝကျွန်းပေါ် မြစ်ကြောင်းတလျှေက်တွင် ရံဖန်ရံခါအပိုင်စီးနေခြင်း၊ မီးရထားလမ်းများကို ဖျက် ဆီး၊ ဗုံးနှင့်ဖောက်ကာ ခရီးသည်တို့၏ လက်ဝတ်လက်စားများ လုယူနေခြင်း၊ သန်းပေါင်းများစွာ တန်သော လူတို့ ၏ အသက်နှင့် ပစ္စည်းအိုးအိမ်များကို မီးနတ်ကြီးအား ပူဇော်ပသနေခြင်း၊ (မီးလောင်ခြင်းကား တားနိုင်၏။) ရန်ကုန် တွင် ဖဆပလ စံပြ ရပ်ကွက်သစ်ကဲ့သို့ နေရာများတွင် စံပြမီးများ လောင်နေခြင်း၊ အိပ်ဆောင် လူဆိုးသူခိုးတို့၏ အသိုက် များကို ရန်ကုန်နေပြည်တော်တဝိုက် လက်ပိုက် ကြည့်ရှုနေကြရခြင်း၊ မြို့နယ်များတွင် သူပုန်ကတမျိုး၊ ပြောက်ကျား က တဖုံ အုပ်စိုးနေသော အိပ်ဆောင် ကျေးရွာများနှင့် ပြွမ်းတီးနေခြင်း၊ ပြည်ထောင်စု အစိုးရ ဋ္ဌာန အချင်းချင်း မုန်းတီး သော စိတ်မျိုးကို တမင်သက်သက် ဖန်တီးပေးခြင်း၊ ရာဇဝင်နှင့် ကပ်ပြီးပါလာသော “ရာဇာတောဝါ” တည်း ဟူသော အစိုးရ မုန်းတီးရေးကို ပပျောက်အောင် ကျနော်တို့ အပူတပြင်း ကြိုးစားနေစဉ် “ဘဝရှင်မင်းတရားကြီး၏” တတိယ ပါတီ က နိုင်ငံတော် မုန်းတီးရေးကို ဖန်တီးပေးခြင်းတို့သည်ကား ဝန်ကြီးချုပ်၏ မျက်စိ အောက်တွင် ဖြစ်ပေါ်နေသော အခြင်းအရာများပင် ဖြစ်ပါသည်။
ထိုသို့ ဖြစ်ပျက်နေသည်ကို သိပါလျက်နှင့် သူသည် ဒီမိုကရေစီ အရောင်ပြကာ သက်ဦးဆံပိုင် ဘုရင်စနစ်ဘက်သို့ သူ၏ တတိယ ပါတီနှင့် တပါတည်းရွေ့လျား နေပါပြီ။
ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်လောင်နေသည့် အခါ နီရိုး ဘုရင်မင်းမြတ်သည် တယော ထိုးနိုင်ရက်ပေတကား ဟူသာ ဆိုထိုက်လှပေတော့သည်။
တနည်းအားဖြင့် ဖော်ပြရသော် ရန်ကုန်မြို့တွင် မီးတွေလောင်စဉ်က ပြသခဲ့ဖူးသော “ကိုးဗားဒစ်(စ်)” ရုပ်ရှင်ဝတ္ထု ရေးသူ ၏ သုံးနှုန်းသော စကားများ အရ “တေးဂီတ တပုဒ်ရေးရန် ဉာဏ်ကလေး တခု ရစေတော့ ဆိုပြီးလျှင် ရောမ မြို့ကြီး မီးလောင်နေသည်ကို နီရိုးဘုရင်သည် ကြည့်ရက်ပေတကား” ဟုသာ ဆိုအပ်လှ ပေတော့သည်။
သူသည် ထို့သို့ ဗလငါးတန်မြှင့်တင်ရေး အတွက် ရုပ်ပျက်ဆင်းပျက်လောက်အောင် အကြွေးကြော်ဆုံး အချိန်အခါတွင် အကျင့်ယုတ်ဆုံး အမျိုးမျိုးနှင့် ကြုံနေသဖြင့် အော်ဟစ်နေနိုင်သူကိုပင် သနားမိပါသည်။
သို့သော် မည်ရွေ့မည်မျှပင် စေတနာ ကောင်းသည်ဟု ဆိုကာ နောက်ပိုင်းကိုပြန်ပြီး မကြည့်တော့ဘဲ ကြွားရက်သော် လည်း လူတွေ ၏ အတိမ်အနက် နှိုက်ပုံ၊ ယူဆပုံကို ကျနော်သည် သူနှင့်သဘောထား မတူနိုင်ပါ။
တိုင်းသစ်ပြည်သစ် ထူထောင်လျှင် ပတ်ဝန်းကျင် တလျှောက်တွင် အစိုးရကို လူမထင်သဖြင့် စော်ကားသည်ဟု ဆိုအပ် သော ပြည်ထောင်စု နယ်နိမိတ်တလျှောက် မြေပေါ်မြေအောက် လူဆိုးများကို ကလနား မသတ်နိုင်သမျှ ကာလပတ် လုံး နေပြည်တော်နှင့် အခြားမြို့များ၏ ပတ်ဝန်းကျင်တွင် “စိတ်ကူး ဗိမာန်ကြီး” ဘယ်နည်းနှင့်မျှ မဆောက်နိုင်၊ လုပ်ကိုင် သမျှ အချည်းနှီး ဖြစ်မည်ကား မလွှဲဧကန် ဖြစ်ပါသည်။
ဝန်ကြီးချုပ်သည် သူ့ဆင်ကြီးကို သူ ငါးနှစ်ကျော် ခြေက်နှစ် နီးပါး စီးလာရာ ဘာမဆို ကလနား မသတ်တတ်သည်မှာ ထင်ရှား နေပါပြီ။ သူ၏ဒဏ်ကို ငါတို့ အလူးအလှိမ့် ခံကြရတော့မှာပဲဟု အားလုံး တွေးတော ပူပန်ကြပေပြီ။ တောင်သူ လယ်သမား တို့သည် သူ၏ဒဏ်ကို ရှိခိုးပြီး ခံနေကြရချေပြီ။
မည်သူတို့မည်သို့ပင် ပြောဆိုစေကာမူ တိုင်းပြည်မှာ တိုးတက်တန်သရွေ့ တိုးတက်နေသည့် အခိုက်အခါမျိုးတွင် အခွင့် ကောင်း ယူကာ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးကိုသာ ဖိပြီး လုပ်သင့်ပါသည်။ သူ မလုပ်တတ်ပါ။ သူသည် သူနှင့်တကွ အခြား ခယ ဝပ်တွားသူတွေ ဘုန်းတော်ကြီးဖို့ အလုပ်တွေကို လုပ်ဖို့ မသင့်၊ တိုင်းပြည်က ကြည်ညိုခြင်းသည် “ဘုန်း” အစစ်ဖြစ်သည်ကို သူ မသိရှာပေ။ သူသည် ငြိမ်ဝပ်ပိပြားရေးကို ဦးစား မပေးတတ်ကြောင်းမှာ ထင်ရှားနေပါပြီ။
ဝန်ကြီးချုပ် နာမည်ကိုယူကာ ဘုရားဆုပန် မင်းယောကျာ်း အဖြစ် ကမ္ဘာအေးစေတီတွင် နောက်ပါ အခြွေအရံနှင့် သာသနာ လုပ်ငန်းဘက်သို့ အလေးတင်းပြီး လုပ်နေပါသည်။ သာသနာရေးကို ဝေဖန်သောသူကို အရူးဟု လက်ညှိုး ထိုးတတ်သော ပညာကို သူ အလွတ်ကျက်ထားပါသည်။ တကယ်မဂ်ဖိုလ်ကိုလိုလျှင် ဝန်ကြီးချုပ် ရာထူးမှချက်ချင်း “နုတ်ထွက်သင့် ပေပြီ” လက်တဖက်တွင် နိုင်ငံရေး အာဏာကို ကိုင်ပြီး အခြားတဖက်တွင် လောကုတ္တရာရေးတွင် သုံးစား နေရက်ခြင်းကား ဗလငါးတန် ခြတက်ခြင်းပင် ဖြစ်ပါသည်။
ယနေ့ ကျနော်တို့နှင့် ပက်ပင်းပါ ရင်ဆိုင်နေကြသော ကမ္ဘာ့အရေးအရဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသည် ကမ္ဘာပေါ်ရှိ အင်အားစုများ ပဋိပက္ခဖြစ်သည့်အခါ ကျနော်တို့ နိုင်ငံ တနိုင်ငံသည် နောက်ဆုံးတွင် အဖတ်တင်နိုင်ရန် ရွယ်ကိုးပြီး စစ်သား စုဆောင်းရန်၊ ကုန်ထွက်လုပ်ငန်း တိုးတက်ရေးကို ရှေးရှု “ဦးစားပေးကာ” လုပ်ကိုင်ရသောအခါ သို့ ရောက်နေပါပြီ။ လက်နက်စုခြင်းသည် ထာဝရငရဲဟုများ ဆိုမည်လားဟု တိုင်းပြည်က တထိတ်ထိတ် ဖြစ်နေကြပါ သည်။
သူသည်တကယ် ငြိမ်းချမ်းရေးကြီး ရနေဘိသည့်အလား၊ သူ့အကြိုက် စိတ်ကူးလုံး ကလေးတွေနှင့် ချိန်ခွင် တဖက် စောင်းကြီး ပြုရက်သောအခြေသို့ ရောက်နေသည်ကို မြင်ကြရပါပြီ။ မျက်စိ ဒေါက်ထောက် ကြည့်ကြစေလိုပါသည်။
ဝန်ချုပ်ရာထူးမှ နုတ်ထွက်ပါရစေဟု သုံးကြိမ်သုံးဖန် ဖဆပလ အမှုဆောင်များသို့ တောင်းပန်ရာ မထွက်ပါနှင့်ဟု တောင်းပန် သူများတွင် ကျနော် တဦး ပါဝင်ခဲ့ပါသည်။
မနုတ်ထွက်ပါနှင့်ဟု တောင်းပန်လေလေ၊ သူ၏ ဘဝရှင်မင်းတရားကြီး စိတ်ဓာတ် တင်းမာ လေလေဖြစ်ပါသည်။ ထိုသို့ ဆိုရခြင်းသည် အထင်လွဲခြင်းပင်လော၊ အထင်တည့်ခြင်းပင်လော တိုင်းပြည်က ဆုံးဖြတ်ရန် တင်ပြလိုပါသည်။
ဝန်ကြီးချုပ်သည် သူနှင့်ပလဲနံပ သင့်သူကိုသာ အစိုးရအတွင်း ထားလိုပါသည်။ ဖုတ်သက်ဝန်ကြီးကို အမြဲချင်ခြင်း တပ် လေ့ ရှိပါသည်။ တိုင်းပြည် ကောင်းစားရေးထက် ကိုကြီးနု မျက်နှာတော် ညိုမည်ကို ပိုပြီး ကြောက်သော သူကိုသာ လို ကြောင်းကို အမြဲ သူသည် ပြသလျက်ရှိပါသည် ဘဝရှင်မင်းတရားကြီး ဖြစ်လျှင် ထိုအပြုအမှုများမှာ မှန်ပါသည်။
ဒီမိုကရေစီ ဝန်ကြီးချုပ် ဆိုလျှင် သူသည် မှားနေကြောင်း ထင်ရှားစေရန် ပြသရခြင်း ဖြစ်ပါသည်။
သူ၏ သူငယ်ချင်းခေါက်ခေါက် ဖြစ်သော မစ္စတာ အမ်အေရာရှစ်ကို ဝန်ကြီးအဖွဲ့သို့ သူသွင်းရန် ကြံစည်စဉ် သူငယ်ချင်း အတွက် ဒေါနှင့်မောနှင့် ကာကွယ်ခဲ့ပါသည်။ ထိုအခါက အိန္ဒိယ သံအမတ်၏ ညီအရင်းကို ကက်ဘိနက်ထဲသို့ သွင်း ခြင်းကား မသင့်၊ သို့သော် ယနေ့မှာမူ အိန္ဒိယ သံအမတ်ကြီး ဒေါက်တာ ရော့ဖ် ဂျပန်ပြည်သို့ ပြောင်းသွားသဖြင့် လက်ခံ ထိုက်သော အခြေအနေသို့ ရောက်နေပါပြီ။
အလောင်းဘုရား မုဆိုးဘိုရွာက ထသည့်နေ့ကစပြီး ယနေ့အထိ ကိုယ့်ဖွားဖက်တော် ရဲဘော်ရဲဘက်ကိုမှ လူထင်သော ခေါင်းဆောင်များတွင် ယနေ့ဝန်ကြီးချုပ်သည် နံပါတ်တစ်ပင် ဖြစ်ပါသည်။ ရှေးက နယ်ချဲ့အင်္ဂလိပ်တို့သည် ရန်ကုန် လှေသင်း နှင့် ဂျင်မခါနာ ကလပ်မှနေ အုပ်ချုပ်သကဲ့သို့ ဝန်ကြီးချုပ်သည် ယနေ့ သူ့လူ ဖွားဖက်တော်များ၊ ဝသကာယများ၊ သူ၏ အဆဲခံများနှင့် တဖက်တွင်တိုင်ပင်ပြီး တဖက်တွင် သာသနာ့ရိပ်သာမှ အုပ်ချုပ်နေပါသည်။ ဖဆပလ အမှုဆောင်သည် ဇာတိမျှသာ တည်ရှိနေပါသည်။ ဖဆပလ သည် အုတ်နံရံ ပန်းချီကားကြီး ပမာသာ တည်ရှိ နေ၏၊ ငြင်းရဲကြ၏ လော”….။
အဲဒီလို ဝန်ကြီးချုပ် ဦးနု အပေါ်ရော၊ ဖဆပလ အဖွဲ့ကြီးရဲ့လုပ်ရပ်တွေအပေါ်ရော ဦးထွန်းဖေ က အကွက်ကျကျနဲ့ ရေး သား ထားတာကို ဖတ်ရပါတယ်။
ပထမ ပါလီမန်စနစ် ကာလတုန်းက လွှတ်တော်ဟာ ပြည်သူတွေ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေး ကြွေးကြော် သံ တွေ ဖြစ်နေတယ်။ ဘတ်ဂျက် ဆွေးနွေးကြပြီဆိုရင် အတိုက်အခံတွေက အထူးသဖြင့် ကာကွယ်ရေး အသုံးစရိတ် ကို ဆွေးနွေးကြတာဟာ အလွန် နားထောင်လို့ ကောင်းပါတယ်။
သန့်ရှင်း ဖဆပလရော၊ တည်မြဲ ဖဆပလရော၊ ပမညတတွေရော လွှတ်တော်ထဲမှာ စည်ကားနေတာကြောင့် မြန်မာ နိုင်ငံ ရဲ့ လွှတ်တော်သမိုင်းမှာ အဲဒီကာလဟာ ပါလီမန်ထဲ ဒီမိုကရေစီ အထွန်းကားဆုံး ကာလလို့ ပြောနိုင်ပါတယ်။ ရေဒီယိုထဲကနေ လွှတ်တော်တွင်း ဆွေးနွေးတာတွေကို ပြည်သူက အားတက်သရော နားထောင်ကြတယ်။
ဝန်ကြီးချုပ် ဦးနု ရှင်းလင်းပုံတွေ၊ အတိုက်အခံ ပမညတတွေ၊ ဝိဒူရ သခင်ချစ်မောင် တို့၊ ဗိုလ်မြသွေးတို့ ပြောဆိုတာ တွေ၊ ဦးကျော်ငြိမ်း တို့၊ ဦးဘဆွေတို့၊ သခင်သာခင် တို့ရဲ့ ထောက်ပြ ဝေဖန်တာတွေဟာလည်း နိုင်ငံရေး သင်တန်း ကျောင်းမှာ ပို့ချချက်တွေကို နားထောင်ရသလို မှတ်သားဖို့လည်း ကောင်းလှတယ်။
ဒီကနေ့ လွှတ်တော်မှာ အဲဒီတုန်းက ပုံစံကို အတုယူကြရင် ကောင်းပါတယ်။ အဲဒီတုန်းက လွှတ်တော် အမတ်တွေဟာ ဝမ်းစာပြည့်ပြီးသား၊ နိုင်ငံရေး အတွေ့အကြုံ၊ လေ့လာမှုတွေရှိပြီးသား ဖြစ်တော့ နိုင်ငံကို တကယ်ပဲ ပြင်နိုင်၊ ခေါင်းဆောင် နိုင်တဲ့ သူတွေဖြစ်တာကြောင့် ပထမ ပါလီမန် ဒီမိုကရေစီ ခေတ်ဟာ အဆိုးရော အကောင်းပါ ရောနေ တယ်လို့ သုံးသပ်ရပါလိမ့်မယ်။ ။
စာရေးသူ ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။