ပြည်ပြေး ဦးနုတို့ လူသိုက်၏ လုပ်ရပ်များနှင့် ပတ်သက်၍ လုပ်သား ပြည်သူတို့သည် အံသြလျက် ရှိကြ၏။ ဒေါသ ထွက်လျက် ရှိကြ၏။ ယမ်းပုံ မီးကျလျက် ရှိကြ၏။
ကောင်းပါသည် အလွန့်အလွန် ကောင်းသော သတင်းများနှင့် လုံးထွေး သတ်ပုတ်ရင်း အနောက်ဘက် ကမ်းရိုးတန်း ဆီသို့ ခရီးတတန် ဆန့်ခဲ့သည်။
အိပ်ခ်စ်ဝိုင်-အေဒီကေ (XY-ADK) သည် တိမ်ညွန့်ကို စားတော့မည့် ပုံလို၊ မန်ဟုန်တကြီးဖြင့် မြေပြင်နှင့် ဝေးရာသို့ ခွာလေသော အခါ ပြည်သူ အပေါင်းတို့၏ အမျိုးသား သစ္စာဖောက်များ အပေါ် ထားရှိသည့် ပြည်ချစ် မျိုးချစ် မာန်ဟုန် သည်လည်း ဤမျှမက ကြီးမားလှပါဘိသည်ဟု ကျနော် အတွေးပေါက်မိသည်။
ဇနီးနှင့် သမီးတို့ကို သွားလေသူ ကိုကြီးနု၏ ခြေရာ လက်ရာကလေးများကို ပြချင်သည်။
ထို့ကြောင့် ဆူဖြိုးသော သတင်းတွေ ကြားထဲတွင် အောင်ပြည့် တို့ကို ထားခဲ့ပြီး၊ ရန်ကုန်ကို လည်းကောင်း၊ ယမ်းပုံ မီးကျ နေသော ရန်ကုန်၏ လုပ်သားပြည်သူများကို လည်းကောင်း၊ ဘဏ်ပေါင်းစုံ တို့မှ လာလေမစဲ တသဲသဲ ဖြစ်နေသည့် စာများကို လည်းကောင်း၊ ပြည်၊ တောင်တွင်း၊ မကွေး စသည်တို့မှ ဆီ သတင်းများကို လည်းကောင်း၊ ရေး တမြို့လုံးကို ဝါးသွားသည့် မီးသတင်းများကို လည်းကောင်း ကျနော် ကျောခိုင်းခဲ့သည်။
သဲသောင်သည် ဟေမန္တ၏ နေရောင် အောက်တွင် ငွေရောင် မြူးကွန့်လျက် ရှိသည်။
ဘင်္ဂလား ပင်လယ်အောက်ကို ဖြတ်တိုက်လာသည့် လေညင်းကမူ၊ ရင်တွင်း၌ ရှိသော အဆုတ်ကို စကောလောက် ကြီးမား သွားစေသည်ဟု ထင်မှတ်လိုက်ရ၏။
အုန်းပင် တို့သည် လည်းကောင်း၊ ပုန်းညက်ပင် တို့သည် လည်းကောင်း အိန္ဒြေ ကြီးမားလွန်းကြ၏။
ပင်လယ် ကမ်းခြေတွင် ဥဒဟို လျှောက်သွားနေကြသည့် ဘီကီနီဝတ် နိုင်ငံခြားသူတို့နှင့် ဘယ်ညာ ယိမ်းနွဲ့နေသော ထင်းရှုးပင် တို့၏ အလှကို နှိုင်းယှဉ်ရင်း အပျိုရိုင်းများ အဖြစ် စိတ်ကူး ပေါက်မိပြန်သည်။
မည်သည့် အလှကို မက်မောရပါ မည်နည်း။
လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်မည်။ ကိုကြီးနု၏ နှုတ်ဖျားမှ ငပလီ…ငပလီ… ဟူသော စကားတို့သည် ကမ်းဦးကို တိုက်သည့် ဒီလှိုင်းများကဲ့သို့ တရံမလပ် ပေါ်ထွက်ခဲ့သည်။
ငပလီ၏ အလှကို ဖော်ကျူးခဲ့သည်။ ငပလီ၏ အရသာကို ခံစားတတ်အောင် ချီးမွမ်းခန်း ဖွင့်ခဲ့သည်။ ငပလီသို့ သွားရန်လည်း တိုက်တွန်းခဲ့သည်။
သည်ကစပြီး မောင်းမကန်၊ စက်စဲ၊ ကျိုက္ခမီ ကမ်းခြေတို့၏ အလှကို မမီသော ငပလီသည် လူတိုင်း၏ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သော ဟူ၏။
လူတဖက်သား ယုံလောက်အောင် ပြောနိုင်စွမ်း ရှိသည့် ကိုကြီးနု၏ အစွမ်းကို ကျနော်တို့ ရင်သပ် ရှုမော အံ့သြတကြီး ဖြစ်ခဲ့ကြရသည်။
ထို့ကြောင့်လည်း ငပလီကို ကိုကြီးနု၏ ခြေရာလက်ရာကလေးဟု ကျနော် ဆိုမိပါသည်။ ယနေ့ ထိုငပလီကို ကျနော် ရောက်ပါပြီ။ ဇနီးနှင့် သမီး တို့ကို ငပလီ၏ အလှမှာ ယစ်မူးစေပါသည်။
ရန်ကုန်နှင့်တကွ အနယ်နယ် အရပ်ရပ်မှာ ရှိသော လုပ်သားပြည်သူ အပေါင်းတို့သည် ကိုကြီးနုတို့ လူသိုက်၏ အပြုအမူ များနှင့် ပတ်သက်ပြီး ဒေါသအမျက် ချောင်းချောင်း ထွက်နေကြသည်။
ယခု ကျနော် တွေ့ရပြန်ပါပြီ။
ငပလီ ကမ်းခြေသို့ ပြေးလာ ရိုက်ခတ်နေသော ပင်လယ် ရေလှိုင်းတို့သည် ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြ ပြန်၏။ ယမ်းပုံ မီးကျ ဆန္ဒလည်း ပြနေကြပြန်၏။
သူတို့သည် မည်သူ့အပေါ် ဒေါသ ထွက်နေကြသနည်း။
မည်သူ၏ အပြုအမူများကို ကန့်ကွက် ဆန္ဒပြနေကြသနည်း။ မည်သို့သော အကြောင်းကြောင့် ယမ်းပုံ မီးကျနေကြသနည်း။
သံတွဲ မြို့တွင်းသို့ တနံနက် ကျနော် ဝင်မိသည်။ ကောလာဟလ သတင်းများက ကျနော့်ကို ပန်းမဆက်ဘဲနှင့် ဆီးကြိုသည်။
မြန်မာပြည်၏ အနောက်ဘက်ခြမ်း ဖြစ်သော ရခိုင် ကမ်းရိုးတန်း တလျှောက်တွင် ပျံ့နှံ့နေသည့် မြန်မာပြည် အရှေ့ခြမ်း၏ ကောလာဟလ သတင်းဆန်းများ ဖြစ်သည်။
ကျနော်တို့ မရောက်မီ ပြန်သွားပြီ ဖြစ်သော ဦးကျော်ငြိမ်းကပဲ ဘာစကားတွေ ပြောသွားသလိုလို ကိုယ်လိုရာ ကိုယ်ဆွဲပြီး ပြောနေကြခြင်း ဖြစ်သည်။
သံတွဲမှာ ရှိသော သတင်းဂျာနယ် သတင်းထောက်ကမူ အရပ် သတင်းများကို စားမြုံ့ပြန်ရင်း၊ မပြုံးချင် ပြုံးချင် ပြုံးရှာသည်။ သူသည် သတင်းထောက် အရေကို ခွာပြီး စားပွဲထိုး အယောင်ဆောင်ကာ သတင်း လိုက်ထားသူ ဖြစ်လေရာ သူသာ အသိဆုံး ဖြစ်သည်။
ဦးကျော်ငြိမ်းသည် သားများကို နိုင်ငံရေး အတတ်ပညာ၊ စီးပွားရေး အတတ်ပညာ၊ နိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်းများကို ကရား ရေလွှတ် တတွတ်တွတ် သင်ကြားရင်း အနားယူခဲ့ခြင်း သာလျှင် ဖြစ်သည်။
သို့သော်လည်း ကောလာဟလကို ဝါသနာ ထုံနေကြပြီ ဖြစ်သော ကျနော်တို့ လူမျိုး အချို့အချို့ကမူ စိတ်ထင်ရာမှန်း၍ ယုံတမ်းတရား ဟောနေကြသည်။
ငပလီ ကမ်းခြေမှ ဒီရေလှိုင်းတို့ ဒေါသတကြီးဖြင့် ဆန္ဒပြနေကြသော်လည်း သူတို့ကား ငြိမ်ချက်သား ကောင်းနေကြဆဲပင် ရှိသည်။
အကြောင်းတခုကြောင့် ပင်လယ် ရေလုပ်သားကြီးတို့ ၉ ရက်တိုင်တိုင် ပင်လယ်ပြင်မှ ငါးရှာခွင့်မရကြပါ။ ထို့ကြောင့် ငါးဈေး တက်သွားသည်။ ငါးပြတ်ကာ ငါးငတ်ခြင်းကား မဟုတ်ပါ။
ဦးသန်း (ဗမာ့ခေတ်) ချက်ကျွေးသည့် ပင်လယ် ငါးဟင်းကို မနက်ပြန် ညပြန် ၄ ရက်တိုင်တိုင် ကျနော်တို့ ခံတွင်း တွေ့အောင် စားခွင့် ရခဲ့ကြပါသည်။
ယခုလောက် ဆိုလျှင် သူတို့တတွေ ပိုနေမြဲ ကျားနေမြဲ ပင်လယ်ပြင်မှာ ငါးရှာခွင့် ရနေကြပါပြီ။
ကုန်းလမ်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ မော်တော်ကားများ အစားထိုးကာ ခရီးသည်များကို သယ်ယူ ပို့ဆောင်ပေးသည့် လုပ်ငန်းကို သံတွဲတွင် ယခု ဒီဇင်ဘာလဆန်းက စတင်ခဲ့သည်။
မူလက ရှိပြီး ဖြစ်သည့် မော်တော်ကားများ၏ ပြဿနာကိုမူ မဖြေရှင်းရသေးပါ။ မြွေမသေ တုတ်မကျိုးသော အစီအစဉ် တရပ်ကိုတော့ တာဝန်ရှိသူတို့က ချမှတ် အကောင်အထည် ဖော်ပေးနိုင်ကောင်းရဲ့ ဟု အားတင်းကာ ကျနော် တွေးကြည့် မိပါသည်။
ကျနော်လိုပင် ကားဆရာတို့လည်း အားတင်းကြပါလိမ့်မည်။
ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ အုန်းသီးဈေး တက်သွားသည့် အဖြစ်ကတော့ ရယ်စရာဟု ဆိုရမည်လား၊ ငိုစရာဟု ဆိုရမည်လား၊ ရုပ်ရှင်မင်းသား ကိုမြတ်လေးလို ငို၍ရယ်၍ မရသော ပြဿနာဟု ဆိုရမည်လား ကျနော် မပြောတတ်ပါ။
လွန်ခဲ့သော ၄ နှစ်ခန့်က အုန်းသီး တကျပ်ဖိုး ဝယ်လျှင် ၄ လုံးရသည်။ နောက် ၃ နှစ်လောက် ကျတော့ တကျပ်ဖိုး ၃ လုံး ဖြစ်သွားသည်။ နောက် ၂ နှစ် ကျပြန်သောအခါ တလုံး ပြား ၅၀ ဖြစ်သွားသည်။
မနှစ်တုန်းကမူ အုန်းသီး တလုံး တကျပ် နှုန်းသို့ ခုန်တက်လာသည်။
ကျနော်တို့ ရောက်သည့် ယခုနှစ်တွင်ကား အပင်အောက်မှာပင် တလုံး တကျပ်ခွဲ အထိ ခပ်တင်းတင်း ဖြစ်နေတော့သည်။
ပျော်စရာ ကောင်းပါသည်။ အုန်းခြံ လုပ်သားကြီးများ ဈေးကောင်းကောင်း ရပြီး ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်သည် ဆိုလျှင် ကျနော်တို့ ကျေနပ်ပါသည်။
အခြား ကုန်ဈေးနှုန်းများ တက်လာသည့် နည်းတူ၊ သူတို့၏ ကုန်ပစ္စည်းများကိုလည်း လိုက်လျောညီထွေ ဈေးမြှင့်ရမည်မှာ ဘောဂဗေဒ သဘောတရားပဲ ဖြစ်သည်။
မည်သည့် ကျောင်းတွင်မှ ဘောဂဗေဒ ပညာရပ်ကို မသင်ကြားခဲ့ရသော်လည်း သူတို့ ကောင်းစွာ တတ်မြောက်ကြပါသည်။
ပေါက်ကွဲသော ကြွေးကြော်သံများဖြင့် မိုးယံထိဘနန်း ဆွေ့ဆွေ့ခုန်ကာ ဆန္ဒပြနေကြသည့် ပင်လယ် ရေလှိုင်းတို့ကို ကြည့်ရင်း၊ အားမာန် တက်ရင်း ငပလီ သောင်ကမ်းမှာ အလွယ်တကူ ဝယ်ယူ ရရှိသည့် ရမ် အရက်ကို အရသာခံ သောက်နေမိသည်။
သို့သော် ငပလီ မှ ရမ် အရက် အကြီးတပုလင်း ကုန်အောင် သောက်သော်လည်း ကျနော်ကား အရက်ပီးနေသူလို ဘာမှ မဖြစ်ပါချေ။
ချိပ်ပွင့်နေသည့် ငပလီ ရမ်သည် အခြားအခြားသော အရပ်ဒေသများမှ ရမ်များနှင့် ဘာများ ခြားနားနေပါသနည်း ငါ့ရှင်…။ သာဓု…သာဓု…သာဓု…။ ။
(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)