လက်ရှိ နွေဦးတော်လှန်ရေးကို “ဒီမိုကရေစီ တော်လှန်ရေး” နဲ့ “လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး” နှစ်ခု ပေါင်းစပ်မှုအဖြစ် မြင်ကြတယ်။ တော်လှန်ရေး နှစ်ခုရဲ့ ပေါင်းစပ်မှု ဖြစ်တဲ့အတွက် တူတာလေးတွေလည်းရှိသလို ကွဲပြားမှုတွေလည်း ရှိပါတယ်။
အထူးသဖြင့် တော်လှန်ရေးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်ရည်ချက်တွေ၊ အချုပ်အခြာအာဏာအပေါ် ရှုမြင်မှု၊ တော်လှန်ရေးနည်းနာ၊ တော်လှန်ရေး နယ်နိမိတ်နဲ့ အဲဒီ တော်လှန်ရေးအင်အားစုတွေအပေါ် စစ်အာဏာရှင်တွေနဲ့ ထောက်ခံသူတွေက အမြင်ဆိုင်ရာတွေမှာ ကွာဟချက်တွေ ရှိပါတယ်။
ကနဦးအနေနဲ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ နိုင်ငံရေးမျှော်မှန်းချက်က စစ်တပ်ကြီးစိုးတဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ် ပေါ်ထွန်းလာရေး၊ အဲဒီအစိုးရက နိုင်ငံတော်ကို ဦးဆောင်မှု တာဝန်ယူဖို့ဆိုတာကို မျှော်မှန်းထားပါတယ်။ ဒါပေမယ့် လူမျိုးစုတွေ အပါအဝင် လူနည်းစုအရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စတွေကို ကျွဲကူးရေပါလို သဘောထားတယ်။
လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးကတော့ မိမိတို့လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီရေးကို အာမခံချက်ပေးတဲ့ ပြည်ထောင်စုအသစ်တခု တည်ထောင်ရေး၊ ဒါမှမဟုတ် အမျိုးသားလွတ်မြောက်ရေးမှသည် အမျိုးသားနိုင်ငံတော်အသစ်များ ထူထောင်ရေးအထိ ရည်မှန်းကြတာကို တွေ့ရပါတယ်။ ဒီမိုကရေစီအရေးအရာကိစ္စတွေကို အမျိုးသားလွတ်မြောက်ရေးနောက်မှာ ထပ်မံ စဉ်းစားရမယ့်ရေးရာကိစ္စလို မြင်ကြပါတယ်။
တချို့ လူမျိုးစုတော်လှန်ရေး ခေါင်းဆောင်တွေဆိုရင် လစ်ဘရယ်တန်ဖိုးတွေဟာ တော်လှန်ရေးအင်အားစုတွေကြား ဝိဝါဒကွဲပြားစေတယ်၊ ချိနဲ့စေတယ်လို့တောင် လက်ခံထားကြတာကို တွေ့ရပါတယ်။
တချို့ လူမျိုးစုတော်လှန်ရေး ခေါင်းဆောင်တွေဆိုရင် လစ်ဘရယ်တန်ဖိုးတွေဟာ တော်လှန်ရေးအင်အားစုတွေကြား ဝိဝါဒကွဲပြားစေတယ်၊ ချိနဲ့စေတယ်လို့တောင် လက်ခံထားကြတာကို တွေ့ရပါတယ်။
တော်လှန်ရေး နည်းနာအရဆိုရင်တော့ ဒီမိုကရေစီ တော်လှန်ရေးမှာ အကြမ်းမဖက်ရေး နည်းလမ်းတွေကို ပိုကဲတယ်၊ ဖြစ်နိုင်ရင်တောင် အကြမ်းဖက်မှု နည်းနာတွေကို အနည်းဆုံးအနေနဲ့ ဆောင်ရွက်လိုကြပြီး လူမျိုးစု တော်လှန်ရေးတွေကတော့ လက်နက်ကိုင်တော်လှန်ရေးကို ပိုအလေးထားကြတယ်။ လိုအပ်ရင်တော့ နိုင်ငံရေး နည်းနာတွေကို ပေါင်းစပ်ကျင့်သုံးကြတယ်။ အဲဒီအတွက် ပြင်ဆင်ထားကြတယ်လို့ ပြောလို့ရပါတယ်။
ပြည်သူ့အချုပ်အခြာအာဏာဆိုင်ရာ အာမခံပုံကတော့ ဒီမိုကရေစီတော်လှန်ရေးမှာ ပြည်သူတဦးချင်းစီက ဒီမိုကရေစီ နည်းလမ်းတွေအရ အချုပ်အခြာအာဏာနဲ့ နိုင်ငံရေးအာဏာကို အခြေခံတယ်၊ ပြည်သူတဦးချင်းစီရဲ့ အလိုဆန္ဒအရ အချုပ်အခြာအာဏာကို ကိုယ်စားပြု ကျင့်သုံးနိုင်ခွင့်ကို အာမခံထားတယ်။
လူမျိုးစုတော်လှန်ရေးမှာတော့ အချုပ်အခြာအာဏာဆိုင်ရာအတွက်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေကပဲ တဆင့် ရယူကျင့်သုံးနိုင်ခွင့်ကို အာမခံထားတယ်။ ပြည်သူတဦးချင်းစီရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ပိုင်စိုးမှုကို တော်လှန်အဖွဲ့အစည်းတွေကနေ ဦးဆောင်ထိန်းချုပ် စီမံလိုမှု ကဲတယ်။
တော်လှန်ရေး နယ်နိမိတ် (scope) မှာတော့ လူမျိုးစုတော်လှန်ရေးတွေဟာ သက်ဆိုင်ရာ လူမျိုးစု ဒေသနဲ့ ဆက်စပ်ဒေသတဝိုက်ကိုသာ ဦးတည်ချက်ထားပြီး စည်းရုံးတာ၊ ထိန်းချုပ်နိုင်မှုအတွက် ကြိုးစားတာ လုပ်ဆောင်ကြပြီး ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတဝန်း စည်းရုံးပြီး ဦးဆောင်ဖို့ ကြိုးစားကြတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လို၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) / အာရက္ခတပ်တော် (AA) လို အဖွဲ့အစည်းတွေကတော့ မိမိတို့ လူမျိုးစုဒေသတွေထက် ကျော်လွန်ပြီး စစ်ရေးအရ ကူညီဆောင်ရွက်မှုတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီလို ဆောင်ရွက်မှုတွေဟာ လူမျိုးစုအကျိုးစီးပွားနဲ့တော့ ချိတ်ဆက်ထားတယ်။
စစ်အာဏာရှင်တွေကလည်း ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေကို မြင်တဲ့အမြင်ကတော့ နိုင်ငံတော်အာဏာကို လုယူရန် ကြိုးပမ်းသူတွေအဖြစ် ရှုမြင်ကြပြီး လူမျိုးစု တော်လှန်ရေးအင်အားစုတွေကိုတော့ ခွဲထွက်ရေးသမားတွေ၊ နိုင်ငံတော်ကို ပြိုကွဲအောင် ပြုလုပ်သူတွေအဖြစ် ရှုမြင်တယ်။
သမိုင်းဆိုင်ရာ ရှုမြင်ချက်တွေ ကွဲပြားမှုကလည်း ဒီမိုကရေစီတော်လှန်ရေးနဲ့ လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးတွေကြား ခြားနားမှုကို ဖြစ်စေပါတယ်။ သမိုင်းဆိုင်ရာ အမြင်အရဆိုရင် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေဟာ ခေတ်သစ်မြန်မာပြည်ဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ နိုင်ငံတကာက လက်ခံမှုအရ ပေါ်ပေါက်လာတယ်လို့ မြင်တယ် (လက်ရှိ နိုင်ငံတကာ ဥပဒေအရ နိုင်ငံတကာကလည်း ဒီလိုပဲ လက်ခံထားတယ်)။
ပါလီမန် ဒီမိုကရေစီခေတ်မှာ ပုန်ကန်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေကြောင့် တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး စစ်အာဏာရှင်စနစ် ထွန်းကားလာတာ ဖြစ်တယ်။ အဲဒီနောက်မှာ လူမျိုးစုတွေ၊ လူနည်းစုတွေအတွက် နိုင်ငံရေးအရ တန်းတူညီမျှမှုတွေ ချိနဲ့သွားတယ်၊ ဖိနှိပ်ခံရတယ်၊ ခွဲခြားခံခဲ့ရတယ်။
ဗမာတွေနဲ့ အခြားလူမျိုးစုတွေကြား ယုံကြည်နားလည်မှု၊ လူမှုစေးကပ်မှု ပျက်ယွင်းသွားတယ်။ ဒါကြောင့် စစ်အာဏာရှင်ကို ဖယ်ရှားပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုသာ တည်ဆောက်နိုင်ရင် တိုင်းပြည် အနာဂတ်ဟာ ပိုကောင်းလာနိုင်တယ်လို့ မြင်ကြပါတယ်။
နောက်ပိုင်းမှာတော့ စစ်အာဏာရှင်အဆက်ဆက် လက်ခံကျင့်သုံးခဲ့တဲ့ အစွန်းရောက် ဗမာအမျိုးသားရေးဝါဒကြောင့် တိုင်းပြည်မှာ အဘက်ဘက်ကနေ နစ်နာခဲ့ရတယ်။ ဗမာတွေနဲ့ အခြားလူမျိုးစုတွေကြား ယုံကြည်နားလည်မှု၊ လူမှုစေးကပ်မှု ပျက်ယွင်းသွားတယ်။ ဒါကြောင့် စစ်အာဏာရှင်ကို ဖယ်ရှားပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ်ကိုသာ တည်ဆောက်နိုင်ရင် တိုင်းပြည် အနာဂတ်ဟာ ပိုကောင်းလာနိုင်တယ်လို့ မြင်ကြပါတယ်။
လူမျိုးစုတွေရဲ့ သမိုင်းအမြင်မှာကျတော့ ကိုလိုနီခေတ် မတိုင်မီမှာ ဗမာလူမျိုးစုတွေရဲ့ ဘုရင့်လက်နက်နိုင်ငံတော်အောက်မှာ သူတို့ရဲ့ အမျိုးသားနိုင်ငံတွေ သိမ်းပိုက်ခံလိုက်ရတယ်။ ဖျက်ဆီးခံလိုက်ရတယ်။ ဗမာတွေရဲ့ နယ်ချဲ့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဗြိတိသျှ ကိုလိုနီစနစ်အောက်မှာ ထပ်မံသွတ်သွင်းခံထားရတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ နိုင်ငံတော်ဟာလည်း ဗမာတွေနိုင်ငံပဲ ဖြစ်တယ်၊ လူမျိုးစုတွေရဲ့ နိုင်ငံမဟုတ်ဘူးဆိုတဲ့ အမြင်ကဲတယ်။
အဲဒီလို အမြင်အယူအဆမှာ ကရင်နိုင်ငံရေး အင်အားစုတွေက ပိုကဲတယ်။ နောက်ပိုင်းမှာတော့ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ လူမျိုးစု အသီးသီးမှာလည်း အဲဒီ အယူအဆတွေ အားကောင်းလာတယ်။ ဒါကြောင့် ဗမာကိုလိုနီလက်အောက်ကနေ လွတ်မြောက်ရေးဟာ သူတို့တတွေရဲ့ တော်လှန်ရေး အန္တိမ ရည်မှန်းချက် ဖြစ်တယ်။
ဗမာကိုလိုနီအောက်ကနေ လွတ်မြောက်ပြီး သီးခြားလွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် ပြည်ထောင်တွေ ပေါ်ထွန်းလာပြီးရင် အဲဒီ ပြည်ထောင်တွေ စုစည်းပြီး နိုင်ငံတော်အသစ်တရပ်အဖြစ် ထူထောင်ကြမယ်၊ ပြီးမှ အဲဒီ ပြည်ထောင်စနစ်ထဲမှာ ဒီမိုကရေစီ စနစ်ထူထောင်ရေးအတွက် ပြင်ဆင်ကြမယ်လို့ မြင်ကြတယ်။
ရခိုင်လူမျိုးစုတွေရဲ့ လက်ရှိ ခေါင်းဆောင်အများစုကတော့ အသစ်တည်ထောင်မယ့် ပြည်ထောင်အသစ်မှာ ဆက်လက် ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာကတော့ ဖြစ်လာမယ့် အခင်းအကျင်းပေါ် ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတဲ့ အယူအဆလည်း ရှိတယ်။
အဲဒီလို မတူညီတဲ့ သမိုင်းအမြင်၊ အဲဒီသမိုင်းဆိုင်ရာ ရှုမြင်လက်ခံမှုကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေး နှစ်ခုဟာ နွေဦးတော်လှန်ရေးမှာ ပေါင်းစပ်ပြီး အားကောင်းလာတယ်။ ဒါပေမယ့်လည်း မူဝါဒအရ၊ ရည်မှန်းချက်အရ၊ လုပ်ငန်းစဉ်အရ ပေါင်းစပ်မှုကတော့ တူမယောင်ယောင်နဲ့ ကွဲလွဲမှုတွေကတော့ ရှိနေသေးတာအမှန်ပဲ။
ဒါပေမယ့်လည်း ပေါင်းစပ်ဖို့ ကြိုးစားရင်း နွေဦးတော်လှန်ရေးအတွက် ရွေးချယ်စရာ မဟာဗျူဟာ လမ်းနှစ်သွယ် ရှိလာပါတယ်။ အဲဒီ လမ်းနှစ်သွယ်ဟာ တခုကို ဦးစားပေး ရွေးချယ်လိုက်ရင်တော့ တခုကို ချန်လှပ်ထားဖို့လိုတဲ့ အနေအထားရှိနေပါတယ်။ နှစ်ခုစလုံးကို တပြိုင်တည်း ရွေးချယ်ရလောက်အောင်အထိ မဖြစ်နိုင်ပါဘူး။ အရင်းအမြစ်၊ အချိန် အကန့်အသတ်တွေ ရှိသလို၊ လက်ရှိစစ်တပ်ရဲ့ အဆက်မပြတ် အကြမ်းဖက် နှောင့်ယှက်မှုတွေကလည်း ရပ်တန့်မယ့်အနေအထား မရှိဘူးဖြစ်နေပါတယ်။ ရွေးချယ်မှု လွဲမှားလိုက်တာနဲ့ ဆုံးရှုံးနိုင်ခြေနဲ့ စိန်ခေါ်မှုတွေကတော့ များစွာ စောင့်ကြိုနေပါတယ်။
ပထမ မဟာဗျူဟာ လမ်းသွယ်ကတော့ ဒီမိုကရေစီ တော်လှန်ရေးအင်အားစု၊ ပြည်မနေ ပြည်သူလူထုတွေဘက်က ထောက်ခံလိုလားမှု ပိုများတယ်။ အဓိကကတော့ ၁၉၄၇ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ တိုင်းပြည်အာဏာကို လုယူထားတဲ့ စစ်အာဏာရှင်ကို ဖြုတ်ချပြီး လူမျိုးစုအခွင့်အရေးတွေကို အာမခံချက်ပေးတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်တခုကို ပြန်လည် တည်ဆောက်ဖို့ဆိုတာကို ရပ်ခံတင်ပြတယ်။ လက်ရှိ နိုင်ငံတော်ကို ဖြိုချပြီး ပြန်လည် တည်ဆောက်မယ့်အစား ဆက်လက် လက်ခံထားကြဖို့၊ အဲဒီနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လုယူထားတဲ့ စစ်တပ်ကို ဖြိုချပြီး ပြည်သူလူထုလက်ထဲ ပြန်လည် လွှဲပြောင်းပေးဖို့အတွက် ဆွေးနွေးမှုတွေရှိတယ်။
ဒါပေမယ့်လည်း လူမျိုးစု တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဲဒီအဆိုပြုချက်အပေါ် စိုးရိမ်မှုရှိတယ်။ အထူးသဖြင့် စစ်တပ်ပြုတ်ကျသွားပြီးရင် ဗဟိုအစိုးရ အားကောင်းတဲ့ နိုင်ငံရေးစနစ်၊ ဗမာကြီးစိုးတဲ့ နိုင်ငံရေးစနစ်တရပ် ပြန်လည် ပေါ်ထွန်းလာပြီး လူမျိုးစု တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး မျှော်မှန်းချက်ကို တဖန်ပြန်ပြီး ဘေးဖယ်ထုတ်ခံရမှာကို မလိုလားကြဘူး။
နောက်ပြီး အဲဒီ မဟာဗျူဟာ လမ်းသွယ်ဟာ လူမျိုးစုတော်လှန်ရေးရဲ့ ပင်မရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေး၊ ဗမာကိုလိုနီလက်အောက်ကနေ ရုန်းထွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေနဲ့လည်း ဝိရောဓိ ဖြစ်နေပြန်တယ်။ ဒါကြောင့်မို့ လူမျိုးစု တော်လှန်ရေးအင်အားစုတွေအတွက် နိုင်ငံရေးအရ အာမခံချက်ရှိနိုင်မယ့် ဒုတိယ မဟာဗျူဟာ လမ်းသွယ်ကို အဆိုပြု တင်ပြကြတယ်။
ဒုတိယ မဟာဗျူဟာလမ်းသွယ်ကိုတော့ ဗမာကိုလိုနီစနစ်အောက်ကနေ လွတ်မြောက်ရေးဆိုတဲ့ အမြင်ပေါ် ရပ်ခံပြီး တည်ဆောက်ထားတယ်။ လက်ရှိ ၁၉၄၇ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ နိုင်ငံတော်ကို ငြင်းဆန်ကြတယ်။ လက်ရှိ နိုင်ငံတော်ကို ဖြိုချပြီး အသစ်ပြန်တည်ဆောက်ရေးကို အဆိုပြုတယ်။
ကနဦးအနေနဲ့ လူမျိုးစုတွေ၊ ဒေသအလိုက် ပေါ်ထွန်းလာတဲ့ အင်အားစုတွေ၊ ယခင်ရှိဆဲ တော်လှန်ရေး အဖွဲ့အစည်းတွေ ပေါင်းစပ်ပြီး လူမျိုးစုဒေသအလိုက် အချုပ်အခြာ ရှိပြီး သီးခြားလွတ်လပ်တဲ့ ပြည်ထောင်တွေ ထူထောင်ရေး၊ အဲဒီကနေတဆင့် သီးခြားလွတ်လပ်တဲ့ ပြည်ထောင်တွေ တဖန် ပြန်လည်စုစည်းပြီး အာဏာရှင်စနစ် (စစ်အာဏာရှင်စနစ်ကို ဖြိုချရေး)၊ ဗမာလူမျိုးကြီးဝါဒ (ဗမာအမျိုးသားရေးဝါဒ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုနဲ့ လူမှုစီးပွားရေး ဘဝတွေမှာ လွှမ်းမိုးချုပ်ကိုင်မှုများအား) ဖယ်ရှားရေး၊ တဖန် ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ရေးဆိုတဲ့ နိုင်ငံရေးလမ်းစဉ်ကို အဆိုပြုတင်ပြကြတယ်။
ဒုတိယ လမ်းသွယ်မှာတော့ စိန်ခေါ်ချက်တွေလည်း များစွာစောင့်ကြိုနေတယ်။ ပထမ စိန်ခေါ်ချက်ကတော့ ပြည်ထောင်အသစ်တွေ အသီးသီးထူထောင်မှုဟာ ယခင် နိုင်ငံတကာဥပဒေအရ တည်ရှိပြီး ပြည်ထောင်ကြီး မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေတဲ့အတွက် အဲဒီလို ဆောင်ရွက်မှုတွေကို တိုင်းပြည် အစိတ်စိတ်အမွှာအမွှာပြိုကွဲမှု (State Fragmentation) အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ရှုမြင်မှာဖြစ်တယ်။
ဆက်စပ်ပြီး မြန်မာပြည်နိုင်ငံတော်နဲ့ အချုပ်အခြာအာဏာ မပြိုကွဲရေး ခေါင်းစဉ်အောက်ကနေ ဟန့်တားလာတာ၊ ဖိအားပေးလာတာ၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ အစီအမံတွေကို စစ်ရေး၊ သံတမန်ရေး၊ ဘဏ္ဍာရေးအရ အကူအညီပေးလာတာမျိုးတွေ ရှိလာနိုင်ပါတယ်။
အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ အလားတူ လက်နက်နိုင်ငံငယ်လေးတွေအဖြစ် ပေါ်ထွန်းလာမှုကို နိုင်ငံရေးအရ၊ သူတို့ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအရ လက်ခံနိုင်မှု ရှိ၊ မရှိ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတယ်။
အထူးသဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ အလားတူ လက်နက်နိုင်ငံငယ်လေးတွေအဖြစ် ပေါ်ထွန်းလာမှုကို နိုင်ငံရေးအရ၊ သူတို့ရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအရ လက်ခံနိုင်မှု ရှိ၊ မရှိ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတယ်။
ဒုတိယ စိန်ခေါ်မှုကတော့ နိုင်ငံရေးအရ ဆုံးဖြတ်နိုင်စွမ်းလည်းရှိ၊ အချုပ်အခြာလည်းရှိတဲ့ သီးခြား ပြည်ထောင်တွေဟာ စစ်ကောင်စီနဲ့ အပေးအယူလုပ်ပြီး သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေနဲ့ အုပ်ချုပ်ရေးကို လက်ခံဖို့ ဆောင်ရွက်သွားခြင်းပဲ ဖြစ်တယ်။
အနီးခေတ် ဥပမာကို ပြောရရင် ဝ ပြည်နယ်မှာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လုပ်ဆောင်မှုမျိုးကို ပေးလို့ရပါမယ်။ ဗမာကိုလိုနီလက်အောက်က တစိတ်တပိုင်း လွတ်မြောက်ပြီးနောက်ပိုင်း နိုင်ငံရေးအရ သီးခြားဆုံးဖြတ်ခွင့် ရှိတဲ့အတွက် လမ်းခွဲတခုမှာတင် အဲဒီလို ရပ်တန့်လိုက်ရင် တော်လှန်ရေး တခုလုံးရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် ပြုတ်ကျရေးလည်း မဖြစ်၊ ဖယ်ဒရယ်နိုင်ငံလည်း မဖြစ်ဘဲ တော်လှန်ရေး ရေစုန်မျောသွားနိုင်မယ့် အခြေအနေကို ဦးတည်စေပါတယ်။
အလားတူ ဖြစ်ရပ်မျိုးတွေကို ၂၀၂၂ ခုနှစ် ရခိုင်ဒေသမှ ULA/AA ရဲ့ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်မှုတွေ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ယခင်လပိုင်းက ထုတ်ပြန်ချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ လူမျိုးစု တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ အဲဒီလို ဆောင်ရွက်ခြင်းဟာ သူတို့ရဲ့ လူမျိုးစု တော်လှန်ရေး အကျိုးစီးပွားနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ခြင်း ဖြစ်တယ်၊ အခြားလူမျိုးစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေအပေါ် နိုင်ငံရေးအရ တာဝန်ခံစရာ မလိုဘူးလို့ မှတ်ယူထားကြပါတယ်။
တတိယ စိန်ခေါ်ချက်ကတော့ လက်နက်အင်အားကို အခြေခံပြီး ထူထောင်ထားတဲ့ ပြည်ထောင်အသစ်တွေ ပေါ်ထွန်းလာတဲ့အခါမှာ သက်ဆိုင်ရာ မတူညီတဲ့ လူမျိုးစုတွေကြား နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေဟာ ပိုပြီး သိသားထင်ရှားလာနိုင်ပါတယ်။
လတ်တလောမှာဆိုရင် ULA/AA က ချင်းပြည်နယ်၊ ပလက်ဝဒေသကို သိမ်းပိုက်ထားမှု၊ ကရင်နီပြည်မှာရှိတဲ့ ကယန်းလူမျိုးစုရဲ့ သီးခြားနယ်မြေတောင်းဆိုမှု၊ ရှမ်းမြောက်ဒေသမှာရှိတဲ့ နယ်မြေချဲ့ထွင် သိမ်းပိုက်မှုနဲ့ အရုန်းအကန်တွေ၊ စစ်ကိုင်းအထက်ပိုင်းက ရှမ်းနီဒေသ၊ မွန်၊ ကရင် နယ်မြေသတ်မှတ်ပိုင်းခြားမှုတွေဟာ လူမျိုးစုတွေကြား လက်နက်ကိုင် စစ်ပွဲအသစ်အသီးသီးကို ဖိတ်ခေါ်ဖန်တီးနေသလို ဖြစ်နေပါတယ်။
တချို့ အင်အားစုတွေကြားမှာတော့ နိုင်ငံရေးအရ ဆွေးနွေးမှုကနေတဆင့် အဖြေထုတ်နိုင်ပေမယ့် ကိစ္စတိုင်းမှာ အဖြေထွက်ဖို့ အရမ်းခက်ပါလိမ့်မယ်။ နိုင်ငံရေးအရထက် အင်အားသုံးဖြေရှင်းမှုနဲ့ အသားကျလာသူတွေကြားဟာ လူမျိုးစုကြား စစ်ပွဲအသစ်တွေကို ဖန်တီးပေးလာနိုင်ပါတယ်။
တချို့ အင်အားစုတွေကြားမှာတော့ နိုင်ငံရေးအရ ဆွေးနွေးမှုကနေတဆင့် အဖြေထုတ်နိုင်ပေမယ့် ကိစ္စတိုင်းမှာ အဖြေထွက်ဖို့ အရမ်းခက်ပါလိမ့်မယ်။ နိုင်ငံရေးအရထက် အင်အားသုံးဖြေရှင်းမှုနဲ့ အသားကျလာသူတွေကြားဟာ လူမျိုးစုကြား စစ်ပွဲအသစ်တွေကို ဖန်တီးပေးလာနိုင်ပါတယ်။
နယ်မြေဆိုင်ရာ အငြင်းပွားမှု စစ်ပွဲတွေဟာ စစ်အာဏာရှင်အုပ်စုအတွက် အသက်ရှူချောင်စေပြီး ပြည်ထောင်အသစ်တွေ ထူထောင်ရေးမှာပဲ တော်လှန်ရေးကာလ ကြာမြင့်သွားနိုင်မယ့် အရေးလည်း ရှိနေပါတယ်။
ဒီလိုမျိုး အနေအထားမှာ တော်လှန်ရေးရဲ့ မဟာဗျူဟာမြောက် လမ်းသွယ်တွေကို ရွေးချယ်တဲ့အခါမှာ ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေရော၊ လူမျိုးစု တော်လှန်ရေးအင်အားစုတွေပါ စိတ်ခံစားချက်တွေ၊ နိုင်ငံရေးအရ မကျေလည်မှုတွေ၊ မက်လုံးတွေနောက်ကို လိုက်ပါပြီး ဆုံးဖြတ်ခြင်းထက် တော်လှန်ရေးရဲ့ အဓိက ပင်မရည်မှန်းချက်တွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်တရပ် ပေါ်ထွန်းရေးဆိုတဲ့ ဘုံရည်မှန်းချက်အတွက် အသိဉာဏ်ရှိရှိ ရွေးချယ်ဆုံးဖြတ်စေချင်ပါတယ်။ အဲဒီလို ဆုံးဖြတ်နိုင်ဖို့လည်း လိုပါမယ်။
ဒါမှသာ တခါမှ မကြုံဖူးတဲ့ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။
(ညိုအေးသည် နိုင်ငံ့အရေးနှင့် ဒီမိုကရေစီ စီမံအုပ်ချုပ်မှု လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်နှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ
တော်လှန်ရေးအတွက် နိုင်ငံခြားရေးမူဝါဒတွင် တိုင်းရင်းသားခေါင်းဆောင်များကို နေရာပေးသင့်














