၂၀၂၃ ခုနှစ်၊ ၁၀ လပိုင်း၊ ၂၇ ရက် အထိမ်းအမှတ်ပြု၍ ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးတရပ်ကို မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ဆင်နွှဲခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် တနှစ်တင်းတင်း ပြည့်ပြီဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ ခုခံစစ်များ ဆင်နွှဲနေချိန်တွင် ရှမ်းမြောက်နှင့် ရခိုင်ရှိ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့တပ်ဖွဲ့များ ငြိမ်သက်နေခဲ့၏။ မလွှဲမရှောင်သာဖြစ်သော တိုက်ပွဲများမှအပ စစ်တပ်ကို တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
မြန်မာပြည်အနှံ့ ဖြစ်ပွားနေသော ပြောက်ကျားစစ်ပွဲများ၏ အလှည့်အပြောင်းတရပ်ကို ဖော်ဆောင်ပေးလိုက်သည်မှာ မြောက်ပိုင်း သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ပြီး ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည်အနှံ့ လက်နက်ကိုင် တိုက်ခိုက်နေသည့် နွေဦးတော်လှန်ရေးအတွက် အလှည့်အပြောင်းတရပ် ဖြစ်ပေါ်လာစေခဲ့သည်ကို တွေ့ရပေသည်။
ပထမအချက်မှာ စစ်အုပ်စုအား လက်နက်ကိုင် တိုက်ခိုက်ရာတွင် စစ်အင်အား တောင့်တင်းသည့် တိုင်းရင်းသားတပ်ဖွဲ့များ အလုံးအရင်းဖြင့် ပါဝင်လာခြင်းဖြစ်၏။
စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်အနှံ့ ပုန်ကန်ကြသည့် PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF) စသည့် တပ်ဖွဲ့များစုပေါင်းပါက အင်အား ၁ သိန်းကျော်အထိ များပြားသော်လည်း အခက်အခဲမှာ စစ်ရေးလေ့ကျင့်ရန် အချိန်လိုအပ်ခြင်း၊ တပ်များ စနစ်တကျဖွဲ့စည်းရန် လိုအပ်ခြင်း၊ စစ်ဝတ်တန်ဆာ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး စသည်တို့ ဖြည့်တင်းရန်လိုအပ်ခြင်း၊ စစ်တပ်ဖွဲ့စည်းသည့် အတွေ့အကြုံ၊ တိုက်ပွဲအတွေ့အကြုံ အားနည်းခြင်းတို့ ရှိသည်ဖြစ်ရာ စစ်တပ်အား အထိနာအောင် ချေမှုန်းရေးတိုက်ပွဲများ တိုက်နိုင်ခြင်း မရှိသေးပေ။
ပြောက်ကျားစစ်ပွဲဖြင့် အမှည့်ခြွေ ခြွေရသည့်အဆင့်သာ တတ်နိုင်သေး၏။ ကရင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့မှာလည်း တိုက်ပွဲအချို့ ဖော်နေပြီဖြစ်သော်လည်း နွေဦးတော်လှန်ရေး အင်အားစုများကို လေ့ကျင့်စုဖွဲ့ရန် အဓိက အာရုံစိုက်နေရသည်။
မြောက်ပိုင်းသုံးဖွဲ့ စစ်ပွဲတွင် ပါဝင်လာသောအခါ သုံးဖွဲ့ပေါင်း စစ်အင်အား ၅ သောင်းခန့်ရှိပြီး စနစ်တကျ လေ့ကျင့်တည်ဆောက်ထား၏။ မြောက်ပိုင်းသုံးဖွဲ့တပ်များသည် လက်နက်ခဲယမ်း အပြည့်အဝ တပ်ဆင်ထားသည့်အပြင် စစ်ဆင်ရေး ရည်မှန်းချက်များအတွက် လက်နက်ခဲယမ်းများ ကြိုတင် စုဆောင်းထားကြသည်။
မြောက်ပိုင်းသုံးဖွဲ့ စစ်ပွဲတွင် ပါဝင်လာသောအခါ သုံးဖွဲ့ပေါင်း စစ်အင်အား ၅ သောင်းခန့်ရှိပြီး စနစ်တကျ လေ့ကျင့်တည်ဆောက်ထား၏။ မြောက်ပိုင်းသုံးဖွဲ့တပ်များသည် လက်နက်ခဲယမ်း အပြည့်အဝ တပ်ဆင်ထားသည့်အပြင် စစ်ဆင်ရေး ရည်မှန်းချက်များအတွက် လက်နက်ခဲယမ်းများ ကြိုတင် စုဆောင်းထားကြသည်။

ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့တပ်များသည် တိုက်ပွဲအတွေ့အကြုံ၊ စစ်ရေးအတွေ့အကြုံရှိသည့် တပ်များဖြစ်ကြရာ နွေဦးတော်လှန်ရေးတွင် စစ်တပ်ကို သူတင်ကိုယ်တင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသည့် တပ်များဖြစ်ပြီး မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလိုက်ခြင်းသည် နွေဦးတော်လှန်ရေးအတွက် စစ်အင်အား အချိုးအစားကို သိသိသာသာ ပြောင်းလဲသွားစေခဲ့၏။
ဒုတိယအချက်မှာ ၁၀၂၇ စစ်ဆင်ရေးသည် စစ်တပ် ပြိုကွဲနိုင်သည်၊ ကျရှုံးနိုင်သည်ကို လက်တွေ့စစ်မြေပြင်တွင် ရှင်းရှင်းလင်းလင်း ပြသပေးခဲ့၏။ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီက ရှိနေသော စစ်တပ်သာ နောက်ဆုံးအနိုင်ရမည်၊ မြို့များအား စစ်တပ်သာ ထိန်းသိမ်းထားနိုင်မည်ဟု ယူဆနေကြသော အယူအဆများ ပြိုကွဲသွား၏။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သုံးလအတွင်း မြို့များ၊ တပ်ရင်းဌာနချုပ်များ၊ ဗျူဟာကုန်းများ၊ တပ်မဌာနချုပ်များ၊ အမြောက်စခန်းများကို ရှမ်းမြောက်နှင့် ရခိုင်တွင် ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ရှမ်းမြောက်ရှိ ကွမ်လုံ၊ သိန္နီအပါအဝင် အရေးပါသောမြို့များ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား သိမ်းပိုက်ထိန်းချုပ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးကိုပါ ခြိမ်းခြောက်နိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီး တနှစ်ကြာသောအခါ လားရှိုးမြို့၊ ရမခ တိုင်းစစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်မြောက်ပိုင်း တခုလုံးအား သိမ်းပိုက်နိုင်ခဲ့၏။ ပြင်ဦးလွင်နှင့် မန္တလေးကိုပင် ခြိမ်းခြောက်လာနိုင်သည်။ ရခိုင်တွင်လည်း မြို့နယ်အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို စတင် တိုက်ခိုက်နေပြီ ဖြစ်၏။
သို့ဖြစ်ရာ ယခင်က မြန်မာစစ်သည်သာ နောက်ဆုံးတွင် အနိုင်ရမည်၊ မြန်မာစစ်တပ်သာ အသာစီးက ထိန်းချုပ်နိုင်မည်၊ မြန်မာစစ်တပ် မပြိုကွဲနိုင်၊ မြန်မာ့နိုင်ငံရေးတွင် မြန်မာစစ်တပ်ကို ဖယ်ရှား၍မရဟု တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ယူဆထားကြသည့် ပြည်တွင်းပြည်ပမှ ပညာရှင်ဆိုသူများ၊ ပြည်ပနိုင်ငံအချို့မှ အစိုးရများ၏ အမြင်များ မှားယွင်းပြီး စစ်တပ်ပြိုကွဲနိုင်သည်ဟု အများက လက်ခံလာကြခြင်း၊ အမြင်အယူအဆ ပြောင်းလာခြင်းသည် ၁၀၂၇ စစ်ဆင်ရေး၏ ပြင်းထန်သည့် ရိုက်ချက်ကြောင့် ဖြစ်လာသည့် သိသာထင်ရှားသည့် အချက်ဖြစ်၏။
တတိယအချက်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်သည် တပြည်လုံးရှိ လက်နက်ကိုင် တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများကို စိတ်ဓာတ်ခွန်အား ပေးသကဲ့သို့ စစ်ရေးအရလည်း အပြန်အလှန် အထောက်အကူပြုသည်။
တတိယအချက်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်သည် တပြည်လုံးရှိ လက်နက်ကိုင် တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများကို စိတ်ဓာတ်ခွန်အား ပေးသကဲ့သို့ စစ်ရေးအရလည်း အပြန်အလှန် အထောက်အကူပြုသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် အင်အားချိနဲ့သွားသည့် မြန်မာစစ်တပ်သည် စစ်အင်အားများကို ဖြန့်ခွဲသုံးရသည်ဖြစ်ရာ တိုင်းပြည်နေရာအနှံ့၌ တော်လှန်ရေးအောင်ပွဲများ တိုးချဲ့လာနိုင်ခဲ့၏။ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နယ်မြေများတွင်သာမက စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင်ပါ ချေမှုန်းရေးတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့၏။
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ တပ်မ ရှေ့တန်း၊ နောက်တန်း ဌာနချုပ်များ၊ ဗျူဟာရုံးများအပါအဝင် စခန်းပေါင်း ၂,၅၀၀ မှ ၃,၀၀၀ ကြားအထိ သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးအရင်းအမြစ်များက ဆိုပါသည်။
ထိုပမာဏသည် မြန်မာစစ်တပ် စခန်းအရေအတွက်၏ တဝက်ခန့်ဖြစ်သည်ဟုသိရ၏။ တပြည်လုံးအနှံ့ စစ်တပ်နှင့်ရဲအင်အား သောင်းနှင့်ချီ သေကြေ၊ ဒဏ်ရာရခဲ့ပြီး သောင်းနှင့်ချီ၍ ဖမ်းဆီးခံရ၊ လက်နက်ချခဲ့ရ၏။ ထို့ပြင် သောင်းနှင့်ချ၍ ဘက်ပြောင်းခဲ့ကြ၊ တပ်ကိုစွန့်ခွာခဲ့ကြ၏။ တိုင်းစစ်ဌာနချုပ်တခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လေးခုအပါအဝင် တပ်ရင်းတပ်ဖွဲ့ ဌာနချုပ် ၁၃၀ ကျော် စစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွားသည်ဟု စစ်ရေးကျွမ်းကျင်သူများ၏ သုတေသနပြုချက်များအရ သိရ၏။
၁၀၂၇ စစ်ဆင်ရေး မတိုင် ဦးစွာ မြို့သိမ်းသည်မှာ ကရင်နီနယ်ရှိ မယ်စဲ့မြို့ ဖြစ်၏။ သို့သော် နယ်စွန်နယ်ဖျားဖြစ်၍ အရေးမပါ၊ အချိန်မရွေး ပြန်သိမ်းနိုင်သည်ဟု မှတ်ယူထားကြသော်လည်း ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း မြို့ပေါင်း ၈၅ မြို့ခန့်ထိ ဆက်တိုက်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ် ပြန်လည် သိမ်းနိုင်သည်မှာ မြေအနေအထားအရ ခံစစ်ဆင်ရန် မကောင်းသည့် ကောလင်းတမြို့သာ ရှိ၏။
လက်ရှိအချိန်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းသည်မှာ မြို့ ၄၀ ခန့်ရှိပြီး ကချင်၊ ချင်း၊ ကရင်နီ၊ ကရငနှင့် PDF အင်အားစုများက သိမ်းပိုက်သည်မှာ ၄၅ မြို့ခန့် ရှိသည်ကို တွေ့ရ၏။ ထို့ပြင် ထိုမြို့များကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်း မရှိသကဲ့သို့ ပြန်လည် သိမ်းပိုက်ရန် မလွယ်ကူတော့သည်ကို တွေ့မြင်နေရ၏။
စတုတ္ထအချက်မှာ မြောက်ပိုင်းသုံးဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်မ နွေဦးတော်လှန်ရေး အင်အားစုများ အပြန်အလှန် အထောက်အကူပြုသကဲ့သို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြခြင်းကို ၁၀၂၇ စစ်ဆင်ရေးတွင် ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့ရ၏။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီ စစ်တပ်၏ အဓိက စစ်ရေးပစ်မှတ်သည် ရခိုင်နှင့် ရှမ်းမြောက်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ကချင်စစ်ပွဲကိုလည်း ၂၀၁၈ နှစ်လယ်မှစ၍ ထိုးစစ်များ ရပ်တန့်ထားပြီဖြစ်၏။ သို့ဖြစ်ရာ အာဏာသိမ်းသည့်အချိန်တွင် မြောက်ပိုင်းသုံးဖွဲ့ လှုပ်ရှားရာ ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်တပ်အင်အား အများဆုံး စုဖွဲ့ထားရှိခဲ့၏။
၂၀၂၀ နှစ်ကုန် အာဏာသိမ်းရန် ရည်ရွယ်ပြီး ရခိုင်တွင် အပစ်ရပ်ထား၏။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တပြည်လုံးအနှံ့ ခုခံတော်လှန်စစ်ပွဲများ ဖြစ်ပွားလာသောအခါ စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ရခိုင်တွင် ထိုးစစ်များ ရပ်ဆိုင်းထားသည့်အပြင် နောက်ပိုင်းတွင် တပ်အင်အားများပင် တဖြည်းဖြည်း လျှော့ချထားခဲ့၏။
၂၀၂၁ ခုနှစ်နှင့် တပြည်လုံးအနှံ့ ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေး အရှိန်ကြောင့် မြောက်ပိုင်းသုံးဖွဲ့သည် စစ်ကောင်စီ ထိုးစစ်ဒဏ်မှ လွတ်ပြီး ၎င်းတို့ တပ်ဖွဲ့များအား စစ်အင်အားဖြည့်တင်းခြင်း၊ တပ်သစ်များ ဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း ဖြည့်တင်းခြင်း၊ စုပုံခြင်း၊ ဘဏ္ဍာဖြည့်တင်းခြင်းများ အချိန်ယူ၍ လုပ်ဆောင်နိုင်ခဲ့သည်။ ပြင်ဆင်ချိန်ရခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး စတင်သောအခါတွင်လည်း နွေဦးတော်လှန်အင်အားစုများ၏ လှုပ်ရှားမှုများကြောင့် စစ်ကောင်စီသည် စစ်အင်အားကို လုံလောက်စွာ စုစည်းပြီး စစ်ပြင်နိုင်ခြင်း မရှိတော့ပေ။ သို့ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့အနေနှင့် အခွင့်အခါကောင်းရရှိခဲ့၏။
တချိန်တည်းတွင် PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် မြောက်ပိုင်းသုံးဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ စစ်သင်တန်းတက်ခြင်း၊ လက်နက်ခဲယမ်း အကူအညီရယူခြင်း၊ စစ်ရေးအတွေ့အကြုံ ရရှိရန် မြောက်ပိုင်းသုံးဖွဲ့အပြင် တိုင်းရင်းသားတပ်တပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကို ကူညီခဲ့၏။
PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် စစ်ရေးအတွေ့အကြုံ နည်းပါးသေးသော်လည်း တိုက်ပွဲများတွင် ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြသကဲ့သို့ စစ်မြေပြင်တွင် လိုအပ်သည့် နည်းပညာ၊ ဆေးပညာတို့တွင် ပြန်လည် အားဖြည့်ပေးပြီး ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့ကြ၏။
PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် စစ်ရေးအတွေ့အကြုံ နည်းပါးသေးသော်လည်း တိုက်ပွဲများတွင် ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြသကဲ့သို့ စစ်မြေပြင်တွင် လိုအပ်သည့် နည်းပညာ၊ ဆေးပညာတို့တွင် ပြန်လည် အားဖြည့်ပေးပြီး ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်း/မန်း စစ်ဆင်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့ကြ၏။
တဖက်တွင်လည်း ၁၀၂၇ စစ်ဆင်ရေး၏ အောင်ပွဲများသည် ပြည်မ နွေဦးတော်လှန်ရေး အင်အားစုများကို စိတ်အားတက်ကြွစေသည့်အပြင် စစ်ရေးအရလည်း အထောက်အကူပြုခဲ့သည်ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေးအား ပြည်မလူထုက တက်တက်ကြွကြွ ထောက်ခံခဲ့ကြ၏။ ၁၀၂၇ စစ်ဆင်ရေး၌ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပြီ အောင်ပွဲများကို မျှဝေခံစားခဲ့ကြသည်ဖြစ်ရာ တဖက်နှင့်တဖက် စစ်ရေးအရသာမက နိုင်ငံရေးယုံကြည်မှုကို လက်တွေ့ကျကျ တည်ဆောက်လာနိုင်ခဲ့ကြသည်။
ပဉ္စမအချက်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်ပြည်၏ မြန်မာပြည်နှင့် ပတ်သက်သည့် သဘောထားကို ရှင်းလင်းစွာ မြင်တွေ့ကြရ၏။ တရုတ်တို့သည် အခြားပညာရှင်ဆိုသူ အချို့နည်းတူ နောက်ဆုံးတွင် မြန်မာစစ်တပ်က အခြေအနေကို ထိန်းနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သုံးလပင်မပြည့်မီတွင် မြန်မာစစ်တပ် အရှုံးကြီးရှုံးပြီး လားရှိုးကိုပင် ခြိမ်းခြောက်လာသည်ဖြစ်ရာ မြန်မာစစ်တပ်ကို အသက်ဆက်ပေးရန်အတွက် ဟိုင်ဂင်သဘောတူညီချက်ကို ဇွတ်အတင်း ဖိအားပေး၍ ဖန်တီးခဲ့သည်။
တဖန် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်ပြီး လားရှိုးနှင့် ရှမ်းမြောက်ရှိ မြို့များအား သိမ်းပိုက်နိုင်သည့်အခါ တရုတ်နယ်စပ်တလျှောက် ဖြတ်ငါးဖြတ် ပြုလုပ်ပြီး စစ်ကောင်စီတပ်အား အကူအညီပေးခဲ့၏။ ထို့ပြင် လားရှိုးကျပြီး ဆယ်ရက်အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာပြည်သို့လာပြီး မြန်မာပြည်တွင် စည်းသုံးစည်းကျော်၍မရဆိုကာ မြန်မာပြည် ပြည်တွင်းရေးအား ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ခဲ့၏။
ထို့ပြင် ပြည်မရှိ PDF နှင့် နွေဦးတော်လှန်ရေး သက်သက်ဆိုလျှင် စစ်တပ်ကို ယှဉ်နိုင်ဖွယ်မရှိ။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းမှသာ စစ်တပ်ကို ဖြိုခွဲနိုင်မည်ဟု တရုတ်တို့ ယူဆပြီး မြောက်ပိုင်းအဖွဲ့များကို စစ်ကောင်စီအား မတိုက်ရန် ဖိအားပေးသည်သာမကဘဲ PDF များနှင့် မပူးပေါင်းရန် ဗြောင်အတိအလင်း ဖိအားပေးပြီး မြန်မာပြည်တော်လှန်ရေး အင်အားစုများကို သွေးခွဲနေသည်ကို တွေ့ရ၏။
တရုတ်တို့က တိုင်းရင်းသားအဖွဲ့များအား အပစ်ရပ်ရန် ဖိအားပေးခြင်းမှာ မြန်မာပြည် ငြိမ်းချမ်းရေးဟု ဆိုနေသော်လည်း လက်နက်ကိုင် အကြမ်းဖက် အာဏာသိမ်းသော စစ်ကောင်စီ၏ လုပ်ရပ်အားလည်းကောင်း၊ ပြည်သူလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဗုံးကြဲ၍ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များအားလည်းကောင်း လုံးဝ ကန့်ကွက်ခြင်းမရှိဘဲ စစ်ကောင်စီ၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားခြင်းက ပြသနေသည်မှာ တရုတ်တို့ ပြောနေသည့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆိုသည်မှာ သမာသမတ် မကျပေ။
တကယ်တမ်းအားဖြင့် မြန်မာစစ်တပ် မပြိုကွဲနိုင်ဟု ယူဆထားသည့်တရုတ်တို့ မြန်မာစစ်တပ် ပြိုကွဲနိုင်သည်ကို မြင်တွေ့လာသောအခါ တရုတ်အကျိုးစီးပွားအတွက် မျက်ကလူးဆန်ပြာ လှုပ်ရှားလာခြင်းသာဖြစ်၏။

တရုတ်တို့က မြန်မာလူထုအား ကျောခိုင်းပြီး တရုတ်တို့၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် မြန်မာစစ်တပ်အား အသက်ဆက်ပေးရန် ကြိုးစားနေသော်လည်း မြန်မာစစ်တပ်နှင့် သူ၏ ထောက်ခံသူများက တရုတ်သည် မြောက်ပိုင်းအဖွဲ့များကို နောက်ကွယ်က ထောက်ပံ့နေသည်ဟု ယူဆပြီး တရုတ်အား အယုံအကြည် မရှိပေ။
အလားတူ မြောက်ပိုင်းဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပြည်မ လူထုကလည်း စစ်အုပ်စုကို အသက်ဆက်ပေးရန် ကြိုးစားနေသည့် တရုတ်အား အယုံအကြည်မရှိ ကြပေ။ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသည့် တရုတ်အနေအထားမှာ “မျောက် သစ်ကိုင်းလွတ်” ဖြစ်နေသည်ဟုဆိုပါမည်။
အလားတူ မြောက်ပိုင်းဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပြည်မ လူထုကလည်း စစ်အုပ်စုကို အသက်ဆက်ပေးရန် ကြိုးစားနေသည့် တရုတ်အား အယုံအကြည်မရှိ ကြပေ။ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသည့် တရုတ်အနေအထားမှာ “မျောက် သစ်ကိုင်းလွတ်” ဖြစ်နေသည်ဟုဆိုပါမည်။
မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့များအနေနှင့်မူ တရုတ်၏ ဖိအားပေးမှုများသည် မမျှတဘဲ ဘက်လိုက်နေသည့်အပြင် ဤပုံအတိုင်းဆက်သွားပါက မြောက်ပိုင်းအဖွဲ့များအနေဖြင့် တရုတ်၏ ဗိုလ်ကျမှုကို အမြဲလိုကြုံရဖွယ်ရှိနေရာ ပြည်မ တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ပိုမို ပူးပေါင်းဆောင်ရွက်ရမည်ကို လက်တွေ့ကျကျ ပိုမိုနားလည်လာကြ၏။
ဤသည်မှာ တရုတ်တို့က မြန်မာတိုင်းရင်းသားလူထုအကျိုး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကျိုးကို မကြည့်ဘဲ တရုတ်အကျိုးစီးပွားသက်သက်ကြည့်ပြီး အတင်းဖိအားပေး ဗိုလ်ကျသည့်အတွက် ဖြစ်လာသည့် အကျိုးဆက်ဖြစ်ပေသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသည့် ထင်ရှားသည့်အချက်တခု ဖြစ်၏။
အလှည့်အပြောင်း
ချုပ်၍ ဆိုရလျှင် ၁၀၂၇ စစ်ဆင်ရေး၏ အောင်ပွဲများသည် မြန်မာစစ်တပ် ပြိုကွဲနိုင်သည်ကို လက်တွေ့ သက်သေပြလိုက်သည်။ PDF အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများအကြား အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်သကဲ့သို့ စစ်ရေးအရ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြ၏။
တရုတ်တို့၏ စွက်ဖက်မှုရလဒ်ကြောင့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများကြား စစ်ရေးအရသာမက နိုင်ငံရေးအရပါ ပူးပေါင်းဆောင်ရွက်ရမည်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာကြ၏။
စစ်အာဏာရှင်စနစ်အား ဖျက်သိမ်းပြီး တပြည်လုံးအောင်ပွဲခံရန်အတွက် အခက်အခဲများစွာဖြင့် တိုက်ပွဲများစွာကို ကျော်ဖြတ်ရဦးမည်မှာ မလွဲမရှောင်သာ ဖြစ်ပါသည်။ ၁၀၂၇ စစ်ဆင်ရေးကမူ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး၊ နွေဦးတော်လှန်ရေးအတွက် အလှည့်အပြောင်းတရပ်ဖြစ်စေခဲ့သည်ကတော့ ငြင်းပယ်၍ မရနိုင်ပေ။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး (ရုပ်/သံ)
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
စစ်ကောင်စီ ထပ်မံအထိနာနေတဲ့ ၁၀၂၇ ဒုတိယလှိုင်း (ရုပ်/သံ)
ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”














