ယနေ့ကာလ နွေဦးတော်လှန်ရေးတွင် ပြည်မမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ပွဲဝင်နေသူများ၊ NUG/ PDF များသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွဲ၍ လက်နက်ကိုင်ခုခံစစ်ပွဲကို ဆင်နွှဲနေသည်။ သို့ဖြစ်ရာ ပြည်မမှ တော်လှန်သူများနှင့် NUG/ PDF တို့နှင့် ပတ်သက်ပြီး နိုင်ငံရေးအရ အရေးပါသည့် ခေါင်းဆောင်မှု ရယူထားသည့် NLD နှင့် NLD အများစုပါသည့် CRPH တို့သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ရှင်းလင်းသည့် အမြင်များ၊ မူဝါဒ ချမှတ်ထားရန် လိုသကဲ့သို့ ပြည်မမှ ခုခံတော်လှန်သူများသည်လည်း တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ အမြင်ရှင်းလင်းရန် လိုသည်။
ပထမအချက်အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းသော အမြင်တရပ်အား ပြန်လည်သုံးသပ်ရန် လိုအပ်၏။ ဤအချက်သည် ပြည်မဒီမိုကရက်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်သည့် မတူညီခဲ့သော သဘောထား ပြန်လည်သုံးသပ်ခြင်းလည်း ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရာတွင်လည်း အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် စတင်ဖွဲ့စည်းကတည်းက ၂၀၂၀ အထိ NLD သည် လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ခြင်းမပြုဘဲ၊ ဥပဒေတွင်း တိုက်ပွဲကိုသာ ရွေးချယ်ခဲ့ပြီး ၂၀၁၂ မှစ၍ ဥပဒေတွင်း လွှတ်တော်နိုင်ငံရေးလမ်း ကြောင်းကို ရွေးချယ်ခဲ့၏။
NLD အစိုးရ ဖွဲ့နိုင်ခဲ့ပြီး နောက်ပိုင်း NLD ခေါင်းဆောင်ပိုင်းနှင့် ပြည်မမှ ဒီမိုကရက်တချို့သည် တိုင်းရင်းသားလူမျိုးတို့၏ လက်နက် ကိုင်တော်လှန်ရေးနှင့် ပတ်သက်၍ နားလည်ပေးမှုမရှိဘဲ၊ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်
ဤအချက်သည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် NLD အကြား တိုက်ပွဲပုံသဏ္ဍာန် အခြေခံကွဲလွဲချက်တခု ဖြစ်ခဲ့သည်။ ထို့အပြင် NLD အစိုးရ ဖွဲ့နိုင်ခဲ့ပြီး နောက်ပိုင်း NLD ခေါင်းဆောင်ပိုင်းနှင့် ပြည်မမှ ဒီမိုကရက်တချို့သည် တိုင်းရင်းသားလူမျိုးတို့၏ လက်နက် ကိုင်တော်လှန်ရေးနှင့် ပတ်သက်၍ နားလည်ပေးမှုမရှိဘဲ၊ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သည်ကို တွေ့ရ၏။
NLD ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးများနှင့် ပတ်သက်၍ “ကိုယ်လိုချင်တာ လွယ်လွယ်ရမယ်ထင်လို့ လက်နက်ကိုင်တာ”၊ “လက်နက်တိုက်ရင် တိုင်းရင်းသား ဒေသတွေ နာမှာပေါ့” ဟူသည့်စကားများ ပြောဆိုခဲ့ရာ NLD သည် လက်နက်ကိုင်လမ်းကြောင်းကို မရွေးချယ်သည်သာမက၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများကို နားလည်မှု မပေးနိုင်သည်ကို လည်းကောင်း၊ အပြစ်တင်ပြောဆိုခဲ့သည်ကိုလည်းကောင်း တွေ့နိုင်သည်။
လက်နက်ကိုင်တော်လှန်ရေး ဆိုသည်မှာ ဥပဒေဘောင်တွင်း၌ အကြမ်းဖက်ခံရ၍ မလွှဲမရှောင် ခုခံတော်လှန်ရသည်၊ မိမိတို့၏ အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းမှ တောင်းဆိုရယူရန် အခွင့်အလမ်းမရှိ၊ အဖိနှိပ် ခံရခြင်းတို့ကြောင့် ပေါ်ပေါက်လာရသည် ဆိုသည်ကို မူဝါဒ တရပ်အဖြစ် ကြည့်မြင်ရန်လို၏။
လက်ရှိ နွေဦးတော်လှန်ရေး လက်နက်ကိုင်ခုခံစစ်ပွဲသည် စစ်တပ်၏ မတရား ဖိနှိပ်မှုကြောင့် လည်းကောင်း၊ လက်နက်အင်အားနှင့် အကြမ်းဖက်မှုကြောင့် လည်းကောင်း၊ ပြည်သူလူထုက ရွေးချယ်စရာမရှိတော့ဘဲ မလွှဲမရှောင်သာ လက်နက်ကိုင် ခုခံစစ်ဆင်ရခြင်းဖြစ်၏။ ဤနွေဦးတော်လှန်ရေး လက်နက်ကိုင်ခုခံစစ်ပွဲတွင် NLD နှင့် CRPH အပါအဝင် ပါဝင်လာသူတို့အနေဖြင့် မိမိတို့ လက်နက်ကိုင်ခုခံတော်လှန်သည်မှာ မှန်ကန်သည် ဆိုပါက တိုင်းရင်းသာများ၏ လက်နက်ကိုင်တော်လှန်ရေးအား လွဲချော်သုံးသပ်ခဲ့သည်ကို ပြန်လည် တည့်မတ်ရန် လိုသည်။
လက်ရှိနွေဦးတော်လှန်ရေး လက်နက်ကိုင်ခုခံစစ်ပွဲသည် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှု အောက်တွင် လူထုက ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်သည့် အခြေအနေ ပေါ်ပေါက်လာသည် ဖြစ်ရာ လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းသည့် အမြင်တရပ်အား ဖော်ထုတ်ရန်လိုသည်။ မူဝါဒတရပ် လိုသည်။
ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေး လက်နက်ကိုင်ခုခံစစ်ပွဲသည် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှု အောက်တွင် လူထုက ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်သည့် အခြေအနေ ပေါ်ပေါက်လာသည် ဖြစ်ရာ လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍ ရှင်းလင်းသည့် အမြင်တရပ်အား ဖော်ထုတ်ရန်လိုသည်။ မူဝါဒတရပ် လိုသည်။ သို့မှသာ ခိုင်မာသော ရပ်တည်ချက်ကို ပြသနိုင်မည် ဖြစ်၏။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း ပို၍နားလည်မှု တည်ဆောက်နိုင်ပေလိမ့်မည်။
ဒုတိယအချက်အနေနှင့် လက်ရှိကာလတွင် ပြည်မမှ ခုခံတော်လှန်သူများတို့သည်လည်း စစ်အစိုးရအား လက်နက်ကိုင်တိုက်သည့် တိုက်ပွဲတွင် ပါဝင်နေကြပြီဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲပုံသဏ္ဍာန်တူနေရာ ပို၍နီးစပ်လာပြီဟု ဆိုနိုင်သည်။ သို့ဖြစ်ရာ ဘုံရန်သူဟုသည့် စကားကို အပြောများလာကြသည်။
အမှန်မှာ တိုက်ပွဲသဏ္ဍာန်တူလာ၍ ပိုနီးစပ်လာသည်ဟု ဆိုရမည်။ တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိစစ်တပ်အား လက်နက်ကိုင်တိုက်ခိုက်ကြသည့် ပြည်မမှ တက်ကြွသူများကို အမြဲတစေ ကြိုဆိုသည်သာဖြစ်၏။ ၂၀၂၁ တွင်သာမက ၁၉၈၈ တုန်းကလည်း ကူညီခဲ့သည်သာ ဖြစ်သည်။
သူတို့သည် ဘုံရန်သူဆိုသည်ထက် ဘုံတိုက်ပွဲ ပုံသဏ္ဍာန်ကို ပိုအလေးထားကြသည်။ သူတို့သာမက၊ ပြည်မတွင် နေထိုင်သူများ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းကို သူတို့ကြိုဆိုရန် အသင့်ရှိကြသည်။ ၂၀၂၁ တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများစုသည် ပြောင်အတိအလင်းသော်လည်းကောင်း၊ နောက်ကွယ်မှသော် လည်းကောင်း တက်တက်ကြွကြွ ကူညီနေကြသည်။ အကြောင်းမှာ စစ်မျက်နှာ ကျယ်လာမှ၊ စစ်မျက်နှာ အများအပြား ဖွင့်နိုင်မှ စစ်ပွဲအောင်နိုင်မည်ဆိုသည်ကို နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့ကြသော တိုင်းရင်းသားတပ်ဖွဲ့များက ပိုသိကြ၍ဖြစ်၏။
သို့သော် သတိပြုရန်မှာ ဘုံရန်သူတူသည်ဟု ဆိုနိုင်သော်လည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် NLD/CRPH အပါ ပြည်မမှ တော်လှန်သူများအကြား မတူသော နိုင်ငံရေးရည်ရွယ်ချက်များ ရှိခြင်းဖြစ်၏။ တိုင်းရင်းသားတို့ တော်လှန်နေသည့် နိုင်ငံရေးရည်ရွယ်ချက်မှာ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရေး ဖြစ်သည်။ သူတို့ဆန့်ကျင်သည်မှာ လူမျိုးကြီးဝါဒနှင့် တပြည်ထောင်စု စနစ်ကို ဖြစ်သည်။ သူတို့အတွက် စစ်အာဏာရှင်စနစ်သည် နောက်ဆက်တွဲ ပြဿနာသာ ဖြစ်သည်။
အကယ်၍ စစ်အစိုးရ ပြုတ်ကျသွားပြီးနောက် ဖဆပလ အစိုးရကဲ့သို့ တပြည်ထောင်စနစ်နှင့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လစ်လျူရှုသည့် ဗမာလူမျိုးကြီးဝါဒ ဆက်လက်ကျင့်သုံးပါက သူတို့တော်လှန်ရေး ပြီးမြောက်သည်ဟု ယူဆမည်မဟုတ်ပေ။
ကရင်၊ မွန်၊ ကရင်နီ (ကယား)၊ ရှမ်း၊ ကချင်၊ ရခိုင်တို့ စတင်လက်နက်ကိုင်၍ တော်လှန်ခဲ့သည်မှာ ဖဆပလ အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။ စစ်အစိုးရဆိုသည်က သူ့တို့အတွက် နောက်ထပ် ခေါင်းစဉ် ပြောင်းသွားသည့် ပြဿနာတရပ်သာ ဖြစ်၏။ အကယ်၍ စစ်အစိုးရ ပြုတ်ကျသွားပြီးနောက် ဖဆပလ အစိုးရကဲ့သို့ တပြည်ထောင်စနစ်နှင့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လစ်လျူရှုသည့် ဗမာလူမျိုးကြီးဝါဒ ဆက်လက်ကျင့်သုံးပါက သူတို့တော်လှန်ရေး ပြီးမြောက်သည်ဟု ယူဆမည်မဟုတ်ပေ။
တပြည်ထောင်စနစ်ကျင့်သုံးသည့် ဖဆပလ အစိုးရနှင့် စစ်အစိုးရအား သူတို့ဆန့်ကျင်သကဲ့သို့ နောက်ထပ် တပြည်ထောင်စနစ်ကျင့်သုံးမည့် အစိုးရအားလည်း သူတို့ ဆက်လက်ဆန့်ကျင်မည်သာ ဖြစ်၏။ သူတို့၏ ရည်ရွယ်ချက်သည် စစ်အစိုးရပြုတ်ကျရေး သက်သက်မဟုတ်ပေ။
တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် သူတို့၏ နိုင်ငံရေးရည်ရွယ်ချက်အတွက် သားစဉ်မြေးဆက် တိုက်ပွဲဝင်နေကြသည်ကို သတိပြုရန် လိုပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပေါင်းစည်းရေးကို ကြည့်မြင်ရာတွင် စစ်အာဏာရှင် အပြုတ်တိုက်ရေးဆိုသည့် တချက်တည်းနှင့် ကြည့်မြင်၍ မရနိုင်ပေ။
ပြီးခဲ့သော သမိုင်းကိုပြန်ကြည့်လျှင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအတွက် ပြည်မရော၊ တောင်တန်းဒေသပါ အတူ တိုက်ခဲ့ကြသည်။ လွတ်လပ်ရေး ရသောအခါ ပြည်မသားတို့အတွက် တော်လှန်ရေး ပြီးသွားသော်လည်း တိုင်းရင်းသားတို့ အခွင့်အရေးမရခဲ့ကြ၍ ဆက်လက်တော်လှန်တိုက်ခိုက်နေသည်မှာ ယနေ့တိုင်ဖြစ်၏။
ဤသို့ပင် ယခုကာလတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျသွားလျှင် ပြည်မသားတို့အတွက် တော်လှန်ရေး အောင်မြင်ပြီးဆုံးနိုင်သော်လည်း တောင်တန်းသားများအတွက်မူ သူတို့၏ အခွင့်အရေးမရပါက သူတို့၏ တော်လှန်ရေး ပြီးဆုံးလိမ့်မည်မဟုတ်ပေ။
မြန်မာပြည် လွတ်လပ်ရေးရခဲ့သော်လည်း တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုတရပ် မရရှိသဖြင့် ပြည်တွင်းစစ် နှစ် ၇၀ တိုင်ခဲ့၏။ ယခုလည်း စစ်အာဏာရှင်စနစ်ပြုတ်ကျပြီးနောက် တိုင်းရင်းသားတို့ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုတရပ် မတည်ဆောက်နိုင်ပါက ပြည်တွင်းစစ်အား ရပ်နိုင်လိမ့်မည် မဟုတ်ပေ။ တော်လှန်ရေးသည် စနစ်ဟောင်းတရပ်ကို ဖြိုချရုံနှင့်မပြီး စနစ်သစ်တရပ်ကို တည်ဆောက်ရန် လိုအပ်ပေသည်။
ဒီမိုကရေစီ ရရုံသက်သက်ဖြင့် တိုင်းရင်းသားပြဿနာ ဖြေရှင်းနိုင်မည်ဆိုသည်ကို တိုင်းရင်းသားလူမျိုးများ မယုံကြည်ပေ။ လွတ်လပ်ရေး ရရုံနှင့် တိုင်းရင်းသားလူမျိုးပြဿနာ ပြေလည်ခြင်းမရှိသည်ကို သူတို့ကြုံခဲ့ရပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရသည်။ ယခုလည်း ဒီမိုကရေစီရရုံနှင့် ဖြေရှင်းနိုင်မည်ဆိုသည်ကို သူတို့ မယုံကြည်နိုင်ပေ။
ဒီမိုကရေစီ ရရုံသက်သက်ဖြင့် တိုင်းရင်းသားပြဿနာ ဖြေရှင်းနိုင်မည်ဆိုသည်ကို တိုင်းရင်းသားလူမျိုးများ မယုံကြည်ပေ။ လွတ်လပ်ရေး ရရုံနှင့် တိုင်းရင်းသားလူမျိုးပြဿနာ ပြေလည်ခြင်းမရှိသည်ကို သူတို့ကြုံခဲ့ရပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရသည်။ ယခုလည်း ဒီမိုကရေစီရရုံနှင့် ဖြေရှင်းနိုင်မည်ဆိုသည်ကို သူတို့ မယုံကြည်နိုင်ပေ။ ဖဆပလ အစိုးရဖြစ်စေ၊ မဆလ အစိုးရဖြစ်စေ၊ စစ်အစိုးရဖြစ်စေ၊ မည်သည့်အစိုးရဖြစ်စေ သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရလျှင် တိုက်ပွဲဝင်မည်သာ ဖြစ်၏။ ဒီမိုကရေစီသည် ဘာမဆို ပျောက်နိုင်သည့် ဆေးစွမ်းကောင်းဟု တိုင်းရင်းသားလူမျိုးများ မယူဆကြပေ။
ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများက ပြည်မနိုင်ငံရေး နောက်လိုက်မလုပ်ဟု ဆိုခြင်းဖြစ်၏။ အကြောင်းမှာ သူတို့၏ နိုင်ငံရေး ရည်မှန်းချက်အတွက် သမိုင်းတလျှောက် ပြည်မနိုင်ငံရေးသမားများက အပြည့်အဝ လက်တွဲလုပ်ဆောင်သည်မှာ အလွန်ရှားပါးခဲ့သည်။ သူတို့၏ လက်နက်ကိုင် တော်လှန်ရေးအား ပြည်မနိုင်ငံရေး အင်အားစုများက ကူညီထောက်ပံ့ခဲ့သည်မှာ မရှိသလောက်ရှားပါးခဲ့သည်။ ပြောင်းပြန်အားဖြင့် ၁၉၈၈ တွင်ပထမအကြိမ်၊ ၂၀၂၁ တွင် ဒုတိယအကြိမ် ပြည်မနိုင်ငံရေး အင်အားစုများကို သူတို့ကသာ ကူညီနေခဲ့ရသည်။
သူတို့အဖို့ သူတို့အရေးအတွက် ပြည်မနိုင်ငံရေးနောက်လိုက်သည်ထက် ကိုယ့်လမ်းကိုယ်ဖောက်ရန်သာ ရှိ၏။ ကိုယ့်လမ်းကိုယ့်ဖောက်ခဲ့၍သာ ဝ ကဲ့သို့ ဒေသမျိုး ပေါ်ပေါက်လာသည်။ ပြည်မနိုင်ငံရေးနောက်လိုက်၍ ပေါက်မြောက်ခဲ့သည့် တိုင်းရင်းသားလူမျိုးဒေသကို အနှစ် ၇၀ ကျော်အတွင်း လက်ညှိုးထိုးပြစရာ မရှိသည်ကို သတိပြုရန် လို၏။ သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက်အား ကောင်းစွာ သဘောပေါက်ရန် လိုသည်။
ပင်လုံစာချုပ်သည် တောင်တန်းပြည်မ ပေါင်းစည်းရေးအတွက် ပြည်မ ဗမာခေါင်းဆောင်များနှင့် တိုင်းရင်းသား လူမျိုးများအကြား သဘောတူညီမှုရရှိထားသည့် ပထမဆုံးနှင့် တခုတည်းသော သဘောတူစာချုပ်ဖြစ်သည်။ အခြားစာချုပ်မရှိပေ။
တတိယအချက်အနေနှင့် တိုင်းရင်းသားတို့အတွက် တောင်တန်းပြည်မ ပေါင်းစည်းရာတွင် အရေးကြီးသည့် အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ NLD အစိုးရကာလက ပင်လုံစာချုပ်သည် ခေတ်မမီတော့ဟု ပြောဆိုခဲ့ဘူး၏။ အမှန်မှာ ပင်လုံစာချုပ်သည် တောင်တန်းပြည်မ ပေါင်းစည်းရေးအတွက် ပြည်မ ဗမာခေါင်းဆောင်များနှင့် တိုင်းရင်းသား လူမျိုးများအကြား သဘောတူညီမှုရရှိထားသည့် ပထမဆုံးနှင့် တခုတည်းသော သဘောတူစာချုပ်ဖြစ်သည်။ အခြားစာချုပ်မရှိပေ။ သို့ဖြစ်ရာ ဗမာ ဒီမိုကရက် ခေါင်းဆောင်များ အနေဖြင့် ပင်လုံစာချုပ်ကို တန်ဖိုးထားရန် လိုအပ်သည်။
ပင်လုံစာချုပ်တွင် ယနေ့ခေတ်ကာလနှင့် မကိုက်ညီတော့သော အချက်အလက်များ ပါဝင်နေသည်ဟု ဆိုနိုင်သော်လည်း တိုင်းရင်းသား ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ရရှိစေရမည်ဆိုသည့် အချက်ကတော့ ပင်လုံစာချုပ်၏ အနှစ်သာရအဖြစ် ရှိနေဆဲ ဖြစ်၏။ ထိုအချက်အား NLD/CRPH အပါ ပြည်မမှ ဒီမိုကရက်များကလည်း အသိမှတ်ပြုရန် လိုအပ်ပေသည်။
ခွဲထွက်ခွင့်ပါသည့် အချက်အား ကြောက်ရွံ့စရာ မလိုပေ။ ခွဲထွက်ခွင့်အပါ ကိုယ်ပိုင်ပြဌာန်းခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်၏။ မူဝါဒဖြစ်၏။ အစွန်းရောက်အယူအဆ မဟုတ်ပေ။ လက်တွေ့တွင် မှန်ကန်စွာ ဖြေရှင်းရန်သာ လို၏။ သို့မဟုတ်ပါက ဗမာ ခေါင်းဆောင်များသည် ပင်လုံစာချုပ် ကတိကဝတ်များကို ဖောက်ဖျက်ခဲ့သည်ဆိုသည့် တိုင်းရင်းသား လူမျိုးများ၏ အမြင်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သူတို့၏ သံသယကို ချေဖျက်နိုင်မည် မဟုတ်ပေ။
စတုတ္ထ အချက်အနေနှင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်သော NLD ခေါင်းဆောင်ပိုင်းနှင့် ပြည်မမှ ဒီမိုကရက်တချို့တွင် အမှားနှင့် အားနည်းချက်ရှိသည်ကို သတိပြု ပြုပြင်ရန်လို၏။ လက်ရှိ NUG ကို အဓိက ထောက်ခံပေးထားသော KIA ခေါင်းဆောင်များကပင် NLD ခေါင်းဆောင်၏ အမှား (ဝါ) အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ထောက်ပြနေသည်ကို မြင်တွေ့ရသည်။ စစ်အုပ်စုအနေနှင့် အဓိက အမှားများကို ကျူးလွန်ခဲ့သည်က အမှန်ပင် ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကို စစ်အုပ်စုခေါင်းပေါ် ပုံချ၍မရပေ။
NLD အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ တာဝန်ယူသင့် ယူထိုက်သည်ကိုတော့ ယူရမည်ဖြစ်၏။ အမှားကို မြင်ခြင်း၊ ပြင်ခြင်းသည် ကောင်းသောကိစ္စဖြစ်သည်။
NLD အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ တာဝန်ယူသင့် ယူထိုက်သည်ကိုတော့ ယူရမည်ဖြစ်၏။ အမှားကို မြင်ခြင်း၊ ပြင်ခြင်းသည် ကောင်းသောကိစ္စဖြစ်သည်။ အမှားကို မမှားသကဲ့သို့ ပြုမူခြင်းက အမှန်အတိုင်း ဖြစ်စေဖို့ ပို၍ခက်ခဲစေ၏။ အမှားကို မြင်ပါမှ ဘာကြောင့် မှားရသည်ဆိုသည်ကို မှန်ကန်စွာ သုံးသပ်နိုင်မည် ဖြစ်သည်။
အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်ပြီး NLD အစိုးရ တက်ခါစက မျှော်လင့်မှု ကြီးမားခဲ့သော်လည်း မကြာခင်မှာပင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တိုင်း လိုလို စိတ်ပျက်ခဲ့သည်ကတော့ အရှိတရားဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ် တည်ဆောက်နိုင်ရန်အတွက်သော် လည်းကောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတရပ် တည်ဆောက်နိုင်ရန်အတွက်သော် လည်းကောင်း NLD နှင့် NLD အများစုပါသော CRPH နှင့် ပြည်မမှ ဒီမိုကရက်များသည် လွန်ခဲ့သော အချိန်ကာလက တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ မိမိတို့ ကိုင်တွယ်ကြည့်မြင်ပုံ အမှားများ၊ အားနည်းချက်များကို မြင်ရန် ပြင်ရန်လိုသည်။
NLD အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ အမှားမရှိခဲ့ပါဟု ဆိုပါက တိုင်းရင်းသားတို့ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
မြန်မာပြည်၏ တိုင်းရင်းသားအရေး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အရေးသည် အခြားနိုင်ငံများတွင် ပုံစံတူ ရှာမရသည့် ထူးခြားသည့် ပြဿနာဖြစ်ရုံသာမက၊ သာမန်ကြည့်မြင် ဖြေရှင်းမရသည့် ပြဿနာ ဖြစ်၏။ ပြည်တွင်းစစ် နှစ် ၇၀ ကျော်ကြာ ဖြစ်ပွားနေဆဲ ပြဿနာဖြစ်၏။ အလွယ်တကူ ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာလည်း ဖြစ်သည်။
ထို့အပြင် NLD/CRPH နှင့် ပြည်မမှ ခုခံတော်လှန်သူများ အတွက်ဆိုလျှင် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် နိုင်ငံရေး၊ စစ်ရေး ပြဿနာ ဖြစ်သကဲ့သို့ ငြိမ်းချမ်းသည့်၊ ဖွံ့ဖြိုးသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာလည်းဖြစ်ပေရာ အထူးအလေးထား ကိုင်တွယ်သွားရန် လိုအပ်ပေသည်။
You may also like these stories:
ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်