နွေဦးတော်လှန်ရေးတွင် ပြည်မရှိ ခုခံတော်လှန်ရေးသမား အများစု၏ ခေါင်းဆောင်နေရာ ရယူထားပြီး NUG ၏ ကျောရိုးအဖြစ် ရပ်တည်နေသည့် NLD နှင့် NLD အများစု ပါဝင်သည့် လွှတ်တော်ကိုယ်စားပြု ကော်မတီ အနေဖြင့် လက်ရှိအချိန်တွင် အမြန်ဖြေရှင်းရန်၊ အရေးတကြီးဖြေရှင်းရန် လိုအပ်သည်မှာ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်၍ ဖြစ်၏။
ဤနေရာတွင် ဖြေရှင်းရန်ဆိုသည်မှာ NUCC တွင် ဆွေးနွေးတိုင်ပင် ဖြေရှင်းရန်လိုအပ်သကဲ့သို့ တိုင်းရင်းသား လူမျိုးများ၊ ပြည်နယ်များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့်ပတ်သက်၍ လက်ရှိ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ သဘောထား၊ NLD အများစုပါဝင်သော CRPH ၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြရန် လိုအပ်နေသည်ကို ဆိုလိုပါသည်။
NLD အနေဖြင့် ဒီမိုကရေစီသည် ဦးစားပေး အကြောင်းအရာဖြစ်၏။ တိုင်းရင်းသား လူမျိုးများက တန်းတူရေး အခြေခံအပေါ်က ကြည့်မြင်၍ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဖက်ဒရယ်အရေးတို့အား ဦးစားပေးအဖြစ် သဘောထား၏။ အာဏာခွဲဝေရေးကို လိုလားကြသည်။
လက်ရှိ လက်နက်ကိုင်ခုခံစစ်ပွဲအတွင်း ပါဝင်နေပြီး တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲရန်ကြိုးပမ်းနေသော NLD နှင့် CRPH သည် ပြီးခဲ့သော ဆယ်နှစ်အတွင်း တိုင်းရင်းသားလူမျိုးများ၊ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးအမြင်အရ ကြီးမားသည့် သဘောထား ကွဲလွဲချက်များ ရှိသည်။ ထိုအချက်မှာ NLD အနေဖြင့် ဒီမိုကရေစီသည် ဦးစားပေး အကြောင်းအရာဖြစ်၏။ တိုင်းရင်းသား လူမျိုးများက တန်းတူရေး အခြေခံအပေါ်က ကြည့်မြင်၍ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဖက်ဒရယ်အရေးတို့အား ဦးစားပေးအဖြစ် သဘောထား၏။ အာဏာခွဲဝေရေးကို လိုလားကြသည်။
NLD တွင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် မူဝါဒမရှိပေ။ ဤအချက်သည် NLD နှင့် တိုင်းရင်းသား လူမျိုးများအကြား မူဝါဒဆိုင်ရာ အဓိက ကွဲလွဲချက်ဖြစ်၏။ တိုင်းရင်းသား လူမျိုးများ၊ လက်နက်ကိုင်အဖွဲ့များက ဤပြဿနာကို မူဝါဒပြဿနာအဖြစ် ယူဆခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးများအတွက် ဖက်ဒရယ်သည် ဦးစားပေးပြဿနာဖြစ်၏။ ဒီမိုကရေစီသည် လက်အောက်ခံ ပြဿနာဖြစ်သည်။ ဖက်ဒရယ်ဆိုသည်မှာ ဒီမိုကရေစီရသည်နှင့် အလိုလို ရသည့်အရာမဟုတ်ဘဲ၊ သီးခြား အလေးထား ဖြေရှင်းရမည့် ပြဿနာအဖြစ် သဘောထား၏။
သူတို့အတွေ့အကြုံအရ လွတ်လပ်ရေးယူရန်ကြိုးစားစဉ်က ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ပင်လုံကတိကဝတ်များကို ဗမာခေါင်းဆောင်များက ဖောက်ဖျက်ထားခဲ့သည်ဟူ၍ အစဉ်တစိုက် မှတ်ယူထားခဲ့သည်။ ထို့ကြောင့်လည်း သူတို့အနေဖြင့် သူတို့အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်နေရသည်ဟု သဘောထား၏။
ဤအချက်သည် တိုင်းရင်းသားလူမျိုးများနှင့် NLD အကြား အဓိက ကွဲလွဲမှုဖြစ်သည်။ တိုင်းရင်းသား လူမျိုးများက ဖက်ဒရယ်အရေး ရှေ့တန်းတင်သည်မှာ သူတို့အလွန်မဟုတ်ပေ။ လွတ်လပ်ရေးရပြီး တလျှောက်လုံး (ဖဆပလ အစိုးရနှင့် NLD အစိုးရအပါ) မြန်မာပြည်တွင် ကျင့်သုံးခဲ့သည်မှာ ပြည်ထောင်စု စနစ်မဟုတ်ခဲ့ဘဲ၊ တပြည်ထောင်စနစ်သာ ဖြစ်ခဲ့၏။ ဗဟိုအစိုးရက အကြွင်းမဲ့ အာဏာချုပ်ကိုင်ထားသည့် စနစ်ဖြစ်သည်။ စစ်အစိုးရ ကာလများဆိုလျှင် ဗဟို၏ အကြွင်းမဲ့ချုပ်ကိုင်မှု ပိုကြီးခဲ့သည်။
တိုင်းရင်းသား လူမျိုးများအတွက် ဖက်ဒရယ်ပြဿနာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပြဿနာ၊ အာဏာခွဲဝေမှု ပြဿနာ၊ သယံဇာတ ခွဲဝေမှု ပြဿနာများသည် သူတို့၏ ဦးစားပေးပြဿနာဖြစ်၏။ ထိပ်တန်းဖြစ်၏။ ထိုပြဿနာအားလုံး၏ အရင်းခံသည် ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်၏။
ပြည်ထောင်စုစနစ်မဟုတ်ဘဲ၊ တပြည်ထောင်စနစ် ကျင့်သုံးခဲ့သည်ဟု ပြောရခြင်းမှာ ပြည်နယ်များအား ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို ခွဲဝေပေးခြင်း မရှိသည့်အပြင်၊ ပြည်နယ်များ၏ သယံဇာတ ခန့်ခွဲမှုနှင့်ပတ်သက်၍ ဗဟိုအစိုးရက လုံးဝ ချုပ်ကိုင်ထား၍ဖြစ်၏။ သို့ဖြစ်ရာ တိုင်းရင်းသား လူမျိုးများအတွက် ဖက်ဒရယ်ပြဿနာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပြဿနာ၊ အာဏာခွဲဝေမှု ပြဿနာ၊ သယံဇာတ ခွဲဝေမှု ပြဿနာများသည် သူတို့၏ ဦးစားပေးပြဿနာဖြစ်၏။ ထိပ်တန်းဖြစ်၏။ ထိုပြဿနာအားလုံး၏ အရင်းခံသည် ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်၏။
ထိုအချက်ကို NLD နှင့် CRPH တို့က အသိအမှတ်ပြုရန်လိုသည်။ ထို့အပြင် မြန်မာပြည်ရှိ ပြည်နယ်တိုင်းလိုလိုရှိ တိုင်းရင်းသား လူမျိုးတိုင်းလိုလိုတို့က လက်နက်ကိုင်တိုက်နေခြင်းသည် မြန်မာပြည်၏ ထူးခြားချက်ဖြစ်၏။ ထိုလက်နက်ကိုင်တိုက်ပွဲများသည် လွတ်လပ်ရေးရကတည်းက အနှစ် ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြဿနာဖြစ်သည်။ ရေရှည်တည်တံံ့ခဲ့သည့် အဖွဲ့များ ရှိသကဲ့သို့ တကြိမ်တခါမျှသာမက၊ အကြိမ် ကြိမ်ရှုံးနိမ့်သွားသည့်တိုင် အကြိမ်ကြိမ်ပြန်လည်၍ ရုန်းထ လက်နက်ကိုင်ကြသည်ဖြစ်ရာ တိုင်းရင်းသား အရေးသည် သာမန်ပြဿနာမျှမဟုတ်ပေ။ အခြားတိုင်းပြည်များတွင်လည်း မတွေ့ရသည့် မြန်မာပြည်၏ ထူးခြားသည့် ပြဿနာဖြစ်၏။ သို့ဖြစ်ရာ ဤပြဿနာ၏ ထူးခြားမှုကို သတိပြုပြီး ဖြေရှင်းရန် လိုအပ်၏။
မြန်မာပြည်အား ပြည်ထောင်စုဟု သမုတ်ထားခဲ့သော်လည်း လွတ်လပ်ရေးရကတည်းက တပြည်ထောင်စနစ်ကို ကျင့်သုံးခဲ့ပြီး တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ပစ်ပယ်ထား၍ တိုင်းရင်းသားလူမျိုး အခွင့်အရေးများ ဆုံးရှုံးနေသဖြင့် တိုင်းရင်းသား ခေါင်းဆောင်တဦးက ကျနော်တို့မှာ ဘာမှ ပေးစရာမရှိဘူးဟု ဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ကာလတွင် တိုးတက်ပါသည်၊ ဒီမိုကရေစီ ဖြစ်ပါသည် ဆိုသူတချို့သည်ပင် ဤပြဿနာကို မလေးနက်ကြသဖြင့် စစ်အစိုးရကို ဖြုတ်ချပြီး ပဉ္စမနိုင်ငံတော် ထူထောင်မည်ဟု ဆိုနေသည်ကို တွေ့ရ၏။ တိုင်းရင်းသား လူမျိုးများအဖို့ ယခင် ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်မျိုးကဲ့သို့ ဗမာက အကြွင်းမဲ့အာဏာ ချုပ်ကိုင်ထားသည့်၊ အာဏာခွဲဝေမှုမရှိသည့် နိုင်ငံတော်မျိုးကို မလိုလားကြတော့သည်ကို အထူးသတိပြုရန်လိုသည်။
လူမှု ဆက်ဆံရေးတွင် လူမျိုးတမျိုးမျိုးအပေါ် တန်းတူရည်တူ ဆက်ဆံခြင်း၊ နှိမ့်ချ ဆက်ဆံခြင်းသည် သာမန် လူမှု ဆက်ဆံရေးပြဿနာမျှသာ ဖြစ်၏။ တဦးချင်းပြဿနာဖြစ်၏။ နိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုး ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်ခံခြင်း လက်မခံခြင်းသာ ဗမာလူမျိုးကြီးဝါဒ၏ စံပေတံ ဖြစ်သည်။
ဤနေရာတွင် ပြောလိုသည်မှာ ဗမာလူမျိုးကြီးဝါဒနှင့် ပတ်သက်၍ ဖြစ်၏။ တချို့က လွယ်လွယ်ပြောလေ့ ရှိသည်မှာ မိမိတို့တွင် ဗမာလူမျိုးကြီး ဝါဒမရှိ၊ မည်သည့် တိုင်းရင်းသားလူမျိုးမဆို တန်းတူရည်တူ ဆက်ဆံသည် ဟူ၍လည်းကောင်း၊ သို့မဟုတ် ငါတို့ဗမာတွေလည်း စစ်အစိုးရ၏ ဖိနှိပ်ခံရသည်ဟူ၍ လည်းကောင်းဆိုကြပြီး လူမျိုးကြီးဝါဒမရှိကြောင်း ပြောကြသည်။ တိုင်းရင်းသားများက အကဲဆတ်နေခြင်း ဖြစ်သည်ဟုပင် ဆိုကြ၏။ လူမှု ဆက်ဆံရေးတွင် လူမျိုးတမျိုးမျိုးအပေါ် တန်းတူရည်တူ ဆက်ဆံခြင်း၊ နှိမ့်ချ ဆက်ဆံခြင်းသည် သာမန် လူမှု ဆက်ဆံရေးပြဿနာမျှသာ ဖြစ်၏။ တဦးချင်းပြဿနာဖြစ်၏။ နိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုး ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်ခံခြင်း လက်မခံခြင်းသာ ဗမာလူမျိုးကြီးဝါဒ၏ စံပေတံ ဖြစ်သည်။
စစ်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ၊ ဖဆပလ အုပ်ချုပ်သည်ဖြစ်စေ၊ NLD အုပ်ချုပ်သည်ဖြစ်စေ တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ပစ်ပယ်ပြီး ဗဟိုမှ အာဏာ အလုံးစုံ ချုပ်ကိုင်ထားခြင်းသည်လည်းကောင်း၊ ပဉ္စမနိုင်ငံတော် အိပ်မက်မက်နေခြင်းသည် လည်းကောင်း ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးခြင်းဖြစ်၏။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ရုပ်တုကြီးသုံးခုဖြင့် အမျိုးသားစိတ်သွင်းနေသော မြန်မာစစ်တပ်၏ လုပ်ရပ်နှင့် အနှစ်သာရ သွား၍တူနေပေလိမ့်မည်။ ထို့အပြင် အုပ်ချုပ်သူ မဟုတ်သည့်တိုင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လက်သင့်မခံဘဲ၊ ဗဟိုမှချုပ်ကိုင်သည့် တပြည်ထောင်စနစ်ကို လိုလားနေပါက လူမျိုးကြီးဝါဒ ကျင့်သုံးနေသည်၊ လူမျိုးကြီးဝါဒအား ထောက်ခံနေသည်ဟု အဓိပ္ပာယ်ဖွင့်ရမည် ဖြစ်၏။
ထို့အပြင် တဆက်စပ်တည်းပြောရလျှင် ၈ ပြည်နယ်ပြဿနာ ဖြစ်၏။ လောလောဆယ် ပြည်နယ်သစ် တောင်းဆိုထားသည်များ၊ အမျိုးသားပြည်နယ်အဖြစ် သတ်မှတ်လိုသည့် တိုင်းများကိုပါ ထည့်သွင်း တွက်ချက်ရပါက ၈ ပြည်နယ်ထက် ပိုနိုင်ပါ၏။ ပြည်နယ်မည်မျှဖြစ်စေ ပြဿနာမှာ ဗမာပြည်နယ်ပြဿနာ ဖြစ်၏။ ဤနေရာတွင် တိုင်းရင်းသားလူမျိုးများ လိုချင်သည့် အနှစ်သာရကို ကြည့်မြင်ရန် လိုသည်။ တိုင်းရင်းသား လူမျိုးများနှင့် သက်ဆိုင်သည့် ပြဿနာများ၊ အရေးကိစ္စများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချလျှင် လူဦးရေ များသော ဗမာလူမျိုးများက အင်အားအသာဖြင့် ဆုံးဖြတ်ချက်ချသည်ကို လက်မခံနိုင်ခြင်း ဖြစ်၏။
လက်ရှိ ဗမာက တိုင်း ၇ တိုင်း ရယူထားရာ လူဦးရေ အချိုးအစားအရ လွှတ်တော်တွင် ဗမာက ကိုယ်စားလည် အရေအတွက် အများဆုံးဖြစ်နေသည်။ မည်သည့်ဆုံးဖြတ်ချက်ချချ ဗမာအများစု ဆုံးဖြတ်သည်ကို တိုင်းရင်းသားများက လိုက်နာရန်သာ ရှိသည့် အခြေအနေဖြစ်နေ၏။ တိုင်းရင်းသားလူမျိုးများ အတွက် ပြည်ထောင်စု ပုံသဏ္ဍာန်တွင် ဗဟို၏ အကြွင်းမဲ့ချုပ်ကိုင်မှု ပြီးလျှင် ရင်ဆိုင်ဖြေရှင်းရန်လိုသည့် ဒုတိယ ပြဿနာဖြစ်သည်။ NLD အစိုးရလက်ထက် ချောင်းဆုံတံတား အမည်ပေးရာတွင် လွှတ်တော်တွင် မဲခွဲ၍ အနိုင်ယူခဲ့သည့် ပြဿနာမျိုးဖြစ်၏။
အခြေခံအားဖြင့် အာဏာအရပ်ရပ်ခွဲဝေရာတွင် လည်းကောင်း၊ သယံဇာတ ခွဲဝေရာတွင်လည်းကောင်း၊ ပြည်နယ်၏ လုပ်ပိုင်ခွင့်၊ ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်၊ ဗဟိုနှင့် ပြည်နယ် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်များကို စနစ်တကျ ခွဲခြားရန်လိုအပ်၏။ ထို့အပြင် မဲခွဲဆုံးဖြတ်မည့် အမျိုးသား လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်များ၏ လုပ်ပိုင်ခွင့်နှင့် လူမျိုးအသီးသီး အချိုးကျ ပါဝင်မှုများကို လက်တွေ့ဖြေရှင်း ကျော်လွှားရန် လိုအပ်သည်။
သို့ဖြစ်ရာ ဤအခြေအနေကို ရှင်းလင်းစွာ နားလည်ပြီး အောက်ကလိအာ စကားများ ပြောမနေဘဲ၊ လက်တွေ့ မည်သို့ ဖြေရှင်းမည်ကို အာရုံစိုက်ရန်လိုသည်။ အခြေခံအားဖြင့် အာဏာအရပ်ရပ်ခွဲဝေရာတွင် လည်းကောင်း၊ သယံဇာတ ခွဲဝေရာတွင်လည်းကောင်း၊ ပြည်နယ်၏ လုပ်ပိုင်ခွင့်၊ ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်၊ ဗဟိုနှင့် ပြည်နယ် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်များကို စနစ်တကျ ခွဲခြားရန်လိုအပ်၏။ ထို့အပြင် မဲခွဲဆုံးဖြတ်မည့် အမျိုးသား လွှတ်တော် သို့မဟုတ် လူမျိုးစုလွှတ်တော်များ၏ လုပ်ပိုင်ခွင့်နှင့် လူမျိုးအသီးသီး အချိုးကျ ပါဝင်မှုများကို လက်တွေ့ဖြေရှင်း ကျော်လွှားရန် လိုအပ်သည်။
အတွေးမမှားဖို့ လိုသည်မှာ NLD ပါတီအတွင်း တိုင်းရင်းသားလူမျိုးတချို့ ပါဝင်သည်ကို ထောက်ရှုပြီး တိုင်းရင်းသား လူမျိုးစုံအား ကိုယ်စားပြုသည့် ပြည်ထောင်စုပါတီအဖြစ် မှတ်ယူခြင်းဖြစ်၏။ တိုင်းရင်းသား လူမျိုးများအား စည်းရုံးသိမ်းသွင်းပြီး ပြည်ထောင်စုပါတီအဖြစ် ပုံဖော်ခြင်းကို ဖဆပလ ခေတ်က အစပြုခဲ့သော်လည်း မပီပြင်ခဲ့ပေ။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများကို ဖျက်သိမ်းပြီး မဆလပါတီအား တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စုပါတီအဖြစ် ပုံဖော်ခဲ့သည်။ သို့သော် လက်တွေ့တွင် တိုင်းရင်းသား လူမျိုးအများစုအား စည်းရုံးသိမ်းသွင်းနိုင်ခြင်း မရှိပါ။ လက်ရှိတွင်လည်း NLD သာမက၊ ကြံ့ခိုင်ရေး ပါတီသည်လည်း သူ့ပါတီပေါ်လစီကို လက်ခံသည့် တိုင်းရင်းသားလူမျိုးများကို သိမ်းသွင်းထားသည်သာ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှ ကချင်တိုင်းရင်းသား တီခွန်မြတ်သည် ကချင် လူထုအား ကိုယ်စားမပြုနိုင်သကဲ့သို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို စွမ်းဆောင်နိုင်ခြင်း မရှိပါ။
ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုင်းမောဝ်ခမ်းသည်လည်း ရှမ်းလူထုအား ကိုယ်စားမပြုသကဲ့သို့ ရှမ်းပြည် ငြိမ်းချမ်းရေးအား စွမ်းဆောင်နိုင်ခြင်း မရှိပါ။ အလားတူပင် NLD မှ ဒေါက်တာခက်အောင်သည်လည်း ကချင်လူထုအား ကိုယ်စားမပြုနိုင်သကဲ့သို့ ကချင်ငြိမ်းချမ်းရေးအားလည်း အာမ မခံနိုင်ပါ။ NLD ပါတီမှ အယ်လ်ဖောင်ရှိုးသည်လည်း ကရင်နီ (ကယား) လူထုကို ကိုယ်စားပြု၍ ကရင်နီ ငြိမ်းချမ်းရေးကို မစွမ်းဆောင်နိုင်ပါ။ ကြံ့ခိုင်ရေးရော၊ NLD ပါ တိုးမပေါက်သည် ရခိုင်နှင့် ဝ ဆိုလျှင် ပို၍ ရှင်းလင်းလိမ့်မည်။
လက်ရှိ CRPH၊ NUG၊ PDF တို့သည် မိမိအား ထောက်ခံသည့် လူထုရှိသဖြင့် ရပ်တည်၍ ရသကဲ့သို့ ကချင်၊ ကရင်၊ ကယား၊ ရှမ်းစသည့် တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း သူတို့လူထု ထောက်ခံမှုရှိ၍ ရပ်တည်နိုင်သည်ကို သတိပြုရန်လို၏။ ထို့အပြင် ထိုပြည်နယ်များတွင် NLD က မဲအများစု ကိုယ်စားပြု ရထားသည်ဆိုသော်လည်း စစ်တပ်က အာဏာသိမ်းသည့်အခါ ထိုမဲပေးထားသည့် လူထုအကြားတွင် ရပ်တည်မရဘဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကူအညီဖြင့်သာ ရပ်တည်ရသည်ကို သတိပြုမိရန်လို၏။
ဦးညီပုအား ရခိုင်တိုင်းရင်းသား ကိုယ်စားပြုသူအဖြစ် လည်းကောင်း၊ အယ်လ်ဖောင်ရှိုးအား ကယားတိုင်းရင်းသား ကိုယ်စားပြုသူအဖြစ် သဘောထားလျှင် ရခိုင်ပြဿနာ၊ ကယားပြဿနာကို လုံးဝမဖြေရှင်းနိုင်သည်မှာ လက်တွေ့ပင်ဖြစ်၏။
ဆိုလိုသည်မှာ စနစ်တကျ စည်းရုံးထားနိုင်သော လူထုကို ဆိုလိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဩဇာသက်ရောက်သည့် တိုင်းရင်းသားလူမျိုး အများအပြားရှိသည်ကို သဘောပေါက်ရန် လိုသည်။ ဤအချက်သည် တိုင်းရင်းသားလူမျိုး ပြဿနာ ဖြေရှင်းရာတွင်လည်းကောင်း၊ တိုင်းရင်းသားလူမျိုး ကိုယ်စားပြုမှုကို ကြည့်မြင်ရာတွင်လည်းကောင်း အရေးကြီး၏။ ဦးညီပုအား ရခိုင်တိုင်းရင်းသား ကိုယ်စားပြုသူအဖြစ် လည်းကောင်း၊ အယ်လ်ဖောင်ရှိုးအား ကယားတိုင်းရင်းသား ကိုယ်စားပြုသူအဖြစ် သဘောထားလျှင် ရခိုင်ပြဿနာ၊ ကယားပြဿနာကို လုံးဝမဖြေရှင်းနိုင်သည်မှာ လက်တွေ့ပင်ဖြစ်၏။
NLD အပါ ပြည်မမှ နိုင်ငံရေးအဖွဲ့အစည်းအတိုင်းသည် မိမိစကား နားထောင်သည့် တိုင်းရင်းသား သို့မဟုတ် မိမိပေါ်လစီ လက်ခံသည့် လူမျိုးတချို့ကို မွေးရသည်မှာ လွယ်ကူပါသည်။ သို့သော် ထိုသူများသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများအား ကိုယ်စားမပြုနိုင်ဆိုသည်ကို သတိပြုရန် လိုသည်။ ထို့အပြင် ထိုအပြုအမူသည် မြန်မာပြည်တွင် မဆလ ခေတ်က စခဲ့သည့် အပြုအမူဖြစ်သည်ကို သတိပြုမူရန် လို၏။ ယနေ့ခေတ်စကားနှင့် ပြောရလျှင် ၆၂ က အချိုးတွေကို ပြုပြင်ရန် လိုပါသည်။
ထို့အပြင် အရေးပါသည့်ပြဿနာတခုမှာ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဆက်ဆံရာတွင် တန်းတူရည်တူရှိမှုဖြစ်သည်။ ဤပြဿနာသည် တိုင်းရင်းသား လူမျိုးတိုင်း၏ ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုမှုနှင့် တန်းတူရေး ပြဿနာဖြစ်၏။ ဤအချက်နှင့် ပတ်သက်၍ NLD ပါတီသည် အားနည်းချက်တခု ရှိခဲ့သည်ကို သတိပြုရန်လို၏။
၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ပါတီမှ ပြည်နယ်များသို့ လှည့်လည်တွေ့ဆုံရာတွင် NLD ပါတီ ပြည်နယ်ရုံးများတွင် တွေ့ဆုံရန် သတ်မှတ်ခဲ့သည်။ ဤသို့ သတ်မှတ်ဆုံးဖြတ်ခြင်းသည် တိုင်းရင်းသား နိုင်ငံရေးပါတီများကို ပြည်နယ်အဆင့်သာ သတ်မှတ်ခဲ့ခြင်းဖြစ်၏။ ဤအချက်ကို တိုင်းရင်းသားများက တန်းတူရည်တူ အခြေခံပေါ်က ကြည့်မြင်သည့်အခါ အဖုအထစ်များစွာ ဖြစ်ခဲ့ပြီး တွေ့ဆုံပွဲတချို့ပင် ပျက်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်များကလည်း ၎င်းတို့တိုင်းရင်းသားများအား တန်းတူရည်တူ မဆက်ဆံဟု သဘောထားကြ၏။ ၎င်းတို့သာ လက်နက်ကိုင်မထားပါက မြို့ပေါ် တိုင်းရင်းသားနိုင်ငံရေး ပါတီများကဲ့သို့ပင် အနှိမ်ခံ ဖြစ်သွားမည်ဟု မြင်ကြပြီး မြန်မာစစ်တပ်ကိုသာမက၊ NLD ပါတီကိုပါ အယုံအကြည်မရှိ ဖြစ်သွားစေခဲ့သည်ကို ပြန်လည်သုံးသပ်ရန် လိုသည်။
CRPP တွင်ပါဝင်ခဲ့သည့် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက “NLD မှာ မူမရှိဘူး၊ မူဝါဒပေါ်အခြေခံပြီး ပူးပေါင်းဖို့ မလုပ်ဘူး၊ သူတို့နဲ့ပေါင်းချင်ရင် သူတို့တပည့်လုပ်ဆိုတဲ့ သဘောဘဲရှိတယ်” ဟု ဝေဖန်ခဲ့ဖူး၏။ ဤအချက်ကိုလည်း NLD အနေနှင့် ပြန်လည်သုံးသပ်ရန်လိုသည်။ ဤတွေ့ဆုံပွဲကို ကြည့်၍ တိုင်းရင်းသား လက်နက်ကိုင်များကလည်း ၎င်းတို့တိုင်းရင်းသားများအား တန်းတူရည်တူ မဆက်ဆံဟု သဘောထားကြ၏။ ၎င်းတို့သာ လက်နက်ကိုင်မထားပါက မြို့ပေါ် တိုင်းရင်းသားနိုင်ငံရေး ပါတီများကဲ့သို့ပင် အနှိမ်ခံ ဖြစ်သွားမည်ဟု မြင်ကြပြီး မြန်မာစစ်တပ်ကိုသာမက၊ NLD ပါတီကိုပါ အယုံအကြည်မရှိ ဖြစ်သွားစေခဲ့သည်ကို ပြန်လည်သုံးသပ်ရန် လိုသည်။
တိုင်းရင်းသားများဘက်က ပါတီကြီးဝါဒ၊ လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု ရှုမြင်သည်ကို သတိပြုရန်လို၏။ လက်ရှိ နွေဦးတော်လှန်ရေးတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအား ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဟု အမည်နာမ ပြောင်းလဲခြင်းသည် ပထမခြေလှမ်းမျှသာ ဖြစ်နေသေးသည်။ ထို ပြဿနာ အားလုံး၏ အရင်းခံဖြစ်သော တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ရှင်းလင်းစွာ အသိမှတ်ပြုရေးဖြစ်၏။ ထိုအချက်အခြေခံပေါ်မှ တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်လျှင် လူဦးရေများသော ဗမာလူမျိုးက အများစုအသာဖြင့် ဆုံးဖြတ်သည်ကို တိုင်းရင်းသား လူမျိုးများ လက်မခံနိုင်ခြင်းအား ဖြေရှင်းရန်လိုသည်။
ထို့အပြင် တိုင်းရင်းသားလူမျိုး ကိုယ်စားပြုမှုဆိုသည်ကို မိမိပါတီစကား နားထောင်သူများနှင့် အမှတ်မမှားရန် လိုပေသည်။ သို့ဖြစ်ရာ ထိုအခြေခံပြဿနာနှင့် ပတ်သက်၍ NLD နှင့် NLD အများစုပါဝင်သော CRPH အနေဖြင့် ရှင်းလင်းသည့် အခြေခံမူတရပ်၊ ပေါ်လစီတရပ်ကို ထုတ်ဖော်ရန်လိုသည်။ ဤသို့ဖော်ထုတ်ရာတွင် တိုင်းရင်းသား အရေးနှင့်ပတ်သက်၍ အမှားမှန်သမျှကို စစ်တပ်ခေါင်းပေါ်သို့ ပုံချရုံနှင့်မပြီးဘဲ၊ NLD အနေနှင့် မိမိအမှား၊ မိမိအားနည်းချက်များကို ပြန်လည်သုံးသပ် ပြုပြင်ရန်လို၏။ အမှန်ကို တကယ်မြင်မှ တကယ်ပြင်နိုင် ပေလိမ့်မည်။ အမှားမရှိဟု ယူဆထားပါက အမှန်ရောက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် လက်ရှိ NUCC တွင် ဆွေးနွေးနေသည့် အာဏာခွဲဝေရေးအပါ ဖက်ဒရယ်ပြဿနာများတွင် ထိုမူဝါဒအပေါ် ရပ်တည်ချက်ခိုင်မာမှသာ၊ ရှင်းလင်းသော အမြင်ရှိမှသာ ခရီးပေါက်ပေလိမ့်မည်။
ဤပြဿနာသည် မြန်မာပြည် တိုင်းရင်းသားလူမျိုးများ ပြဿနာ၊ ပြည်နယ်ပြဿနာကို ဖြေရှင်းရာတွင် အခြေခံကျသော ပြဿနာဖြစ်သည့်အပြင်၊ လက်ရှိ ခုခံတော်လှန်စစ်ပွဲတွင် NLD၊ CRPH တို့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့စည်းရာတွင်လည်း အရေးကြီးပြဿနာတရပ် ဖြစ်၏။ ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး ဆိုသည်မှာ လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။ တိုင်းရင်းသား လူမျိုးရေးနှင့် ပတ်သက်၍ မူဝါဒ ကိစ္စဖြစ်၏။ ၎င်းနှင့် ပတ်သက်၍ ပြတ်သားရှင်းလင်းသည့် မူဝါဒမရှိပါက ပြည်ထောင်စုတရပ်ကို ထူထောင်နိုင်မည် မဟုတ်ပေ။
လက်ရှိတော်လှန်ရေးသည် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချရုံနှင့်မပြီးဘဲ၊ ဖက်ဒရယ် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေး ဖြစ်ပေရာ ခိုင်မာရှင်းလင်းသော မူဝါဒနှင့် အမြင်ရှိရန် လိုအပ်ပါသည်။
လက်ရှိတော်လှန်ရေးသည် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချရုံနှင့်မပြီးဘဲ၊ ဖက်ဒရယ် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေး ဖြစ်ပေရာ ခိုင်မာရှင်းလင်းသော မူဝါဒနှင့် အမြင်ရှိရန် လိုအပ်ပါသည်။
You may also like these stories:
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ခွန်ထွန်းဦး သို့မဟုတ် တကယ့် ရှမ်းခေါင်းဆောင်
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ