ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် ပြုလုပ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို MNDAA နှင့် တိုက်ပွဲများဖြစ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တိုင်းမှူး တက်ရောက်ခဲ့သည်။
မိုင်းလားမြို့ကို ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) ၏ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ် (NDAA) က ထိန်းချုပ်ထားပြီး PSC ဥက္ကဋ္ဌ ဦးစိုင်းလင်းမှာ ဦးဖုန်ကြားရှင်၏ သားမက်ဖြစ်သည်။ မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်၌ မတ်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် ဦးဖုန်ကြားရှင်အတွက် အောက်မေ့ဖွယ် အခမ်းအနားကို စစ်ကောင်စီ၏ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း MNDAA ပြန်ကြားရေးဌာနမှ သိရသည်။
ဦးဖုန်ကြားရှင်အတွက် အောက်မေ့ဖွယ် အခမ်းအနားကို စစ်ကောင်စီ၏ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း
အဆိုပါအခမ်းအနားကို MNDAA ၏ နိုင်ငံရေးမဟာမိတ်များဖြစ်သည့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် (EAOs) ၇ ဖွဲ့မှ ခေါင်းဆောင်အချို့ လည်း တက်ရောက်ကြသည်။
မြန်မာပြည်မြောက်ပိုင်းအခြေစိုက် EAOs များ ဈာပနအခမ်းအနား တက်ရောက်ခြင်းသည် မထူးဆန်းလှသော်လည်း MNDAA နှင့် တိုက်ပွဲများဖြစ်နေသည့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့လာခြင်းသည် အများအမြင်တွင် တမူထူးသည့် အခြေအနေဖြစ်နေသည်။
ယင်းအပြင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်တိုက်နေသည့် ကယားပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ ဗဟိုကော်မတီဝင်များလည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ ဈာပနအခမ်းအနားလာတက်သည့် အပေါ် MNDAA ၏ သဘောထား အမြင်အား သိနိုင်ရန် MNDAA ပြန်ကြားရေးဌာနတာဝန်ရှိသူထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက လတ်တလောမှတ်ချက် မပေးချင်သေးကြောင်း ပြောသည်။
“စစ်ကောင်စီဘက်က တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးရယ်၊ ဒုဦးစီးမှူး ၂ ယောက်ရယ် လာတယ်ဗျ။ တိုင်းမှူးလာတဲ့ ကိစ္စက လောလောဆယ်တော့ မှတ်ချက်မပေးချင်သေးပါဘူး” ဟု MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူ တဦးက ဆိုသည်။
ဦးဖုန်ကြားရှင်၏ ဈာပနကို မတ်လ ၃၁ ရက်နေ့အထိ မိုင်းလားမြို့တွင် ပြုလုပ်ပြီး လတ်တလော ကာလတွင် စစ်ကောင်စီနှင့် MNDAA တို့အကြား ထိတွေ့တိုက်ပွဲများ မရှိကြောင်း ၎င်းက ပြောသည်။
မင်းအောင်လှိုင်သည်လည်း ဦးဖုန်ကြားရှင် ကွယ်လွန်သွားသဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်က သဝဏ်လွှာတစောင် ပေးပို့ခဲ့သေးသည်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ဦးဖုန်ကြားရှင် ကွယ်လွန်သွားသဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်က သဝဏ်လွှာတစောင် ပေးပို့ခဲ့သေးသည်။ ယင်းသည် အစစ်အမှန် ဝမ်းနည်းခြင်းလား၊ အတုအယောင် မိကျောင်းမျက်ရည်လား သူသာ သိနိုင်မည်။ အကြောင်းမှာ ၂၀၀၉ ခုနှစ် ကိုးကန့်စစ်ဆင်ရေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးခဲ့ပြီး ဦးဖုန်ကြားရှင်နှင့် ဒုက္ခသည် ၃၇၀၀၀၀ ကို တရုတ်နိုင်ငံဘက် မောင်းထုတ်ခဲ့သောကြောင့်ပင်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူ တဦးကမူ အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေစိုက် EAOs များနှင့် အပစ်အခတ်ရပ်စဲရေး ရလိုရငြားရည်ရွယ်ကာ ဦးဖုန်ကြားရှင်၏ ဈာပနသို့ ကိုယ်စားလှယ်လွှတ်၍ လာရောက်စေခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“စကစ အနေနဲ့ ဒီဈာပနကို တက်ရောက်ပြီး ကိုးကန့်နဲ့ ငြိမ်းချမ်းရေး ရနိုင်တဲ့ အကြောင်းအချက်ကို ရှာဖွေဖို့အတွက် တက်ရောက်လာကြတယ်လို့ ယူဆပါတယ်။ စကစနဲ့ ဖက်ပြိုင်တိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက အစုံအလင် လာရောက်စုစည်းမိကြတဲ့ပွဲလည်း ဖြစ်တော့ ကျန်တဲ့အဖွဲ့တွေနဲ့တွေ့ပြီး ငြိမ်းချမ်းရေး အစရှာဖို့ရာမှာ ဦးဖုန်ကြားရှင်ရဲ့ အသုဘအခမ်းအနားဟာ အကောင်းဆုံးဖြစ်မယ်လို့ ယူဆတဲ့အတွက် သူတို့တက်ရောက်လာကြတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးက ယခင်ကလည်း မြန်မာစစ်တပ်သည် မြေပြင်တွင် ၎င်းတို့နှင့် အသေအကြေတိုက်ပွဲဝင်နေရသည့် EAO အဖွဲ့မှ ခေါင်းဆောင်တဦး ကွယ်လွန်ပါက ကိုယ်စားလှယ်စေလွှတ် ဂါရဝပြုသည့် အလေ့အထတခု ရှိခဲ့ကြောင်း ဆိုသည်။
“ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗိုလ်ချုပ်မြ သေတုန်းကတောာ့ မြထွန်းဦး (လက်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး) လာဖူးတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသူတဦးက ပြောသည်။
လိုက်လံစည်းရုံးရေး ဆင်းနေသော်လည်း မြန်မာပြည်မြောက်ပိုင်း အခြေစိုက် EAOs များနှင့် စစ်ကောင်စီအကြား လုံးဝ ပြေလည်သွားမည့် အခြေအနေမရှိ
ထို့သို့ လိုက်လံစည်းရုံးရေး ဆင်းနေသော်လည်း မြန်မာပြည်မြောက်ပိုင်း အခြေစိုက် EAOs များနှင့် စစ်ကောင်စီအကြား လုံးဝ ပြေလည်သွားမည့် အခြေအနေမရှိကြောင်း ၎င်းက ပြောသည်။
အကြောင်းအရင်းမှာ လက်ရှိတွင် MNDAA သည် ၎င်းတို့၏ ဇာတိဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်အရှေ့ခြမ်းရှိ ကိုးကန့်ဒေသသို့ ပြန်လည်ထိုးဖောက်ဝင်ရောက်ချင်နေပြီး MNDAA ၏ သဘောထားကို စစ်ကောင်စီဘက်က လက်မခံသေးသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
EAOs များသည်လည်း အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိနေသဖြင့်သာ စစ်ကောင်စီ၏ ဗိုလ်ကျစိုးမိုးမှုကို မခံရခြင်းဖြစ်သည်ဟု သဘောထားရှိနေ
အလားတူ အခြားသော EAOs များသည်လည်း အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိနေသဖြင့်သာ စစ်ကောင်စီ၏ ဗိုလ်ကျစိုးမိုးမှုကို မခံရခြင်းဖြစ်သည်ဟု သဘောထားရှိနေပြီး စစ်ကောင်စီနှင့် တိုက်ပွဲမဖြစ်သည့်တိုင်အောင် တိုက်ပွဲဖြစ်လာပါက တုန့်ပြန်နိုင်ရန် လက်နက် အသင့်အနေအထားနှင့် ပြင်ဆင်ထားရမည်ဟု ယူဆနေကြကြောင်း ၎င်းက သုံးသပ်သည်။
You may also like these stories:
တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို
နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ
ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့